Sunday, February 3, 2008

ဘလောဂါ့ရဲ့ ပွင့်အန်ချက်

ရင်ထဲထိသော စာသားများ

"It is not power that corrupts but fear. Fear of losing power corrupts those who wield it and fear of the scourge of power corrupts those who are subject to it."
[Daw Aung San Su Kyi]

Niknayman: "အာဏာရှင်လက်အောက်မှာ ကျွန်တော်တို့ ရင်သွေးတွေကျမယ့် မျက်ရည်တစ်စက်အတွက် ကျွန်တော်တို့ ရဲ့ သွေးတွေ အကျခံလိုက်တာက မိဘပီသတယ်"။

Freedom lies in being bold.
Robert Frost

Thursday, September 13, 2007

ဘလောဂါ့ရဲ့ ပွင့်အန်ချက်

လူတိုင်းသိကြတဲ့အတိုင်း ဘလောဂ့်တခုရေးတယ်ဆိုတာ လွယ်ပါတယ် ။ အကောင့်လေးဖွင့် ၊ ရေးချင်တာရေးလိုက် ။ ဒါပေမယ့် ဘလောဂ့်ရှိတိုင်း ဘလောဂါ့မဟုတ်ဘူး ။

ကျွန်မအမြင်မှာတော့ ... မြန်မာဘလောဂါ့တွေဟာ ယုံကြည်ချက်တခုတွက် ရပ်တည်နေတယ် .. တာဝန်နဲ့ပေါင်းစပ်ထားတဲ့ လွတ်လပ်ခြင်း (freedom with responsibility) တွေနဲ့ အတွေးအခေါ်တွေ ၊ ခံယူချက်တွေ ၊ အတွေ့ အကြုံတွေ ၊ နည်းပညာရပ်တွေကို ပို့စ်တွေအဖြစ် ပြန်လည်အသက်သွင်းတယ် ။ နောက်... မြန်မာပြည်မှ ပြည်သူလူထုအတွက် မြန်မာဘလောဂ့်တွေဟာ အပြင်လောကကို ဖွင့်လှစ်ပြသလိုက်တဲ့ ၊ လူတိုင်းရဲ့ အတွေးအခေါ်အမြင်တွေကို လေ့လာနိုင်တဲ့ ပြတင်းပေါက်သေးသေးလေး ဖြစ်တယ် ။

ခုတော့ လက်တဆုပ်စာ လူတချို့က ၊ အဲဒီပြတင်းပေါက်လေးကိုတောင် ပိတ်ဖို့ကြိုးစားတယ် ။ လူတွေကို အသက်၀၀ရှူနိုင်ခွင့်လေးတောင် မပေးချင်ဘူး ။

ညီညီက ဘလောဂါ့ရဲ့ သစ္စာ ၊ ဘလောဂ့်ခြင်း နှင့် အမှန်တရား ပို့စ်မှာ ခုလိုရေးသားထားပါတယ် ...
ဘလော့ဂါ စစ်မှန်လျှင် ဘလော့ဂ်ဖတ်သူ၏ အချိန်ကို လေးစားသည်။ ကိုယ်ကျိုးတစ်ခုထဲကြည့်ပြီး အထက်လူကြီး မျက်နှာရဖို့ ပေါက်ကရ ရေးနေသူကိုလည်း ဘလော့ဂါဟုပင် နာမည် မတပ်ထိုက်ပါ။ မြန်မာ ဘလော့ဂါများသည် တိုင်းပြည်နှင့်လူမျိုးကို ချစ်သည်ဟု တစာစာအော်ပြီး နှိပ်စက်ကလူ ပြုနေသူများထက် ကိုယ့်တိုင်းပြည်ကို ချစ်ကြသည်။ ထို့ကြောင့် ဝေဖန်သည်။ ထောက်ပြသည်။ ဒါကို မလုပ်ရ မရေးရ ဟု တားဆီးပိတ်ပင်ခြင်းသည် တရားမျှတမှု ရှိရဲ့လား။ “ငါတို့ကတော့ တစ်သက်လုံး ဘယ်တော့မှ မျှမျှတတ လုပ်ခဲ့တာ မဟုတ်ဘူး” ဟု ပြောလာမည် ဆိုရင်တော့ အမှန်တရားကို ဘယ်တော့မှ ဖုံးကွယ်ထားလို့ ရမည် မဟုတ်ပါ။

ဟုတ်တယ်.. ကျွန်မတို့ဘလောဂ့်တွေမှာ အမှန်တရားဆိုတာတွေကိုပဲ ရေးချခဲ့တယ် ။ နောင်လည်း အမှန်တရားတွေ ဖြစ်ရပ်မှန်တွေကိုပဲ ဆက်ရေးနေမယ် ။

တိုင်းပြည်မှာ လက်တဆုပ်စာပဲ ကြီးပွားနေတယ်ဆိုတဲ့အကြောင်း ...
ရတဲ့ဝင်ငွေနဲ့မလောက်င ပြည်သူအများစု ဆင်းရဲမွဲတေနေကြတယ်ဆိုတဲ့အကြောင်း ...
လူနေမှု အဆင့်အတန်းတွေ မိုးနဲ့မြေလို ကွာနေတယ်ဆိုတဲ့အကြောင်း ...

တခြားနိုင်ငံတွေက မျိုးဆက်သစ်တွေတွက် “ပညာရွှေအိုး ၊ လူမခိုး” ဆိုတဲ့စကားနဲ့အညီ ၊ ပညာရေးပိုင်းကို ကောင်းသထက်ကောင်းအောင် လုပ်နေချိန်မှာ ၊ မြန်မာပြည်မှာတော့ စစ်အစိုးရက ကျောင်းပိတ်ချင်တဲ့အချိန် ပိတ်တယ် ... ပြုံကျနေတဲ့ ကျောင်းသားတွေကို အမြန်ရှင်းဖို့ဆိုပြီး ၊ ခြောက်လ တစ်တန်းနဲ့ အအောင်ခိုင်းတယ် ၊ ဘွဲ့ တွေကို စာရွက်တရွက်လောက်ပဲ ဖြစ်လာအောင် လုပ်ပစ်တယ် ... ကျောင်းသားတွေ ဆူပူမှာကြောက်တာနဲ့ပဲ ၊ ကျောင်းတွေကို စနစ်တကျမရှိ အားလုံး ကစဥ့်ကလျားဖြစ်အောင် ခွဲထုတ်တယ် ... ပညာရေးစည်းမျဉ်းဆိုတာတွေက သူတို့လက်ခုပ်ထဲက ရေလိုပဲ ။

သိပ်ယဉ်ကျေးသိမ်မွေ့ ပါတယ်လို့ နိုင်ငံခြားသားတိုင်း ပြောစမှတ်ပြုရတဲ့ ၊ မြန်မာပြည်သားတွေရဲ့ ဓလေ့ကိုမှ အားမနာ ၊ လူလူချင်းမစာနာ ၊ အာဏာမြဲဖို့တခုထဲတွက် ဆူးညှောင့် ခလုတ် မှန်သမျှ ၊ ရရာနည်းနဲ့ ဖြေရှင်းတယ် ။

ဒါတွေဟာ အမှားတွေဖြစ်ပါတယ်လို့ ကျွန်မတို့အားလုံးပြောချင်တာပါပဲ ။ ဒါပေမယ့် ဖြစ်ရပ်မှန်တွေကို မြင်တွေ့ ပြီးဝမ်းနည်းစွာ အမှန်တွေပါလို့ ရေးချနေရတယ် ။

ကိုစေးထူးကလည်း သူ့ အမြင်ကို ဘလော့ဂ်& ယုံကြည်ချက်၊ ခံစားချက်၊ ရပ်တည်ချက်… ပို့စ်မှာ ခုလိုရေးသားခဲ့ပါတယ် ..
လူတိုင်းမှာ ကိုယ့်အယူအဆကို တင်ပြခွင့် ရှိပါတယ်။ လက်ခံတာ လက်မခံတာက လူ့အဖွဲ့အစည်းရဲ့ ဆုံးဖြတ်မှုပါပဲ။ အဓိကကတော့ ကိုယ့်အယူအဆ၊ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်ရှင်သန်နေတဲ့ လူ့အဖွဲ့အစည်းရဲ့ လိုလားချက် နီးစပ်နိုင်သမျှ နီးစပ်ဖို့ပါပဲ။ လူတွေရဲ့ သဘောကတော့ ရှင်းပါတယ်။ ကြိုက်ရင် ထောက်ခံမယ်၊ မကြိုက်ရင် ကန့်ကွက်မယ်။ ဒါပါပဲ။

မိမိအယူအဆကို မိမိ ကြိုက်သလို မှတ်ကျောက်တင်လို့ ရပါတယ်။ စာဖတ်တဲ့လူက သုံးသပ်ဆုံးဖြတ်သွားမှာပါပဲ။

မိမိအယူအဆနဲ့ မတူရကောင်းလားဆိုပြီး တဖက်သားကို ခြိမ်းခြောက်တာဟာ အင်မတန် အောက်တန်းကျတဲ့ လူသိမ်လူမွှားတွေရဲ့ စိတ်ဓာတ်ပါပဲ။ လူတယောက်ကို ဘယ်လို ဒုက္ခပေးရပါ့မလဲလို့ စနစ်တကျ အကွက်ချ လုပ်ဆောင်ပြီ ဆိုရင်တော့ အဲဒီလူကို `လူ´ လို့တောင် သတ်မှတ်ဖို့ အတော်ခဲယဉ်းသွားပါပြီ။ ဒါပေမယ့် ၀မ်းနည်းစရာ ကောင်းတာကတော့ ဒီနေ့ခေတ် မြန်မာပြည်မှာက လူမဟုတ်တဲ့ လူတွေရဲ့ ဒဏ်ကို လူပီသတဲ့ လူတွေက ခါးစည်းခံရတာပါ။


ကျွန်မတို့ဟာ ပြည်သူထဲက ပြည်သူတွေပါပဲ ။ မြန်မာနိုင်ငံကောင်းစားဖို့ပဲ မြင်ချင်ကြတဲ့သူတွေ ။ ဒါ့ထက် ဘာမှမပိုခဲ့ဘူး ။ မြန်မာပြည်သူပြည်သားတွေ ကမ္ဘာနဲ့ရင်ဘောင်တန်းပြီး ၊ လူတန်းစေ့နေနိုင်ဖို့ကို မျှော်လင့်မိကြသူတွေ ။ ကျွန်မတို့ဟာ ခြိမ်းခြောက်တာတွေကို လူပီသစွာ ကြောက်ချင်ကြောက်တတ်လိမ့်မယ် .. ဒါပေမယ့် ကျွန်မတို့ “ယုံကြည်ချက်တွေနဲ့ မျက်စိဖွင့် ကြောက်လို့ ရှေ့ဆက်လျှောက်မယ် ။” အရှေ့မှာချိုင့်ခွက်တွေ ရှိတယ် .. ကျွန်မတို့ ခြေလှမ်းတွေ ခိုင်မြဲဖို့လိုတယ် ။
ဒါပေမယ့် ကျနော်တို့ ခြေလှမ်းတွေကိုတော့ ရပ်ပစ်လို့ မဖြစ်နိုင်ပါဘူး။ ဆက်လျှောက်ရမှာပါပဲ။ ကျနော်တို့ ယုံကြည်ချက်တွေကို ချခင်းပြနေရအုံးမှာပါပဲ။ ကျနော်တို့ ချစ်တဲ့ ပြည်သူနဲ့ တသားတည်း ရှိနေဖို့ ကြိုးစားနေရအုံးမှာပါပဲ။ ရန်စတိုက်ခိုက်သူတွေကိုလည်း တွန်းလှန်ရအုံးမှာပါပဲ။

ဒါပေမယ့် ကျနော်တို့ `စည်းလုံးမှု´ ရှိဖို့တော့ အရင်ထက် ပိုလိုအပ်နေပါပြီလို့ ထင်မိကြောင်း တင်ပြအပ်ပါတယ်။

“စည်းလုံးခြင်းသည် အင်အား” တဲ့ ။ ဘလောဂ့်လောကကို ရိုတ်ခတ်လာတဲ့ ဒီရိုက်ချက်တွေကို တွန်းလှန်နိုင်ဖို့ ၊ ဒါဟာ အဓိကအချက်ဖြစ်တယ် ။ ဗမာဘလောဂါ့လောကမှာ စုန်းပြူးဘလောဂ့် တစ်ခုတစ်လေကလွဲလို့ ၊ အားလုံးဟာ ရင်ဘတ်နဲ့ဘလောဂ့်နေကြတဲ့ ဘလောဂါ့တွေလို့ ကျွန်မမြင်မိတယ် ။ အခြေအနေအမျိုးမျိုးကြောင့် ပတ်ဝန်းကျင်အမျိုးမျိုးမှာ ကျွန်မတို့တွေ ကျင်လည်နေကြတယ် ။ ထုတ်ဖော်ပြနိုင်ခွင့်တွေ အနည်းနဲ့အများ ကွာခြားကြမယ် ။ လိုက်နာနေတဲ့ လမ်းစဉ်တွေ တူချင်မှတူညီမယ် ။ တချို့က နီးရာဓါးကိုကြည့်နေရတာတွေ ရှိမယ် ။ ဒါပေမယ့် ကျွန်မတို့ရင်ထဲမှာ ကိန်းအောင်းနေတဲ့ တူညီသောအချက်တခုက ... မြန်မာနိုင်ငံတွက် ကောင်းစေချင်တယ် ဆိုတာပဲ ။

ဒါလေးတစ်ချက်နဲ့ပဲ ကျွန်မတို့လက်တွေကို လက်ညှိုးထိုးတဲ့နေရာမှာ အသုံးချနေမယ့်အစား ၊ တစ်ယောက်ကိုတစ်ယောက် မြဲမြဲဆုပ်ကိုင်ထားလိုက်ရအောင်လား ။

http://gyittu.blogspot.com/