Sunday, January 27, 2008

လူႚေလာက နိဗၱာန္ဘုံ

ကျွန်တော်၏ သူငယ်ချင်း တစ်ယောက်က သူ့တူလေး အကြောင်း ပြောပြသည်။ သူ့တူလေးသည် ငါးနှစ်အရွယ်ခန့် ရှိနေပြီ ဖြစ်ပြီး လန်ဒန်တွင်မွေးသည်ဟု ဆိုသည်။ မိဘများသည် မြန်မာနိုင်ငံသား များဖြစ်သော်လည်း လန်ဒန်တွင် နေရသောကြောင့် မြန်မာစကား တတ်ခြင်းမရှိဟု ဆိုသည်။

“ငါတို့ အစ်ကို အလည်ပြန်လာတော့ ငါတို့တူလေးလည်း ပါလာတယ်။ သူ့ကို မြန်မာစကား ပြောတတ်အောင် ဆိုပြီး ငါတို့ ၀ိုင်းသင်ကြတာ။ သူနေသွားတဲ့ နှစ်ပတ်လောက် အတွင်းမှာ တခြား စကားတွေ တတ် မတတ်တော့ မသိဘူး။ စကား နှစ်ခွန်းကိုတော့ ကောင်းကောင်း ပြောတတ်သွားတယ်”

သူ့တူလေး ပြော တတ်သွားသည့် စကားနှစ်ခွန်းက ဘာလဲဟု မေးကြည့်လိုက်တော့။

“ဟေး …. မီးလာပြီ”

“ဟာ…. မီးပျက်သွားပြီ”

* * * *

ကျွန်တော် အလုပ်အတွင်း၌ ရှိနေစဉ်က ဖြစ်သည် . . . . .

ကျွန်တော်တို့ ရုံးမှာ အိပ်ကြသော သူများသည် ညပိုင်းတွင် တော်ရုံ တန်ရုံနှင့် မအိပ်ဖြစ်ကြ။ အနည်းဆုံးတော့ ညတစ်နာရီကျော် နှစ်နာရီလောက်မှသာ အိပ်ဖြစ်ကြသည်။ ထို့ကြောင့် နံနက် စောစောစီးစီး ဖုန်းလာပါက ထကိုင်ရမှာ ပျင်းကြသည်။

ထိုနေ့က ကျွန်တော် မိုးလင်းခါနီးမှာ အိပ်သည်။ အိပ်ပြီး သိပ်မကြာသေး တယ်လီဖုန်းက မြည်လာသည်။ ကျွန်တော် ခေါင်းတစ်ချက် ထောင်ကြည့်လိုက်သည်။ ကျန်အိပ်နေသူများ တုတ်တုတ်မျှ မလုပ်ကြ။ ထို့ကြောင့် မြည်နေသော တယ်လီဖုန်းကို ကိုင်ရန် အတွက် ကျွန်တော် လေးဖင့်စွာ ထလာခဲ့သည်။ ဖုန်းကို ကောက်ကိုင် လိုက်တော့ ဖုန်းက ကျသွားပြီ။ ထို့ကြောင့် ကျွန်တော် ပြန်အိပ်ဖို့ အိပ်ရာဆီသို့ ပြန်လာခဲ့သည်။

အိပ်ရာပေါ်တွင် လှဲလိုက်ခါရှိသေးသည် ဖုန်းက မြည်လာပြန်သည်။ ထို့ကြောင့် ကျွန်တော် ဖုန်းကို ထပြီး ကိုင်ရပြန်သည်။ ကိုင်လိုက်တော့ စောစောက ကဲ့သို့ပင် ဖုန်းကျသွားပြန်သည်။ ကျွန်တော် စိတ်ပျက်လက်ပျက်ဖြင့် ဖုန်းကို ပြန်ချလိုက်တော့ ဖုန်းက ပြန်မြည်လာပြန်သည်။

နံနက်စောစော စီးစီး အိပ်ကလည်း အိပ်ချင် ဖုန်းကလဲ ကိုင်ရင်ကျ သွားလိုက် ပြန်ခေါ်လိုက် လုပ်နေသော ကြောင့် ကျွန်တော် စိတ်တိုသွားသည်။ ထို့ကြောင့် ဖုန်းကို ချက်ခြင်း ကောက်ကိုင်ပြီး ဘာကိစ္စလဲဟု မေးလိုက်သည်။ ကျွန်တော်သည် ထိုအချိန်တွင် စိတ်အနည်းငယ် တိုနေသောကြောင့် ကျွန်တော့် အသံမှာလည်း နဲနဲ မာဆတ်ဆတ် ဖြစ်သွားဟန် တူသည်။ ထိုကြောင့် တစ်ဖက်က ဖုန်းပြောသူ အသံက မ၀ံ့မရဲ ဖြစ်သွားသည်။

“ဂျာနယ်တိုက်က ပါလားကွယ် . . . . ”

တစ်ဖက်မှ အသံသည် အသက်ခြောက် ဆယ်ကျော် အရွယ်ခန့်ရှိသော အမျိုးတစ်မီး တစ်ဦး ဖြစ်ဟန် တူသည်။ ကျွန်တော်က ဂျာနယ်တိုက် ဟုတ်ပါကြောင်းနှင့် ဖုန်းဆက်ရင်း ကိစ္စကို မေးကြည့်တော့။ သူက တောင်ဒဂုံကပါတဲ့ သူတို့ တောင်ဒဂုံမှာ မီးပျက်နေလို့ဟု ဆိုသည်။ ကျွန်တော် စိတ်ထဲမှာ ရယ်ချင် သလိုဖြစ်သွားသည်။ မီးပျက်တာ လျှပ်စစ် ဌာနကို မဆက်ပဲ ဂျာနယ်တိုက်ကို ဆက်နေတော့ ကျွန်တော်တို့က ဘာလုပ်ပေးနိုင်မည်နည်း။

“အဖွားကလဲ၊ ကျွန်တော်တို့ ရုံးလည်း ပျက်တာပဲလေ”

ဟု ကျွန်တော်က ပြောလိုက်တော့

“အေးကွယ် မနက်စောစော စီးစီး ဒီအဖွားကြီး အလုပ် လိုက်ရှုပ်ပြီး ဟိုဖုန်းဆက် ဒီဖုန်းဆက် လျှောက်ဆက်နေတယ်လို့ ထင်မှာပဲလေ . .. ”

ဆိုပြီး သူ့စကားကို ခဏဖြတ်သွားသည်။ ကြည့်ရတာ သူ့စိတ်ထဲမှာ ထပ်ပြောချင်ပုံ ရသည်။

ထို့ကြောင့် ကျွန်တော်က

“သြော် . .. ရပါတယ် ကိစ္စမရှိပါဘူး”

ဟုပြောလိုက်တော့ သူစကားတွေ ဆက်ပြောသည်။

“အဖွားတို့ မီးမလာလို့ ရေမချိုးရတာ နှစ်ရက်ရှိပြီ။ အိမ်မှာက ရေစက်နဲ့ အ၀ီစိ တွင်းကနေ ရေတင်ရတာလေ။ မီးမလာတော့ ရေမတင်ရဘူး။ မီးကလည်း လာရင် ညဘက် ညဉ့်နက် သန်းခေါင်မှ လာတယ်။ မိုးလင်းရင် ပျက်သွားတယ်။”

“အဖွားကလည်း အဲလို မီးလာတဲ့အချိန်မှာ တင်လေ”

“အေးကွယ် အဖွားတို့က အိမ်မှာ ယောကျာင်္းလေးလဲ မရှိဘူး။ အသက်ကြီးကြီး မိန်းမတွေ ချဉ်းပဲဆိုတော့ ညဘက်ကို မထနိုင်ဘူးလေ။ အခုလဲ မီးမလာဘူး။ ရေမရှိတော့ ဘယ်လို လုပ်ရမှန်း မသိလို့ ဂျာနယ်တိုက်ကို ဖုန်းဆက်ကြည့်လိုက်တာ။”

ကျွန်တော်က ဒါများ ဖွားရယ် လျှပ်စစ်ရုံးကို ဖုန်းဆက် မေးကြည့်ပါလားလို့ ပြောတော့၊ လျှပ်ရုံး ဖုန်းနံပါတ်ကို မသိကြောင်း။ မီးပျက်နေတော့ ဘာလုပ်လို့ လုပ်ရမှန်း မသိလို့ ဖတ်နေကျ ဂျာနယ်ထဲက ဖုန်းနံပါတ်ကို ဆက်ခြင်း ဖြစ်ကြောင်း ပြန်ပြောသည်။

“မီးကလဲပျက်။ ရေကလဲ ချိုးစရာမရှိဆိုတော့။ အဖွားတို့မှာ ဘယ်ကို ဘာပြောလို့ ဘာလုပ်ရမှန်း မသိဘူးလေ။ အဲဒါကြောင့် ဂျာနယ်ထဲက နံပါတ်အတိုင်း ဆက်ကြည့်လိုက်တာပါ။ ဂျာနယ်တိုက်က ဘာမှ လုပ်ပေးလို့ မရမှန်းတော့ သိပါတယ်။ ဒါပေမယ့် အခုလို ပြောစရာ ရှိတဲ့ စကားကို ပြောလိုက်ရတော့လည်း စိတ်ထဲမှာ ပေါ့သွားတာပေါ့ကွယ်” ဟု ပြောပြီး ထိုအမျိုး သမီးကြီး ဖုန်းချသွားသည်။

* * * * *

အဒေါ်က ရိပ်သာ ၀င်မည် ဖြစ်သောကြောင့် အိမ်တွင် အစ်မတစ်ဦးတည်း ကျန်ခဲ့မည်ဟု ဆိုသည်။ ထို့ကြောင့် ကျွန်တော့်ကို အိမ်ကို လာအိပ်ပေးဖို့ အစ်မတစ်ဝမ်းကွဲ ဖြစ်သူက ခေါ်သည်။

ထို့ကြောင့် ကျွန်တော် အဒေါ်အိမ်တွင် အိပ်ရှိရာ ဒဂုံ အရှေ့သို့ ထွက်လာခဲ့သည်။ ထွက်သာ လာခဲ့ရသည် အဒေါ်အိပ်ရှိရာ ရပ်ကွက် မီးမှ လာပါ့မလား မသိ။

ကျွန်တော် ဒဂုံ အရှေ့ကို ရောက်တော့ မိုးချုပ်နေပြီ။ အဒေါ်အိမ်ရှိရာ ရပ်ကွက်ထဲကို ၀င်လိုက်တော့ မီးလေးတွေ လင်းနေသည်။ ကျွန်တော် စိတ်ထဲမှာ အဲဒီ အချိန် ရောက်မှာ သက်ပြင်း ချနိုင်တော့သည်။

အိမ်ရောက်တော့ ရေချိုး ထမင်းစားပြီး ကွန်ပျူတာသုံးမယ် လည်းလုပ်ရော။ အမက ဖွင့်လို့ မရသေးဘူးတဲ့။ ဘာဖြစ်လို့လဲ လို့မေးတော့ မီးအားကျနေတယ်ဟု ဆိုသည်။ ကျွန်တော် မီးအား အတက်ကျ ပြသည့် မီတာလေးကို ကြည့်လိုက်တော့ မီးအားက ၁၄၀ နှင့် ၁၅၀ ကြားမှာပဲ ရှိသည်။ ထိုကဲ့ သို့မီး အားကျနေခြင်းမှာ ကျွန်တော့် အထင်တော့ မီးလာသည့် အချိန်လေးတွင် မီးအားမြှင့်စက် ရှိသူများက မီးအားမြှင့်စက်များ ဖြင့် ၀ိုင်းဆွဲကြသော ကြောင့် မီးအား မြှင့်စက် မရှိသော အိမ်များ တွင်မီးအား ကျသွားကြ ဟန်တူသည်။

ထို့ကြောင့် မီးလာပြန်သော်လည်း မီးအားတက်လာရန် စောင့်ရပြန်သေးသည်။ ညဆယ်နာရီ လောက်ရောက်တော့ မီးအား ပြန်တက်လာသည်။ ဒီတစ်ကြိမ်တွင်တော့ မီးအားက ၂၀၀ နှင့် ၂၁၀ ကြားမှာ ရှိသည်။ ထို့ကြောင့် ကျွန်တော် ကွန်ပျူတာကို ဖွင့်ပြီး ဓာတ်ပုံ ပြင်စရာရှိသည် များကို ပြင်နေသည်။ ညဆယ့်တစ်နာရီ လည်းထိုးရော မီးက ပျက်သွားပြန်သည်။ ထိုအချိန် ကတည်းက ပျက်သွားသော မီးသည် မနက် ကျွန်တော် အိမ်က ထွက်ခဲ့တဲ့ အထိပြန်လာခြင်း မရှိတော့ပေ။ မီးပျက်သွားသည့် အတွက် အလုပ်က မပြီးလိုက်။

* * * *

ကျွန်တော် အဒေါ်အိမ်ကပြန်လာတော့ ဘတ်စကားက ထုတ်ပေးစဉ် ပိုက်ဆံကြားမှ စာရွက်တစ်ရွက် ညှပ်ပါလာသည်။ ကျွန်တော် ကြည့်လိုက်တော့ မီတာ စာရွက်။ အဲတော့မှ သတိရသည် ကျွန်တော် မီတာ ဆောင်ရခြင်း မရှိသေး။

ကျွန်တော် သင်တန်းဆင်းသည်နှင့် မီတာရုံးသို့ တန်းလာခဲ့ရသည်။ မီတာဆောင်ရက်မှာ ရက်လွန်နေပြီ ဖြစ်သောကြောင့် ခါတိုင်းလို အောက်ထပ်တွင် မပြီးပေ။ မီတာရုံး အပေါ်ထပ်သို့ တက်ကာ ဒါဏ်ကြေး တစ်ထောင်သွင်းရသည်။

စာရေးမက ဒါဏ်ကြေးကို ဘောင်ချာ စာရွက်မှာ ရေးနေတုန်း ရုံးနံရံတွင် ကပ်ထားသော ဘုတ်များကို စပ်စပ်စုစု လိုက်ဖတ်ကြည့်သည်။ ထိုဘုတ်များထဲမှာ တစ်ခုမှာ လျှပ်စစ် ပေးဝေရေး အဖွဲ့၏ ရည်မှန်းချက်များကို ရေးထားခြင်းဖြစ်သည်။ ထိုရည်မှန်းချက်များ ထဲမှ အောက်ဆုံး အကြောင်းမှာ

"လျှပ်စစ်မီးဖြင့် လူ့လောက နိဗ္ဗာန်ဘုံကြီးကို ဖော်ဆောင်အံ့ "

ဟုရေးထားသည်။ စာသား အနည်းငယ် လွဲကောင်း လွဲပါမည် ဆိုလိုရင်းကတော့ လျှပ်စစ်မီးဖြင့် လူ့လောက နိဗ္ဗာန်ဘုံကြီးသဖွယ် ဖြစ်လာအောင် စွမ်းဆောင်ဖို့ ရည်းမှန်းထားသည်ဟူ၍ ဖြစ်သည်။

* * * *

ကျွန်တော် နေထိုင်ရာ လမ်းထဲကို ၀င်လိုက်သည့် နှင့် မီးစက်သံကြီးများက ကျွန်တော့်ကို ဖုန်းဒိုင်း ဖုန်းဒိုင်းနှင့် ဆီးကြိုနေကြသည်။ သောချာပြီ ကျွန်တော်တို့ လမ်းထဲမှာ မီးပျက်နေပြီ။ ကျွန်တော် စိတ်ပျက်လက် ပျက်နှင့်ပင် အိမ်ပေါ်သို့ တက်လာခဲ့သည်။ မီးပျက်တော့ ဘာအလုပ်မှ လုပ်စရာ မရှိသည့် အတူတူ အိပ်တာပဲ ကောင်းသည်ဟု ကျွန်တော် တွေးလိုက်မိသည်။

မနေ့ညက မပြီးဆုံးသေးသော အိမ်စာများကို လုပ်မည်ဆိုသည့် စိတ်ကူးများကို ဖုန်းဒိုင်း ဖုန်းဒိုင်း နှင့် မြည်နေသော မီးစက်သံကြီးများက လွမ်းမိုးသွားသည်။ လျှပ်စစ်မီးဖြင့် လူ့လောက နိဗ္ဗာန်ဘုံကြီး ပေါ်ပေါက်လာမည့် အချိန်ကို စိတ်ကူးကြည့်ရင်း ထိုနေ့ နေ့လည်ခင်းက မီးပျက်နေသော အခန်းကျဉ်းလေး တစ်ခုတွင် ကျွန်တော် အိပ်ပျော်သွားခဲ့သည်။

ဆောင်းပါးကို စိုးဇေယျထွန်း ဘလောက်က ယူပါတယ်။

လွတ်လပ်ရေး ဆုံးရှုံးရခြင်း

ဗြိတိသျှအင်ပါယာ၏ ကိုလိုနီထမ်းပိုးအောက်မှ လွတ်မြောက်ခဲ့သည်မှာ အနှစ် ၆၀ ပြည့်ခဲ့ပြီဖြစ်သော်လည်း မြန်မာနိုင်ငံသည် ယခုထက်တိုင် စစ်ဗိုလ်ချုပ်ကြီးများ၏ ကျွန်ပြုခံနေရဆဲ ဖြစ်သည်။ စစ်မှန်သော လွတ်လပ်ရေးအတွက် တိုက်ပွဲကား မပြီးဆုံးသေး။

၁၈၂၄ သြဂုတ် ဗြိတိသျှတပ်များ သံလျင်ခံတပ်ကို တိုက်စဉ်

၁၈၈၅ ခုနှစ် နိုဝင်ဘာလတွင် ဗိုလ်ချုပ်ကြီး ဆာ ဟယ်ရီ နော့သ် ဒါရင်မ်ပဲ ပရင်ဒါဂါတ်စ် (Gen. Sir Harry North Dalrymple Prendergast) ဦးစီးသည့် ဗြိတိသျှ စစ်သင်္ဘောများ ဧရာဝတီ မြစ်ကြောင်းအတိုင်း မန္တလေးသို့ဆန်တက် လာသောအခါ သီပေါဘုရင်တွင် သူ၏ မီးကျိုးမောင်းပျက် တပ်မတော်သည်သာ ရှိခဲ့သည်။ ဤတပ်မတော်နှင့်အတူ တိုင်းပြည်ကိုကာကွယ် ရန် အသာထား၊ နန်းတော်ကိုပင် မမျှတသောအားဖြင့် ခုခံခဲ့ရရှာသည်။

အသက် ၂၈ နှစ်အရွယ်သာရှိသေးပြီး ရွှေနန်းတော်၏ မြို့ရိုးပြင်ပသို့ ရောက်ခဲလှရှာသော မြန်မာတို့၏ နောက်ဆုံး ရှင်ဘုရင် မှာ ခဏတွင်းချင်းမှာပင် နန်းသိမ်းနယ်နှင်ခံ လိုက်ရပါတော့သည်။ မကြာသေးသောအတိတ်က အိမ်နီးချင်းနိုင်ငံများ အပေါ် နယ်ပယ်ချဲ့ထွင် အောင်နိုင်ခဲ့သည့် သမိုင်းအစဉ်အလာရှိသော မြန်မာနိုင်ငံအဖို့ ၎င်း၏ ရှင်ဘုရင်ကိုသာမက နိုင်ငံလွတ်လပ် ရေးကိုပါ ဆုံးရှုံးခဲ့ရတော့သည်။

သီပေါဘုရင်နှင့် မိဖုရားတို့ကို ဗြိတိသျှတပ်ဖွဲ့ အစောင့်အကြပ်များဖြင့် သူရိယမီးသဘောင်္ပေါ်သို့ တိတ်တဆိတ်တင်၍ ရန်ကုန်သို့ အပို့ခံခဲ့ရသည်။ ဗြိတိသျှနယ်ချဲ့တို့က မိမိတို့ဘုရင်ကို ဖမ်းပြီး မဒရပ်စ်သို့ ပို့လိုက်ပြီဖြစ်ကြောင်း နောက်မှ သိကြ ရသည့် မြန်မာပြည်သားတို့အဖို့ ထိတ်လန့်တကြား ဖြစ်ခဲ့ကြရသည်။ သီပေါဘုရင်မှာ တိုင်းပြည်သို့ မည် သည့်အခါတွင်မျှ ပြန်မလာနိုင်ခဲ့တော့ပါ။

သီပေါမင်း ပါတော်မူစဉ်

ဗြိတိသျှများနှင့် ဗိုလ်ချုပ်ကြီးပရင်ဒါဂါတ်စ်တို့အတွက် မန္တလေးကို သိမ်းပိုက်ရသည်မှာ အပင်ပုတပင်မှသစ်သီးကို ဆွတ်ခူး ရသကဲ့သို့ပင် လွယ်ကူခဲ့သည်။ သို့သော် ဒေသခံများက ၎င်းတို့ကိုယ်၎င်းတို့ “သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်မှ ကယ်တင် သူ” ဟု ဆိုသောကျူးကျော်သူဗြိတိသျှများကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခုခံခဲ့ကြသည်။

သီပေါမင်းသည် သနားစရာကောင်းလောက်အောင် ပျော့ညံ့သူတဦးဖြစ်ပြီး အမြော်အမြင်ရှိသည့် ခေါင်းဆောင်တဦးလည်း မဟုတ်ခဲ့ပါ။ ဗြိတိသျှကျူးကျော်စစ် မတိုင်ခင်ကာလများတွင် အနောက်နိုင်ငံများ၏ သတင်းစာများက သူ့အပေါ်အမြင်မှာ ဆိုးရွားလှပါသည်။ သွေးဆာနေသူ မိစ္ဆာတဦးသဖွယ် ဖော်ပြခဲ့ကြပြီး ညီအစ်ကိုတော် မင်းညီမင်းသားများကို အစုလိုက်အပြုံ လိုက် သတ်ဖြတ်သူလူသတ်သမား၊ မိန်းမလိုက်စားသူနှင့် ဇိုးသမားအဖြစ် ဖော်ပြခဲ့ကြပါသည်။

ဗြိတိသျှကုန်သည်များ၏ ငွေကြေးအထောက်အပံ့ဖြင့် ပုံနှိပ်ထုတ်ဝေသော ရန်ကုန်ထုတ်သတင်းစာများက အခါအားလျော်စွာ ဗမာပြည်ကို ကျူးကျော်တိုက်ခိုက်ရန် သို့မဟုတ် အထက်ဗမာပြည်ကို သိမ်းပိုက်ရန် တွန်းအားပေးနေခဲ့ကြသည်။ ၎င်းကိစ္စ အတွက် ဗြိတိသျှနယ်ချဲ့တို့က မြန်မာမင်းဆိုးကိုပြောင်းလဲပေးရန် ကြိုးစားခဲ့ကြခြင်းဖြစ်ပြီး သီပေါဘုရင်မှာလည်း နောက်ဆုံး နန်းချခံလိုက်ရတော့သည်။ “ခြေရာပျောက်မြစ်” (The River of Lost Footsteps) စာအုပ်ကို ရေးသား သူ သန့်မြင့်ဦးက “ဗြိတိသျှကုန်သည်များအတွက် မန္တလေးသည် အာရှ၏ အခြားသော ဈေးကွက်များသို့ တံခါးဖွင့်တိုးဝင်နိုင်ရန် လှေခါးတထစ်၊ ခြေတလှမ်းဖြစ်သည်”ဟု ရေးသားခဲ့ပါသည်။

အထက်ပါ မြန်မာ့သမိုင်းပညာရှင်က “ဗမာနိုင်ငံကို လုပ်ကြံရန် ဗြိတိသျှတို့ နိုင်ငံရေးခင်းကျင်းနေစဉ် နှစ်များအတွင်း အဝေး ရောက် အတိုက်အခံများ ပေါ်ပေါက်လာအောင် ဖန်တီးခဲ့သည်။ ဗမာနိုင်ငံ နယ်နိမိတ်ပြင်ပမှနေ၍ သီပေါမင်း၏ နောင်တော် ညီတော်များက သီပေါမင်းအား နန်းချရန် ကြိုးပမ်းမှုများ ဖြစ်ပေါ်ခဲ့သည်။ မြန်မာနိုင်ငံသည် သယံဇာတ ပေါကြွယ်ဝ၍ စီးပွား ရေးအရ အလားအလာကောင်းသော နိုင်ငံအဖြစ် အားလုံးက သံသယကင်းကင်းဖြင့်လက်ခံကြသည်။

အထူးသဖြင့် ရန်ကုန်တွင် ရောက်ရှိနေကြသော စကော့လူမျိုး ကုန်သည်များက ဗမာနိုင်ငံအတွင်းမှ မတို့မထိရသေးသော ကျွန်းတောများ၊ ရေနံတွင်းများနှင့် ပတ္တမြားတွင်းများကို သွားရေယို မျက်စိကျနေခဲ့ကြပါသည်။ ပို၍မက်စရာကောင်းသည် မှာ မြန်မာနိုင်ငံသည် အကန့်အသတ်မရှိ ကြီးမားကျယ်ပြန့်လှသော တရုတ်ဈေးကွက်၏ နောက်ဖေးပေါက် ဖြစ်လာနိုင်သည် ဆိုသည့် အချက်ပင် ဖြစ်သည်”ဟု ရေးခဲ့ပါသည်။

၁၈၈၆ သိမ်းပိုက်ပြီးစ မန္တလေးနေပြည်တော်တွင်း ပစ္စည်များကို ဗြိတိသျှတို့ လေလံတင် ရောင်းချစဉ်

မန္တလေးကို ကျူးကျော်တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းက ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ဖြစ်ပေါ်မလာစေသည့်ပြင် ကျေးလက် ဒေသများအတွင်း ဆူပူပုန်ကန်မှုများ ဖြစ်ပေါ်ကြီးထွားလာသည်။ ဆန့်ကျင်ကြသည့် လက္ခဏာများသိမ်မွေ့စွာ စတင် ပေါ်ပေါက်လာခဲ့ပြီး မန္တလေးနန်းတွင်းတွင် အလုပ်လုပ်နေကြသောအရာရှိများက သူတို့၏ အလုပ်ရှင် ဗြိတိသျှများနှင့် ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်ခြင်း မပြုခဲ့ကြပါ။

တော်လှန်ပုန်ကန်မှုများ ဖြစ်ပေါ်လာသည့် နောက်ပိုင်းတွင် ဗြိတိသျှတို့က ရက်စက်ကြမ်းတမ်းစွာ ချေမှုန်းနှိမ်နင်းခဲ့ပါသည်။ အကျဉ်းရုံး ကွပ်မျက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့သည်။ ရံဖန်ရံခါ ရာဇ၀တ်သားများနှင့် ဓားပြများကို စီရင် သည့်အတိုင်း လူထုရှေ့မှောက်တွင် ခေါင်းဖြတ်သတ်ခြင်းမျိုးကိုလည်း ကျူးလွန်ခဲ့ကြပါသည်။ သို့သော် မငြိမ်မသက်ဖြစ် နေမှုကို ဗြိတိသျှတို့က မည်သို့မျှ မထိန်းသိမ်းနိုင်ခဲ့ပါ။ ဗမာတို့က မိမိတို့၏ ဘုရင်၊ ထီးနန်းကို ပြန်လိုချင်၍ လွတ်လပ်သော နိုင်ငံတော်တခုကို ပြန်လည်တည်ဆောက်လိုစိတ် ပြင်းပြထက်သန်နေခဲ့ကြပါသည်။

မိမိကိုယ်မိမိ ဗမာဘုရင်အဖြစ် (သုပဏ္ဏက ဂဠုနရာဇာဘွဲ့) ခံခဲ့သော ဆရာစံသည် ၁၉၃၀ ပြည့်နှစ်တွင် ဗြိတိသျှတို့ကို တွန်းလှန် ဆန့်ကျင်သော လယ်သမားသူပုန်တရပ်ကို ဦးဆောင်ခဲ့သည်။ တနှစ်ကြာ ထိုလယ်သမားတော်လှန်ရေးကို နှိမ်နင်းရန်အတွက် ဗြိတိသျှအစိုးရက စစ်တပ်အင်အား ၈,၀၀၀ ကို ထပ်မံ အားဖြည့်ခဲ့ရပြီး စက်သေနတ်များကိုလည်း တပ်ဆင် အသုံးချခဲ့ရသည်။

မြန်မာပြည်အထက်ပိုင်း ရွှေဘိုခရိုင်ရှိ တော်လှန်ရေးတပ်သားတစ်ဦးကို ဗြိတိသျှတပ်များက သုတ်သင်စဉ်

ဘုန်းတော်ကြီးများ၊ လယ်သမားများ၊ ကျောင်းသားများ၊ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ရေနံမြေများမှ အလုပ်သမားများနှင့် နိုင်ငံရေးသမားများအားလုံး လွတ်လပ်ရေးတိုက်ပွဲတွင် စုစည်းညီညွတ်စွာဖြင့် ပေါင်းစည်းနိုင်ခဲ့ကြသည်။

အောက်ခြေလူထုအတွင်း လှုပ်ရှားမှုတရပ် ဖြစ်သော သခင်လှုပ်ရှားမှုလည်း ပေါ်ပေါက်ခဲ့သည်။ အရှင်သခင်ဟု အဓိပ္ပာယ် ရသော “သခင်” ဟူသည့်ဝေါဟာရကို ဗြိတိသျှကိုလိုနီ နယ်ချဲ့တို့က ၎င်းတို့ကိုယ်ကို၎င်းတို့ ဂုဏ်တင်အခေါ်ခံ သုံးစွဲခဲ့ကြရာ ထိုဝေါဟာကိုပင် ဗမာမျိုးချစ်လူငယ်များကလည်း မိမိတို့ကိုယ်ကို ရည်ညွှန်းရန်အတွက် သုံးစွဲခဲ့ကြခြင်း ဖြစ်သည်။

အားလုံးသော လူမှုရေးအသင်းအဖွဲ့များနှင့် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီး (၀ိုင်အမ်ဘီအေ) တို့က လွတ်လပ်ရေး တိုက်ပွဲတွင် အတူလက်တွဲ တိုက်ပွဲဝင်ခဲ့ကြပါသည်။ ယခုကာလ ကျောင်းသားများဦးဆောင်သည့် စစ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများဖြစ်သော အဖြူရောင်လှုပ်ရှားမှု၊ ဆန္ဒဖော်ထုတ်ရေးလှုပ်ရှားမှု၊ လက်မှတ်ရေးထိုး တောင်းဆိုရေး လှုပ်ရှားမှု တို့ကဲ့သို့သော လှုပ်ရှားမှုများဖြစ်၍ အရပ်သား ပြည်သူအများ၏ လှုပ်ရှားမှုများသည် လွတ်လပ်ရေး ကြိုးပမ်းစဉ် ကာလက မြန်မာမျိုးချစ်များ တိုက်ပွဲဝင်ခဲ့ကြသော တိုက်ပွဲပုံသဏ္ဌာန်များနှင့် ဆင်ဆင်တူနေသည်ကို နှိုင်းယှဉ်မြင်တွေ့နိုင်ပါသည်။

သို့သော် နောက်ဆုံးတွင် ဗြိတိသျှအုပ်စိုးမှုကို အဆုံးသတ်သွားစေခဲ့သည်မှာ ကမ္ဘာ၏ ရပ်ဝေး အခြားတနေရာတွင် ဖြစ်ပျက် ခဲ့သော အဖြစ်အပျက်များ၏ ဆင့်ပွားအကျိုးသက်ရောက်မှုကြောင့်ဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ဖြစ်ပွားလာခြင်းက ဗြိတိသျှ ကိုလိုနီအုပ်စိုးမှုကိုအဆုံးသတ်သွားစေခဲ့သည်။ မြန်မာတို့၏ရွှေမြေသည် စစ်တလင်းဖြစ်ခဲ့ရသည်။ ဂျပန်တို့က ကိုအောင်ဆန်း အပါအ၀င် မြန်မာလူငယ်အုပ်စုတစုကို ခေါ်ယူလေ့ကျင့် သင်တန်းပေးခဲ့ပြီး၊ ၎င်းတို့၏ အကူအညီဖြင့် ၁၉၄၂ ခုနှစ်တွင် ဗြိတိသျှတို့လက်မှဂျပန်တို့က သိမ်းယူခဲ့ကြပြန်သည်။ နောင်တွင် ထိုလူငယ်အုပ်စုကို “ရဲဘော်သုံးကျိပ်” ဟု လူသိများ ထင်ရှားလာပါသည်။

၁၉ ရာစုနှောင်းပိုင်း ဖောက်လုပ်သည့် ရန်ကုန်နှင့် ဧရာဝတီတိုင်း မီးရထားလမ်းဖွင့်ပွဲအခမ်းအနား

“ဟာရီ ပရင်ဒါဂါတ်စ်က မြန်မာဘုရင် သီပေါမင်းကို နန်းချခဲ့ပြီး နောက် ၆၅ နှစ်ကြာသောအခါ မြန်မာနိုင်ငံရှိ ဗြိတိသျှ အုပ်စိုးမှု သည် အခြေမခိုင်သည့် ဖဲချပ်အိမ်ကလေးကဲ့သို့ လဲပြိုကျသွားပါ တော့သည်။ သူ၏စစ်သားများနှင့် အရာရှိများသည်လည်း ထိတ်လန့်ချောက်ချားနေသည့် ထောင်ပေါင်းများစွာသော စစ်ပြေး ဒုက္ခသည်များနှင့်အတူ ထွက်ပြေးခဲ့ကြရသည်။ သူတို့ကို ခန့်ညား လှသော နှုတ်ခမ်းမွေးကြီးနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရှိုဂျီရို အီဒါ (Gen. Shojiro Iida) နှင့် သူ၏အမှတ် ၁၅ ဂျပန် ဘုရင့်ကြည်း တပ်မတော်တို့က မောင်းထုတ်ခဲ့ကြသည်။ ထိုစစ်ပွဲတွင် မြန်မာများ အနေဖြင့် ဘာမှဝင်လုပ်စရာ မလိုခဲ့ပါ။ သို့ သော်လည်း ထိုစစ်ပွဲက မြန်မာနိုင်ငံကို ဖျက်ဆီးခဲ့သည်” ဟု သန့်မြင့်ဦးက ရေးသားခဲ့ ပါသည်။

ဗြိတိသျှများ ဆုတ်ခွာသွားပြီးနောက် များစွာမကြာလိုက်ပါ။ ဂျပန်တို့ပေးသော လွတ်လပ်ရေးမှာ ရွှေရည်စိမ်လွတ်လပ်ရေး သာဖြစ်ကြောင်း မြန်မာများနားလည်သဘောပေါက်လာကြပါသည်။ ကိုအောင်ဆန်းကိုကြည့်လျှင် အင်္ဂလိပ်တို့ ခေါင်းဖြတ် သတ်ခဲ့သော နယ်ချဲ့တော်လှန်ရေးသမား အဖိုးဖြစ်သူ ဗိုလ်မင်းရောင်၏ ပြုစုပျိုးထောင်မှုဖြင့် ကြီးပြင်းခဲ့သူ၊ လူထူးလူဆန်း၊ စိတ်တိုတတ်သော ဥပဒေကျောင်းသားတဦးဖြစ်သည်ကို တွေ့ကြရပါမည်။

သူ၏ တစူးစားနိုင်မှု၊ ရိုးသားမှုနှင့် တဲ့တိုးပြောဆိုတတ်မှုတို့ကြောင့် သူ့အတွက် မိတ်ဆွေရော ရန်သူပါ တိုးပွားစေခဲ့သည်။ ဗမာပြည်သူတို့ လိုချင်နေကြသည့် လွတ်လပ်ရေး အလိုဆန္ဒကို ဖြည့်စွမ်းနိုင်ရန်အတွက် လက်နက်ကိုင်တိုက်ပွဲမှတပါး အခြား မရှိပြီဟု သူနားလည်ခဲ့သည်။

ရဲဘော်သုံးကျိပ်သည် ကိုအောင်ဆန်း ဦးဆောင်မှုဖြင့် ဂျပန်တို့သင်ပေးလိုက်သော စစ်နည်းပရိယာယ်အတတ်ကိုသုံးကာ အင်္ဂလိပ်တို့ကို မောင်းထုတ်ခဲ့ကြသည်။ ခုတ်ရာတခြား ရှရာတလွဲဖြစ်တတ်သည့် သဘာဝအတိုင်း နှစ်အနည်းငယ်ကြာသော အခါ ဂျပန်ဖက်ဆစ်တို့ကို တော်လှန်တိုက်ထုတ်သည့် ပြင်းထန်ကြမ်းတမ်းလှသော စစ်ပွဲများတွင် ဗြိတိသျှတပ်ရင်း တပ်ဖွဲ့များ နှင့် ပေါင်းမိနေပြီးသားဖြစ်နေသည်ကို သူ့ကိုယ်သူ တွေ့လာခဲ့ရပြန်ပါသည်။

အသက် ၃၂ နှစ်အရွယ်သို့ရောက်လာသောအခါ ကိုအောင်ဆန်း၌ နိုင်ငံ့ခေါင်းဆောင်တယောက်တွင် ရှိအပ်သော အရည် အချင်းများဖြင့် တည်ဆောက်ပြင်ဆင်ထားနိုင်ခဲ့ပြီး သူ့နိုင်ငံကို ဦးဆောင်သွားရန် အဆင်သင့်ဖြစ်နေခဲ့ပါသည်။ သို့သော် ယခုတကြိမ် လွတ်လပ်ရေးတိုက်ပွဲကား အပေးအယူ စေ့စပ်ဆွေးနွေးရေး စားပွဲဝိုင်းပေါ်တွင် ဖြစ်ပွားတော့မည် ဖြစ်သည်။

ဗြိတိသျှဝန်ကြီးချုပ် အက်တလီနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့
ဒေါင်းနင်းလမ်း အမှတ် ၁၀ တွင် တွေ့ဆုံစဉ်

၁၉၄၇ ခုနှစ် ဇန်န၀ါရီလတွင် နန်းရင်းဝန် ကလီးမင့် အက်တလီ (Clement Attlee) နှင့် တွေ့ဆုံဆွေးနွေးရန် လန်ဒန်သို့ အသွား အိန္ဒိယတွင် ခရီးတထောက် ရပ်နားစဉ် အလွန်ရှင်းလင်းတိကျသော အင်္ဂလိပ်ဘာသာစကားဖြင့် ဗိုလ်ချုပ် အောင်ဆန်းက မိန့်ခွန်းတရပ် ပြောကြားခဲ့သည်။ ထိုမိန့်ခွန်းတွင် ဗိုလ်ချုပ်အောင်ဆန်းက “မြန်မာတို့၏ တောင်းဆိုချက်သည် လုံးဝ လွတ်လပ်ရေးဖြစ်ပြီး မည်သည့်ဒိုမီနီယံအဆင့် အုပ်ချုပ်ရေးမျိုးကိုမျှ လက်ခံမည်မဟုတ်” ဟုထုတ်ပြန်ကြေညာခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင်လည်း ဗိုလ်ချုပ်အောင်ဆန်းက “အကယ်၍သာ ဤတောင်းဆိုချက်များအပေါ် ကျေနပ်လောက် အောင် လိုက်လျောမှုမရှိပါက မြန်မာနိုင်ငံလူထုအနေဖြင့် ကောင်းသည်ဆိုးသည်ကို စဉ်းစားတော့မည်မဟုတ်ဘဲ အကြမ်း ဖက်တော်လှန်ရေး သို့မဟုတ် အကြမ်းမဖက် ဆန့်ကျင်ရေး သို့မဟုတ် နည်းလမ်းနှစ်မျိုးစလုံးကို အသုံးပြုတိုက်ပွဲဝင်သွား မည်” ဖြစ်ကြောင်း သတင်းထောက်များကို ရှင်းလင်းပြောကြားခဲ့သည်။

သို့သော် ၁၉၄၇ ခုနှစ် ဇူလိုင်လတွင် ဗိုလ်ချုပ်အောင်ဆန်းသည် သူ၏၀န်ကြီးအဖွဲ့နှင့်အတူ ပြိုင်ဘက်များ၏ လုပ်ကြံသတ် ဖြတ်ခြင်းကို ခံလိုက်ရပါတော့သည်။ သူ့ဝန်ကြီးအဖွဲ့တွင် အသစ်ဖြစ်ထွန်းလာမည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို အမှန်တကယ် ဦးဆောင်မှု ပေးနိုင်သော ဗမာနှင့် လူမျိုးစုခေါင်းဆောင်များ ပါဝင်သည်။ ၁၉၄၀-၄၂ ခုနှစ်တွင် ၀န်ကြီးချုပ် ဖြစ်ခဲ့ဖူးသော ဦးစောက ၎င်းလုပ်ကြံမှုကို အမိန့်ပေးစေခိုင်းခဲ့ခြင်းဖြစ်ပြီး ခေါင်းဆောင်များ မရှိတော့လျှင် သူသာဆက်ခံရ မည်ဟု ရိုးရိုးလေးတွက်ထားပုံရပါသည်။

ယနေ့အချိန်အထိ မြန်မာနိုင်ငံပြည်တွင်းနှင့် ပြည်ပနိုင်ငံများတွင် သက်ရှိထင်ရှား နေထိုင်လျှက် ရှိနေကြသေးသော ဗိုလ်ချုပ် အောင်ဆန်း၏ လုပ်ဖော်ကိုင်ဖက်များက ၎င်းလုပ်ကြံမှုတွင် ဗြိတိသျှတို့သည်လည်း ဦးစောနှင့်အတူ ပူးပေါင်း ကြံစည်ခဲ့ သည်ဟု ယုံကြည်နေကြဆဲ ဖြစ်သည်။

၁၉၄၈ ဇန်န၀ါရီ ၄ ရက် လွပ်လပ်ရေးအခမ်းအနားတွင် မြန်မာ့အလံလွှင့်ထူစဉ်

၁၉၄၈ ခုနှစ် ဇန်န၀ါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း ပေးခဲ့သော “တနှစ်အတွင်းလွတ်လပ်ရေး ရစေရမည်” ဟူသည့် ကတိ က၀တ်က သူမရှိတော့သော်လည်း ပြီးပြည့်စုံခဲ့သည်။

မြန်မာ့လွတ်လပ်ရေးကို ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းစာများက ချီးမွမ်းရေးသားခဲ့ကြပါသည်။ ပေါများကြွယ်ဝ သာယာ လှပသည့် ပြည်ထောင်စုနိုင်ငံတော်၏ အနာဂတ်ကိုလည်း နယူးယောက်တိုင်းမ်၊ လာမွန်ဒေး၊ ဒေလီးတယ်လီ ဂရပ်ဖ်နှင့် လန်ဒန်တိုင်မ်း သတင်းစာများအပါအ၀င် ကမ္ဘာ့သတင်းစာများက ဝေေ၀ဆာဆာ ဖော်ကျူးရေးသားခဲ့ကြပါသည်။

လန်ဒန်ဒေးလီးတယ်လီဂရပ်သတင်းစာကြီးက “မြန်မာနိုင်ငံသည် ဗြိတိသျှဓနသဟာယအဖွဲ့မှ ပထမဦးဆုံး ထွက်သွားသော နိုင်ငံဖြစ်သော်လည်း အဖွဲ့ကြီးအနေဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်ကို စာနာထောက်ထားမှု အပြည့်ဖြင့် ကူညီပံ့ပိုး စောင်မ ကြည့်ရှုသွားမည်” ဟုရေးသားခဲ့ပါသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်နေ၀င်း၏ နိုင်ငံရေးကြိုးပမ်းချက်များ

နယူးယောက်တိုင်းမ် သတင်းစာကြီးကလည်း “ ဗြိတိသျှအင်ပါယာအတွင်းသို့ အတင်းအကျပ် သွပ်သွင်းခံခဲ့ရသည့် အာရှ တိုက်၏ နောက်ဆုံး နိုင်ငံတနိုင်ငံက ဗြိတိသျှ ဓနသဟာယအဖွဲ့မှ အရင်ဦးဆုံး ငြိမ်းချမ်းစွာဖြင့် ထွက်ခွာသွားပြီ” ဟူ၍ နိုင်ငံတော်သစ်ကို အကြီးအကျယ် ချီးမွမ်းရေးသားခဲ့ပါသည်။

သို့သော်လည်း ပြဿနာများက ရှေ့တွင်စောင့်ကြိုနေခဲ့ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီး ဗြိတိသျှတို့ ထွက်ခွာသွားပြီးနောက် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက် လွတ်လပ်ရေးနေ့ တွင် အသစ်ခန့်အပ်လိုက်သည့် မြန်မာနိုင်ငံတော်၏ ၀န်ကြီးချုပ်ဦးနုက မေတ္တာရပ်ခံစကား ဆိုခဲ့သော်ငြားလည်း မငြိမ်မသက် မှုများ ဖြစ်ပွားလာပြီး ပြည်တွင်းစစ် စတင်ပါတော့သည်။ ဦးနုက “ဒီလိုခမ်းနားကြီးကျယ်လှတဲ့ နေ့မျိုးမှာ လူမျိုးရေး၊ အဖွဲ့ အစည်း၊ နိုင်ငံရေးနဲ့ ပုဂ္ဂိုလ်ရေး စတာတွေကို အကြောင်းပြုပြီး မညီညွတ်မှု သို့မဟုတ် သဘောကွဲလွဲမှုတွေအတွက် နေရာ မရှိပါဘူးလို့ ကျနော်ပြောချင်ပါတယ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသား အားလုံးကို ကျနော်တို့ မှီတင်းနေထိုင်ကြတဲ့ ပြည်ထောင်စုကြီး အကျိုးအတွက် ကိုယ်ကျိုးကို မငဲ့ကွက်ဘဲ စည်းလုံးညီညွတ်ကြဖို့နဲ့ အလုပ်အကျွေး ပြုကြဖို့ ဒီနေရာကနေ ကျနော်တောင်းဆိုပါတယ်” ဟု မေတ္တာရပ်ခံစကား ဆိုခဲ့ပါသည်။

ဦးနု၏ တင်ပြချက်ကို ကောင်းကောင်း နားဝင်ခဲ့ကြပုံ မပေါ်ပါ။ လူမျိုးစုပေါင်းစုံ ပုန်ကန်ထကြွမှု မီးတောက်ကြီး စတင်ဖြစ်ပွား လာပါတော့သည်။

လေပြေနှင့် စကားပြောတတ်သောဦးနုနှင့် သူ၏အစိုးရ၀န်ကြီးအဖွဲ့တို့သည်လည်း နိုင်ငံတာဝန်ကို အကြာကြီး မထမ်းဆောင် လိုက်ရပါ။ သို့သော် ဦးနုခေတ်ကို သိမီလိုက်ကြသော မြန်မာအများအပြားက ထိုခေတ်က စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အရှေ့တောင်အာရှ၏ ကျားတကောင်ဖြစ်လာနိုင်ခြေရှိမှုတို့နှင့် ပတ်သက်ပြီး တတမ်းတတ ပြောဆိုလေ့ရှိကြပါသည်။

၁၉၆၂ ခုနှစ် မတ်လတွင် နောက်ထပ် ရဲဘော်သုံးကျိပ်ဝင်တဦးဖြစ်သော ဗိုလ်ချုပ်ကြီးနေ၀င်းက ချောက်ထဲကျတော့မည့် တိုင်းပြည်ကို ကယ်တယ်ရန်ဟု ကြွေးကြော်ဝင်ရောက်လာပြီး နိုင်ငံအာဏာကို သိမ်းပိုက်လိုက်ပါတော့သည်။ သြဇာကြီး သည့် ခေါင်းဆောင်ကြီး၏ အာဏာသိမ်းမှုကို လမ်းမပေါ်ထွက် ဆန္ဒပြမှုအနည်းအပါးမှလွဲ၍ ကျယ်ကျယ်ပြန့်ပြန့် လက်သင့် ခံခဲ့ကြပါသည်။ ထိုနေ့ထုတ်သတင်းစာများတွင်လည်း အနည်းအကျဉ်းမျှသာ ဝေဖန်ရေးသားခဲ့ကြပါသည်။

သို့သော်လည်း အရှည်မျှော်မြင်ကြသည့် ရန်ကုန်တက္ကသိုလ် ကျောင်းသူ ကျောင်းသားများက ဘေးဒုက္ခဆိုးများကို တင်ကြို မြင်ခဲ့ကြပြီး အကျယ်လောင်ဆုံး ဆန့်ကျင်ကန့်ကွက်သူများ ဖြစ်လာကြပါသည်။ ဗိုလ်ချုပ်နေ၀င်းက ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဖြိုချလိုက်ပြီး ကျောင်းသားများစွာကို ပစ်သတ်ပြခြင်းအားဖြင့် သူ၏ရက်စက်ကြမ်းကြုတ်မှုကို ကနဦး မှာပင် ထုတ်ဖော်ပြသခဲ့သည်။

လက်တွင်သွေးစွန်းခဲ့ပြီဖြစ်သော ဗိုလ်ချုပ်နေ၀င်းမှာ ရှိတ်စပီးယား၏ လေဒီမက္ကဘက်ပြဇာတ်မှာကဲ့သို့ သူ၏ပလ္လင်ကို မည်မျှ တန်ကြေး ပေးရပေးရ ကာကွယ်ထိန်းသိမ်းရမည့် ဘ၀သို့ ရောက်သွားပါတော့သည်။

၁၉၈၈ ဒီမိုကရေစီရေး ဆန္ဒပြသူများအား နှိမ်နင်းနေသော မြန်မာစစ်တပ်

အသက် ၉၂ နှစ်အရွယ်တွင် ဦးနေ၀င်း သေဆုံးသွားခဲ့ပါသည်။ သူ အုပ်ချုပ်ခဲ့သည့် တိုင်းပြည်ကြီးသည် ၂၆ နှစ်အကြာတွင် အာရှတိုက်စပါးကျီအဖြစ်မှ အမှားပြယုဂ်တခုအဖြစ် ယိုယွင်းကျဆင်းသွားခဲ့ပုံကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်လောက် အောင် သူအသက်ရှည်ခဲ့ပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ဖွံ့ဖြိုးမှု အနိမ့်ဆုံး နိုင်ငံတနိုင်ငံ ဖြစ်သွားခဲ့ပါပြီ။ အမှန်စင်စစ် မြန်မာနိုင်ငံသည် အကယ်တင်ခံလိုက်ရခြင်း မဟုတ်မူဘဲ အဖျက်ဆီးခံလိုက်ရခြင်းသာဖြစ်ပြီး အပြိုအပျက်များဖြင့် ချိနဲ့ စွာသာ ကျန်ရစ်ခဲ့ရပါတော့သည်။

၁၉၈၈ ခုနှစ်တွင် သူဦးဆောင်သည့် ဆိုရှယ်လစ်အစိုးရကို ပြည်သူလူထုက တိုင်းပြည်အနှံ့ ဆန့်ကျင်အုံကြွ ဆန္ဒပြခဲ့ကြပြီး နောက် ဦးနေ၀င်းသည်လည်း ဂုဏ်သိက္ခာမဲ့စွာဖြင့် နုတ်ထွက်သွားခဲ့ရပါသည်။ ပလ္လင်ထက်မှ မစွန့်ခွာခင် ယခုလူသိများ လှသော နာမည်ကျော် နန်းစွန့် မိန့်ခွန်းကို မြွက်ကြားခဲ့ပါသေးသည်။ သူက “တပ်မတော်ဆိုတာ ပစ်မယ်ဆိုရင် မိုးပေါ် ထောင် မပစ်ဘူး၊ တည့်တည့်ပဲ ပစ်တယ်” ဟု နောက်ဆုံးစကားမိန့်မှာ ခြိမ်းခြောက်သွားခဲ့သည်။ ယင်းသည် လူထုဆန္ဒပြပွဲများကို အကြမ်းဖက်ဖြိုခွင်းရန် မီးစိမ်းပြလိုက်ခြင်းပင် ဖြစ်ပါသည်။ လမ်းမများပေါ်မှ ဆန္ဒပြပြည်သူ ၃,၀၀၀ ကျော် ပစ်သတ် ခံခဲ့ကြရပါသည်။ မြန်မာပြည်ကား နောက်ထပ်တကြိမ် လူသတ်ကွင်း ဖြစ်ခဲ့ရပြန်ပါသည်။

တချိန်တည်းတွင်ပင် ကျန်းမာရေးဆိုးရွားလာသော မိခင်ဖြစ်သူကို ပြုစုစောင့်ရှောက်ရန်အတွက် လန်ဒန်မှ ပြန်လာသည့် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကလည်း မမေ့နိုင်သော မိန့်ခွန်းတစ်ရပ် မြွက်ကြားခဲ့ပါသည်။ သူမက “ဒီအမျိုးသားရေး အကျပ်အတည်းဟာ အမှန်တော့ အမျိုးသားလွတ်မြောက်ရေး ဒုတိယတိုက်ပွဲလို့ ပြောရင် ရနိုင် ပါတယ်” ဟု ပြောခဲ့ပါသည်။

ဗိုလ်ချုပ်နေ၀င်း၏ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ကို ဖယ်ရှားနိုင်လိုက်ကြပြီ ဖြစ်သော်လည်း သူ၏နောက်လိုက် စစ်ဗိုလ်မျိုးဆက်များနှင့် စစ်အာဏာရှင်စနစ်မှာမူ ဆက်လက်ရှင်သန်နေဆဲ ဖြစ်ပါသည်။ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ အားလုံးသည် တိုင်းပြည်၏ ကယ်တင်ရှင်များအဖြစ် ပေါ်ထွက်လာခဲ့ကြ ခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံ၏လွတ်လပ်ရေးကို ခိုးယူသွားခဲ့သော ဗြိတိသျှဗိုလ်ချုပ်ကြီး ပရင်ဒါဂါတ်စ်၏ သရဲတစ္ဆေများအဖြစ် ပေါ်ထွက်လာကြခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ယခုအခါ စစ်တပ်အုပ်စု၏ ကိုလိုနီကျွန်ပြုခြင်းကို ခံနေရပြီ ဖြစ်ပါသည်။ ယခုတကြိမ် မိမိတို့နိုင်ငံကို ကျူးကျော်ကျွန်ပြုကြသူမှာ နိုင်ငံရပ်ခြား တိုင်းတပါးမှမဟုတ်ဘဲ၊ တိုင်းပြည်အနှံ့ အပြား နေရာ လပ်မကျန် ထိုးဖောက်ဝင်ရောက်နေသော ပြည်တွင်းမှပင် ပေါက်ဖွားလာသည့် စစ်အာဏာရှင်များ ဖြစ်နေပါသည်။

အကယ်၍ ဗိုလ်ချုပ်အောင်ဆန်းသာ ယခုအထိအသက်ရှင်နေဦးမည်ဆိုပါက ကမ္ဘာ့အလယ်တွင် ရောက်ရှိနေသော သူ့ တိုင်းပြည်၏ အနေအထားအဆင့်အတန်းကိုကြည့်ပြီး ထိတ်လန့်တကြား ဖြစ်သွားပါလိမ့်မည်။ မြန်မာနိုင်ငံနည်းတူ ဗြိတိသျှ တို့၏ ကိုလိုနီ ပြုခြင်းခံခဲ့ရသော အိန္ဒိယ၊ စင်္ကာပူ၊ မလေးရှားနိုင်ငံတို့ကို မနာလိုစိတ်နှင့်ပင် ကြည့်မိကောင်းကြည့်မိနိုင်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၁၀ နှစ်အကြာ ၁၉၅၇ ခုနှစ်တွင် ထိုစဉ်က မလေးယားဟုခေါ်သော မလေးရှားနိုင်ငံက လွတ်လပ်ရေး ကြေညာခဲ့ပါသည်။

၁၉၆၅ ခုနှစ်တွင် စင်္ကာပူနိုင်ငံကလည်း သီးခြားလွတ်လပ်ရေး ကြေညာခဲ့သည်။ ယခုမူ ထိုနှစ်နိုင်ငံစလုံးသည် အရှေ့တောင် အာရှ၏ စီးပွားရေးအတောင့်တင်းဆုံးနိုင်ငံများ ဖြစ်နေကြသည့်အပြင် တောက်ပသော အနာဂတ်ကိုလည်း ပိုင်ဆိုင်နေကြပြီ ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံသည်လည်း ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ ဖြစ်နေသည့်အပြင် မဟာအင်အားကြီးနိုင်ငံအဖြစ်သို့ တက်လှမ်းလာနေပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံမှာမူ ဒီမိုကရေစီလည်း ဆိတ်သုဉ်း၊ စီးပွားရေးလည်း ချွတ်ခြုံကျနေသည့် အပြင် တည်ငြိမ်မှုလည်း ပျက်ပြားခဲ့ပြီ ဖြစ်ပါသည်။

နေပြည်တော် တပ်မတော်နေ့ အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တွေ့ရစဉ်

ယနေ့တွင် မြန်မာပြည်သူများသည် ကိုယ့်ကိုယ်ကို မြန်မာနိုင်ငံသားဟု ဂုဏ်မယူလို ကြတော့ပါ။ မြန်မာနိုင်ငံတွင် ဆင်းရဲ မွဲတေမှု၊ နိုင်ငံရေးပဋိပက္ခများနှင့် စစ်အာဏာရှင်စနစ်တို့သာ လွှမ်းမိုးနေရာ ဤသို့ မခံယူလိုကြသည်ကိုလည်း နားလည် စာနာဖွယ် ရှိပါသည်။ မြန်မာနိုင်ငံသားတို့ စစ်အစိုးအရကို ဖြုတ်ချရန် ကြိုးပမ်းနေကြချိန်တွင် တချို့ နိုင်ငံကိုစွန့်ခွာ ထွက် သွားကြရပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် အပယ်ခံ နိုင်ငံဖြစ်ရုံမျှမက ဒုက္ခအပေးဆုံး ကလေးဆိုးနိုင်ငံတခု အဖြစ်လည်း ကမ္ဘာက မြင်နေကြပြီ ဖြစ်ပါသည်။

သူ့စစ်သင်္ဘောများနှင့်အတူ ဗိုလ်ချုပ်ကြီးပရင်ဒါဂါတ်စ် မန္တလေးသို့ရောက်လာကတည်းက မြန်မာနိုင်ငံ၏ လွတ်လပ်ရေး၊ ကြွယ်ဝမှုနှင့် အမှီအခိုကင်းမှုတို့ ငြင်းပယ်ခံခဲ့ရပြီး မြန်မာပြည်သူများ ဆုံးရှုံးနစ်နာခဲ့ရပါသည်။ ပထမတွင် နိုင်ငံခြားသား ကျူးကျော်သူများကြောင့်ဖြစ်ပြီး နောက်ပိုင်းတွင် ပြည်တွင်းမှ စစ်အာဏာရှင်အဆက်ဆက်တို့ကြောင့် ထိုသို့ ဖြစ်ခဲ့ရသည်။

အနှစ် ၆၀ လွန်မြောက်ခဲ့ပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင်းမှ အစစ်အမှန် လွတ်လပ်ရေးအတွက် တိုက်ပွဲကား မပြီးဆုံး သေးပါ။ စက်တင်ဘာအရေးအခင်းသည် မြန်မာနိုင်ငံ၏ ရှည်ကြာလှသော လွတ်လပ်ရေးတိုက်ပွဲကို ကြေညာမောင်းခတ် လိုက်ခြင်းဖြစ်သည့်အပြင် ကမ္ဘာ့အသိုင်းအ၀န်းကိုလည်း သူတို့ဆက်လက်တိုက်ပွဲဝင်သွားကြမည်ဖြစ်ကြောင်း နှိုးဆော်သတိ ပေးနေခြင်းလည်း ဖြစ်ပါသည်။ [Top]
၂၀၀၇ ခုနှစ် ဇန်နဝါရီလထုတ် ဧရာဝတီမဂ္ဂဇင်းမှ အောင်ဇော် ရေးသားသည့် Independence Lost ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

http://www.irrawaddy.org/bur/Articles2008/January/11.html

ကဗျာဆရာစောဝေ အဖမ်းခံရသည့်ကိစ္စ အဖြစ်မှန်ပေါ် ပြီ


(အာ)ရင်ဘက်က ပြောတယ်
(နာ) နာခံစားတတ်မှ ခံစားမှ
(ရူး)ရူးရူးမှုးမှုးကို ဖြစ်နေမှ
(ကြီး)မြတ်တဲ့ အနုပညာလို့
(မှူး)မှုံမှိုင်းဝေစေတဲ့ ဓာတ်ပုံမော်ဒယ်မလေးရေ
(ကြီး)တောင့်ကြီးမားကျမှ အသည်းကွဲတဲ့ရောဂါတဲ့
(သန်း)ပေါင်းများစွာသော ချစ်တတ်သူများ
(ရွှေ)အတိချထားသော လက်များဖြင့် လက်ခုပ်တီး၍ရယ်ပါ။ ။
မကြာသေးမီ ရက်ပိုင်းက ချစ်သူများနေ့ အထိမ်းအမှတ် ‘ဖေဖော်ဝါရီ ဆယ့်လေး’ ကဗျာ ရေးသားမှုကြောင့် ကဗျာဆရာစောဝေ အဖမ်းခံရသည့် ကိစ္စသည် ယခုအခါ အဖြစ်မှန် ပေါ်ပေါက်ပြီဖြစ်ကြောင်း ကျွန်ုတို့၏ သတင်းထောက်မှ သတင်းပေးပို့လာပါသည်။ အဖြစ်မှန်မှာ ထိုကဗျာကို ကဗျာဆရာစောဝေက ယခင်နှစ်ကတည်းက အချစ်ဂျာနယ်သို့ ရေးသားပေးပို့ပြီး စာပေစိစစ်ရေးက ပယ်ထားပြီးဖြစ်သည်ဟု သိရပါသည်။ သို့ရာတွင် ယခုအခါ လူမှုရေးလုပ်ငန်းများ၊ အေအိုင်ဒီအက်စ်ဝေဒနာသည်များ ပြုစုစောင့်ရှောက်ရေး ကိစ္စရပ်များကို အားသွန်ခွန်စိုက် ဆောင်ရွက်နေသည့် ကဗျာဆရာစောဝေအား နိုင်ငံရေးအရ ချောက်ချချင်သဖြင့် ‘ချစ်သူများနေ့’ မတိုင်မီ ဇန်န၀ါရီလမှာပင် အချစ်ဂျာနယ် အယ်ဒီတာချုပ် မြတ်ခိုင်က ပုံနှိပ်ပြီး ဖြန့်ဝေလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ အဖြစ်မှန်ကို သိရှိရသည့်အတွက် စာပေအနုပညာ အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များက မြတ်ခိုင်၏ ကောက်ကျစ်စဉ်းလဲမှုအပေါ် အထူးဒေါသ ထွက်နေကြပြီး မြတ်ခိုင်အား အင်နှင့်အားနှင့် ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်နေကြကြောင်း သတင်းရရှိသည်။
ကဗျာဆရာစောဝေ အဖမ်းခံရသည့် ကိစ္စအပေါ် အဖြစ်မှန်ကို သိရှိသွားသူများက အယ်ဒီတာချုပ် မြတ်ခိုင်ထံသို့ ခြိမ်းခြောက်စာများ ပေးပို့ခြင်း၊ အများသုံး တယ်လီဖုန်းများမှတဆင့် ခြိမ်းခြောက်ပြောဆိုခြင်းများ ကြုံတွေ့နေရသည်ဟု မြတ်ခိုင်၏ ဇနီးဖြစ်သူ မနီက ကဗျာဆရာစောဝေ၏ ဇနီး ဒေါ်နန်းစန်းစန်းအေးထံသို့ ငိုကြီးချက်မ ရင်ဖွင့်ပြောဆိုကြောင်း သတင်းရရှိသည်။ ယခုအခါ စာပေအနုပညာရှင် အသိုင်းအ၀ိုင်းမှ ကဗျာဆရာစောဝေ အဖမ်းခံရသည့် ကိစ္စနှင့် ပတ်သက်၍ ကောက်ကျစ် စဉ်းလဲသူ မြတ်ခိုင်အပေါ် အရှိန်မြှင့် တုန့်ပြန်ဖို့ စီစဉ်နေကြကြောင်းလည်း သတင်းရရှိသည်။


http://drlunswe.blogspot.com/

Posted in Labels: | 0 comments

စာကြည့်တိုက်မရှိတော့တဲ့ ရန်ကုန်

လက်ရှိ အမျိုးသားစာကြည့်တိုက်ကြီးရဲ့ အခြေအနေကို ကျနော်မှတ်မိသမျှ တင်ပြချင်ပါတယ်။ အများသိကြပြီး ဖြစ်တဲ့အတိုင်း အထက်ဗမာနိုင်ငံကို အင်္ဂလိပ်မသိမ်းမီ ၁၈၈၃ ခုနှစ်မှာ အောက်ဗမာပြည် ၀န်ရှင်တော်မင်းကြီး ဆာချားလ်စ် ဘားနဒ်(နယ်ချဲ့) တည်ထောင်ခဲ့တဲ့ ‘ဘားနဒ်အခမဲ့ ပိဋကတ်စာကြည့်တိုက်’ကို ဗမာပြည် လွတ်လပ်ရေးရတဲ့ နှစ်မှာ ရန်ကုန်မြူနီစပယ်စာကြည့်တိုက် သဘောမျိုး ဆက်ခံထိန်သိမ်းခဲ့ရာ ၁၉၇၂ ကျမှ အစိုးရကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတော့မှ နိုင်ငံတော်စာကြည့်တိုက်သဘောမျိုးနဲ့ ဂျုဗလီဟောကို ရွှေ့ခဲ့စေပါတယ်။ စစ်တပ်အာဏာသိမ်းတဲ့ ၁၉၆၂ ခုနှစ်မှာ ပန်းဆိုးတန်း တိုက်အမှတ်-၁၆၆၊ ဒုတိယထပ်နဲ့ တတိယထပ်ကို ပို့ပြီး ပိတ်ထားခဲ့ပါတယ်။ ၁၉၆၅ ခုနှစ် ကုန်ခါနီးကျမှ ပြန်ဖွင့်ပါတယ်။ မြူမီစပယ်မြို့တော်ခန်းမမှာ ဖွင့်တာပါ။ ၁၉၇၄ ကျမှ ကမ်းနားလမ်း ခြောက် ထပ်ရုံးကို ပြောင်းပြီ ပြန်ဖွင့်ဖြစ်ပါတယ်။ အမည်အမျိုးမျိုး၊ နေရာအမျိုးမျိုး (၈) ကြိမ်ပြောင်းပြီးပါပြီ။

ခုလက်ရှိ အမျိုးသားစာကြည့်တိုက်ကြီးကို ၁၉၉၅ခုနှစ်ကစပြီး တာမွေသုဿာန်ဟောင်းကြီးထဲမှာ စတင်ဆောက် လုပ်ခဲ့ပါတယ်။ (၁၀)ဧကလောက် ကျယ်ပါတယ်။ အထပ် (၈)ထပ် ရှိပါတယ်။ သင်္ချိုင်းထဲမှာ ရှိပေမယ့် ခမ်းနားပါတယ်။ (၂)နှစ်နဲ့ အပြီးဆောက်မယ်ဆိုပေမယ့် ကျနော်ပြည်ပကို ထွက်လာတဲ့ ၂၀၀၂ နိုဝင်ဘာထိ မပြီးသေးပါဘူး။ (၁၀)နှစ်လောက် ကြာသွားတယ် ထင်ပါတယ်။ မပြီသေးပေမယ့် ၁၉၉၃ ခုနှစ် ကစပြီး ရွှေ့ပါတယ်။ ပေပုရပိုက်တွေကို အဖိုးအခယူပြီးဌားဖို့ဆိုထင်ပါရဲ့။ ဗိုလ်တထောင် ကောလိပ်ကို ရွှေ့လိုက်သေးတယ်လို့ ကြားရပါတယ်။ ဆာလာအိပ်တွေနဲ့ (၈)ခါရွှေ့၊ (၈)ခါကျိုးပဲ့မှာပါပဲ။

ကျနော်ထွက်လာပြီး မြန်မာတိုင်းမ်သတင်းစာမှာ ၂၀၀၃ ခုနှစ်က ဖေါ်ပြတဲ့ စာရင်းအရ စာနယ်ဇင်း ၆.၅ သိန်းခန့်၊ စာနက်စာအုပ် ၁.၈ သိန်းကျော် ရှိတယ်လို့ ဖေါ်ပြပါတယ်။ အခုအခါ ရွှေ့ပြောင်းပြီးလို့မှ အသားမကျခင် ဒီအဆောက်အအုံကြီးကို လေ လံပစ်ပြီး ရောင်းစားတော့မယ်လို့ ကြေညာလိုက်တော့ အရပ်ရပ် နေပြည်တော် ကြားလို့မတော်ဖြစ်ပြီး သုတေသီ ပညာတတ်လောကမှာ အတော်တုန်လှုပ် သွားခဲ့ရပါတယ်။ သုတေသီတွေက၀ိုင်းပြီး မရွှေ့အောင် ပန်းကြားဖို့ ကောင်းပါတယ်။

တကယ်ဆိုရင် အမျိုးသားစာကြည့်တိုက်ဆိုတာ အမျိုးသားစာပေကို သိမ်းဆည်းထားရာ နေရာဖြစ်ပြီး၊ သုတေသီ သုံးစွဲသူတွေနဲ့ နီးကပ်လွယ်ကူတဲ့ နေရာမှာ ရှိရပါမယ်။ အမျိုးသားစာကြည့်တိုက် အမျိုးအစား ပြည်သူ့စာကြည့်တိုက်တွေဟာ တိုင်းနဲ့ပြည်နယ်တိုင်းမှာ ရှိပါတယ်။ မန္တလေး၊ မော်လမြိုင်စတဲ့ တိုင်းနဲ့ပြည်နယ် မြို့တော်တွေမှာ ရှိပါတယ်။ ဒါကို ရန်ကုန်တိုင်း စာကြည့်တိုက်အဖြစ် နာမည်ပြောင်းပြီး၊ နေပြည်တော်သစ်မှာ စာကြည့်တိုက်အသစ် တည်ဆောက်ဖွင့်လှစ်ထားရှိပြီး အထူးလိုအပ်တဲ့ စာအုပ်တွေကို အသစ်ကူးယူ ထားရှိသင့်ပါတယ်။

လွတ်လပ်ရေးရတာ နှစ် (၆၀)ကြာမှ ကိုယ်ပိုင်အဆောက်အအုံနဲ့ ထားခွင့်ရတဲ့ စာကြည့်တိုက်ကြီးမှာ ငွေသုံး ဘတ်ဂျက်နည်းလို့ နိုင်ငံခြားစာအုပ်သစ်တွေ မ၀ယ်နိုင်ပါဘူး။ စာအုပ်ချင်း ဖလှယ်တာပဲ ရှိပါတယ်။ ခဲယမ်းမီးကျောက်၊ စစ်လေယာဉ်၊ စစ်ကားတွေပဲ ၀ယ်နေရတာကိုး။ ၁၉၉၀ ခုနှစ်က တနှစ်လုံးမှ ၅ သောင်းပဲရပြီး တိုးတောင်းလို့ ခုနှစ်သောင်းပဲ ရခဲ့ပါတယ်။ ၀န်ထမ်းက နေ့စားပေး ဆန် (၁၂)ပြည်နဲ့ ခန့်ထားသူတွေပါမှ ၂၅ ယောက်လောက်ပဲ ရှိခဲ့တာပါ။ ၀န်ထမ်းမလောက်လို့ အမျိုးသား စာစုစာရင်း အပြည့်အစုံ မလုပ်နိုင်ခဲ့တာဟာလည်း ကမ္ဘာ့အံ့ဖွယ်ပါပဲ။

ဘန်ကောက်က အမျိုးသားစာကြည့်တိုက် မှာ ပင်မစာကြည့်တိုက် အဆောက်အအုံမှာပဲ ၀န်ထမ်း (၁၂၅) ယောက်လောက် ရှိပါတယ်။ စာအုပ်ဆိုင်တွေမှာတောင် ကလေးစာဖတ်ခန်း ရှိပေမယ့် ဗမာပြည်မှာ ကလေးစာကြည့်ခန်း၊ ကလေးစာကြည့်တိုက် မရှိပါဘူး။ သူများနိုင်ငံရောက် ဗမာလူငယ်တွေက ကလေးစာအုပ်ဟာင်းတွေ လှူတော့ သူတောင်းစားနိုင်ငံ မဟုတ်ဘူးဆိုပြီး ဗိုလ်ခင်ညွန့်က ငြင်းပယ်ခဲ့ဖူးပါတယ်။

ဒီမိုကရေစီခေတ်က ရန်ကုန်မှာ ပြည်သူ့စာအုပ်တိုက်ခေါ် အများသုံးစာကြည့်တိုက် ရှစ်တိုက်ရှိခဲ့သတဲ့။ ခုရှိတဲ့ စာပေဗိမာန်စာကြည့်တိုက်နဲ့ ဂန္ဒီစာကြည့်တိုက်တို့ဟာ အသက်မ၀င်တော့သလောက် ပါပဲ။ ဒါကြောင့် ပုဂ္ဂလိက စာအုပ်အဌားဆိုင်လေးတွေ ပေါ်ပေါက်လာရတာကလည်း ကမ္ဘာ့အံ့ဖွယ်ပါပဲ။ နိုင်ခြားသား ကျောင်းသားတဦးက ထူးဆန်းလို့ အသေအချာကြည့်ပြီး စာတမ်းရေးဖူးပါတယ်။ စာကြည့်တိုက်မရှိလို့ ဒီလိုဖြစ်ရတယ်ဆိုတော့ အံ့သြသွားလေရဲ့။ နိုင်ငံခြားကလှူတဲ့ စာအုပ်တွေ ငြင်းပယ်ခံရဖူးပေမယ့်၊ ပြည်တွင်းစာအုပ်ဆိုင်တွေက စာအုပ်ဟောင်းတွေကိုတော့ အလှူခံပြီး ကျေးလက်စာကြည့်တိုက်၊ ရပ်ကွက်စာကြည့်တိုက် ကလေးတွေ ဖွင့်ခိုင်းနေတယ်လို့ ကြားရပါတယ်။

ဘာပဲဖြစ်ဖြစ် ၀မ်းသာပါတယ်။ ဒါပေမယ့် လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်မရှိပါဘူး။ ကြံ့ဖွံ့နဲ့ စွမ်းအားရှင် အစိတ်သား (တမတ်သား)ပါဝင်ပြီး၊ နိုင်ငံရေး မပါအောင် ကြီးကြပ်နေတယ်လို့ ကြားရတော့ စိတ်မကောင်းပါဘူး။
ကျနော်တို့ ကျောင်းသားဘ၀က မန္တလေးလမ်းမတလျှောက်မှာ စာဖတ်ခန်းလေးတွေ မှိုလိုပေါက်နေပါတယ်။ အနည်းဆုံးတော့ သတင်းစာမျိုးစုံ ကြည့်လို့ရပါတယ်။ နတ်နွယ်တို့၊မောင်မိုးသူတို့လို စာပေသမားတွေဟာ မန္တလေး ဒီလိုမျိုး ကိုးကားစာကြည့်တိုက်တွေက မွေးထုတ်လိုက်ခဲ့တာပါတဲ့။ ကျနော်တို့ဆိုရင် မန္တလေး မီးရထားရပ်ကွက် စာကြည့်တိုက်နဲ့ ကြီးပြင်းလာခဲ့ပါတယ်။

ကျနော်တို့ရွာ၊ ကိုတင်မိုးတို့ရွာတွေမှာလည်း စာကြည့်တိုက်ကလေးတွေ ရှိပါတယ်။ ကျေးလက်စာကြည့်တိုက်က လေးတွေက “အာရှလူငယ်”လေးတွေ ပေါ်ထွက်လာခဲ့ပါတယ်။ သူတို့ဟာ ဖက်စစ်တော်လှန်းရေး သားကောင်းလေးတွေအဖြစ် ကြီးပြင်းထွန်းကားလာခဲ့ပါတယ်။ စာကြည့်တိုက်တွေ ဖွင့်လိုက်တာဟာ ထောင်တံခါးတွေ ပိတ်တာနဲ့ အတူတူပဲလို့ ငယ်ငယ်က မှတ်ခဲ့ရဖူးပါတယ်။ ခုတော့ ထောင်တွေပဲ ထပ်တိုးလာပြီး စာကြည့်တိုက်တွေက ပိတ်ကုန်ပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ်ကို ဒါတခုနဲ့ပဲ တွက်လို့ရနေပါပြီ။

မြို့လယ်က ဂျုပလီဟောလို သမိုင်းဝင် အဆောက်အအုံ၊ စာကြည့်တိုက် ပြတိုက်ဟောင်းနေရာကို ဖျက်ပြီး စစ်သမိုင်းပြ တိုက်ဆောက်သတဲ့။ သမိုင်းဝင် အတွင်းဝန်ရုံးကိုလည်း ရောင်းစားတော့မတဲ့။ ဘနဖူး သိုက်တူးရက်လေခြင်း။ နောင်တစ်ခေတ်ရဲ့ အောင်စစ်သည်တွေဟာ စစ်တန်းလျားတွေ ရောင်းပစ်ကြပါစို့။
အကျဉ်းထောင်၊ အချုပ်ခန်းတွေ ရောင်းပစ်ကျပါစို့။ ပုဂံခေတ် ပိဋကတ်တိုက် အစဉ်အလာကို ပြန်လည်ထူထောင်ကြပါစို့။

မောင်စွမ်းရည်
၂၀၀၈၊ ဇန်န၀ါရီ

(စာမူပေးပို့သည့် ဂျပန်မှ မိုးသောက်ကြယ် ၀ိုင်းတော်သားများကို အထူးကျေးဇူးတင်ပါသည်)


http://drlunswe.blogspot.com/

ရွှေဝါရောင်လှုပ်ရှားမှု အထူးကြေညာချက်

ပြည်တွင်းပြည်ပရှိ တိုက်ပွဲဝင်ညီအကိုတော်အပေါင်းတို့ ခင်ဗျား...

အမေရိကန်အစိုးရမှာ နအဖ နှင့်ပတ်သက်တဲ့ ဒေါက်တိုင်တွေကိုထပ်မံပြီးဥပဒေအရ အရေးယူရန် ရှိပါတယ်။ ဒေါက်တိုင်တွေနဲ့ ပတ်သက်တဲ့သတင်းအချက်အလက်တွေကို ရွေဝါရောင်လှုပ်ရှားမှုသို့ ပေးပို့ ပေးကြပါရန် မေတ္တာရပ်ခံပါတယ်။ ထိရောက်စွာအရေးယူရန် ရှိသည်။ ပြည်သူလူထုရဲ့ စီးပွားရေး လုံးဝပျက်စီးအောင် လုပ်ခဲ့တဲ့ တရားခံများ စာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

တရားခံများ စာရင်း
၁- ထွန်းမြင့်နိင် (ခ) စတီဗင်လော
၂- နန်း စိန်နှောင်း ( ထွန်းမြင့်နိင်မိန်းမ)
၃- လော်စစ်ဟန်
၎- မိုက်ကယ်မိုးမြင့်
၅- ဥမ္မာ မိုးမြင့် ( မိုးမြင့် မိန်းမ)
၆- စည်သူမိုး မြင့်  ယခု North Carolina University မှာကျောင်းတက်နေသည်။
၇- ဖုန်းကျော်မိုးမြင့် ယခု North Carolina University မှာကျောင်းတက်နေသည်
၈- အောင်ကိုဝင်း ( ခ ) ဆရာကျောင်း
၉- နန်းသန်းထွေး ( အောင်ကိုဝင်းမိန်းမ )
၁၀- နန်း လန် ခမ်း ( အောင်ကိုဝင်းသမီး )
၁၁- နန်း မို ဟုန်း ( အောင်ကိုဝင်းသမီး )
၁၂ - ဦးအိုက်ထွန်း
၁၃- စန္ဒာ ထွန်း ( အိုက်ထွန်းသမီး )
၁၄- အောင်ဇော်နိင် ( အိုက်ထွန်း သား )
၁၅- မိမိခိုင် ( အိုက်ထွန်းသမီး )
၁၆- မက်စ် ဇော်ဇော်
၁၇- ဌေးဌေး ခိုင် ( မက်စ်ဇော်ဇော်မိန်းမ )
၁၈- ၀င်းအောင် ( Dagon International )
၁၉ - မိုးမြမြ (၀င်းအောင် မိန်းမ )
၂၀- အိနှင်းပွင့် (ခ) Chistabelle Aung ( ၀င်းအောင် သမီး )
၂၁- သရဏီအောင် (ခ) Christropher Aung (၀င်းအောင်ဒုတိယသမီး )
၂၃- အိနှင်းခိုင် ( ခ) Christina Aung ( ၀င်းအောင် စတုထသမီး )
၂၄- ဦးသိန်း ထွန်း (Myanmar Golden Star Co., Ltd. Crusher Drinks, Tun Foundation Bank )
၂၅- မောင်ဝိတ်
၂၆- မောင်ဝိတ် မိန်းမ -သားသမီးများ အမည်မသိရသေးပါ။
၂၇- နေ၀င်းထွန်း ( ပအို့ ဝ်လူမျိုး) - Ruby Dragon Jade&Gem Co Ltd.
၂၈- ၀င်းမြင့် ( UMFCCI )
၂၉- ၀င်းမြင့် မိန်းမ သားသမီးများ အမည်မသိရသေးပါ။
၃၀- ချစ်ခိုင် ( Eden Group )
၃၁- အောင်မြင့် ( Mother Trading Company Ltd.)
၃၂- ဦးကျော်မြင့် ( Golden Flower Company)
၃၃- ရွေသံလွင်ကျော်ဝင်း
၃၄- မင်းမင်း အောင် ( Silver Wave Energy)

အမေရိကန်အစိုးရမှ လိုချင်နေတဲ့ အချက်အလက်များ
၁- မွေးနေ့ သက္ကရာဇ်
၂- နေရပ်လိပ်စာ
၃- အရပ်အမောင်း ၊ ပုံသဏ္ဏာန်
၎- ပညာအရည်အချင်း
၅- မိန်းမ၊ သားသမီးများ အမည်နှင့် အချက်လက်များ

ဘယ်သူသေသေ ငတေမာရင်ပြီးရော
ဒီလူတွေဟာ ၀ိသမစီးပွားရေးသမားများ ဖြစ်ပါတယ်။ ၀ိသမစီးပွားရေးသမား ဆိုတာကတော့ ဈေးကွက်တခုလုံးကို အာဏာပိုင်နဲ့  ပေါင်းပြီး ကိုယ်ကျိုးရှာ သူများဖြစ်ပါတယ်။ သူတို့  ဟာ ဈေးကွက်တခုလုံးကို လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့်ရလာတဲ့အတွက် အဆမတန် ကြွယ်ဝချမ်းသာလာတဲ့ ခေတ်ပျက်သဌေးတွေမျှ သာ ဖြစ်ပါတယ်။ သူတို့ ရဲ့ အရေအချင်းကြောင့် ကြွယ်ဝချမ်းသာလာတာတွေ မဟုတ်ပါဘူး။ အရင်ဘ၀က ကောင်းမှု့တွေကြောင့် ချမ်းသာလာတဲ့ သူတွေလည်း မဟုတ်ပါဘူး။ ဒီလိုလွဲမှားတဲ့ အယူဆတွေဟာ မှားယွင်းပါတယ်။ ဒီလို သူဌေးတွေ များလာခြင်း၊ ဒီလို ဈေးကွက်ဖြစ်ပေါ်လာခြင်းဟာ ဒီမိုကရေစီကို အထောက်အကူ မပြုပါဘူး။ အာဏာရှင်စနစ်ကိုပဲ သက်စိုးရှည်စေပါတယ်။ သူတို့ ကို သစ္စာရှိခြင်းဟာ တိုင်းပြည်နဲ့ လူမျိုးကို သစ္စာဖေါက်ခြင်း ဖြစ်ပါတယ်။ သင်ဟာ သူတို့ နဲ့ ပတ်သက်ပြီး သိရှိထားသမျှ အချက်အလက် တခုဟာ ဒီမိုကရေစီရရှိရေး အတွက် စွမ်းဆောင်ချက်တခု ဖြစ်ပါတယ်။ ကျနော်တို့ ကို ပြောပြပါ။

ပေးပို့ နိင်သည့် အီးမေးလ်
wefightwewin@gmail.com
radiomin@gmail.com
mindfulness07@gmail.com



http://komoethee.blogspot.com

ဆင်ဆာခေတ် နိဂုံး ချုပ်သွားပြီ

ခေတ် သစ်မီဒီယာ နိဒါန်းကိုစပြီ

စာနယ်ဇင်းသမားတွေ နိုးထကြလော့
- မိုးသီးဇွန် -


မင်းတုန်းမင်းကြီးက ငါမကောင်းရင် ငါမကောင်းတဲ့ အကြောင်းကိုရေး၊ ငါမိဘုရားနဲ့ မင်းသားမင်းသမီးတွေမကောင်းရင် သူတို့ အကြောင်းကိုရေးကြလို့ သတင်းစာလွတ်လပ်ခွင့်ကိုဖွင့်ပေးခဲ့တယ်။ သက်ဦးဆံပိုင်ပဒေသရာဇ်တဦးက သတင်းစာ လွတ်လပ်ခွင့် ပေါ်လစီ မျိုးစေ့ကိုချပေးခဲ့တယ်။ ဒါပေမဲ့ မြန်မာ့ သတင်းစာလွတ်လပ်မှုဟာ အစကောင်းခဲ့ပေမဲ့  အာဏာရှင်စနစ်အောက်မှာ ဇတ်သိမ်းမကောင်းဖြစ်နေတယ်။ မရူမလှဖြစ်နေတယ်။

မဆလ ကနေ န၀တ နအဖ စစ်အစိုးရတွေဟာသတင်စားလွတ်လပ်ခွင် စာပေလွတ်လပ်ခွင့်ကို အပြင်းအထန် နိပ်ကွပ်ပိတ်ပင်ထားပါတယ်။ အနီ ဆိုတာကိုကဗျာမှာမသုံးရ၊ သွေးဆိုတာကို မရေးရ၊ အမေဆိုတာဘယ်သူကိုပြောတာလည်း ၊ နှင်းဆီဆိုတာဘာကိုဆိုလိုတာလည်း၊ ဆင်ဆာအဖွဲ့ က အဆက်မပြတ် မေးခွန်းထုတ်တာတွေ ၊သွေမင်သုတ်တာဆုတ်ဖြဲတာတွေကိုခေါင်းငုံခံနေခဲ့ကြရတယ်။


မွန်မြတ်တဲ့စကားလုံးတွေဖြစ်တဲ့အမှန်တရား၊တရားမှု၊သူရဲကောင်း၊တော်လှန်ရေး၊ပြည်သူအောင်ပွဲဆိုတဲ့စကားလုံးတွေကတော့ကျောက်စာထဲကစကားလုံးတွေလို ပဲ မြန်မာ ဘာသာဗေဒနယ်ကနေ တစတစတိမ်ကော်ပျောက်ကွယ်ခဲ့။

မြန်မာတိုင်းမစ် ကျဉ်ပွေ့ ထိခြင်း

အခုတော့ နအဖ နဲ့ အတော်လေးကိုအလွမ်းသင့်လှတဲ့ မြန်မာတိုင်းစ်တောင်မှာ နာခေါင်းကို ကျဉ်ပွေ့ ထိလာပြီ။ မြန်မာဘာသာနဲ့ ထုတ်ဝေတဲ့ မြန်မာတိုင်းမ်းစ် သတင်းစာ ကို နအဖက ဆင်ဆာ လုပ်လိုက်တာ ခံလိုက်ရပြီလို့ နယူယောက်တိုင်းသတင်းစာမှာ ဖေါ်ပြလာပါတယ်။ သတင်းမှာ နအဖ က မြန်မာတိုင်းမ်စ် မြန်မာ လို့ ထုတ်ဝေမှုကို တပတ် ရပ်ဆိုင်းဖို့ အမိန့် ထုတ်ခဲ့တယ်။ တနည်းအားဖြင့် မြန်မာ တိုင်းစ်ကို အပြစ်ပေးတာပေါ့။ မြန်မာတိုင်းစ်ဂြိုလ်တု စလောင်း ဈေးမြင့်လိုက်တာကို ဖေါ်ပြမိလို့  ဟု အယ်ဒီတာ ရိုစ် ဒန်ခင် ( Ross Dunkley ) က ပြောပါတယ်။ နအဖ က စလောင်းဈေးကို ဒေါ်လာ ၈၀၀ အထိမြင့်တင်ခဲ့တယ်။ဒါဟာ မြန်မာလူမျိုးတဦးတနစ်လုံး ၀င်ငွေရဲ့  သုံးဆအထိ မြင့်နေပါတယ်လို့  အေပီသတင်းကဆိုပါတယ်။ စလောင်းတွေကိုဈေးမြင့်တာနဲ့ ပတ်သက်လို့  ရန်ကုန်မြို့ ခံတွေက သုံးသပ်တာက စလောင်းတွေကနေ မြန်မာပြည်မှာ ဖြစ်နေတဲ့အခြေအနေကို ပြည်သူလူထုကမြင်လာတယ်။ အထူးသဖြင့်သံဃာတွေဦးဆောင်တဲ့ရွေဝါရောင်တော်လှန်ရေးတုံးက ဒီဗွီဘီနဲ့ လလ်ဂျာဇီးယား သတင်းအေဂျင်စီတွေက ထုတ်လွင့်မှုတွေကို ပြည်သူတွေက ကြည့်ရူခွင့်ရခဲ့တယ်။ ဒီတော့နအဖက စလောင်းတွေကိုတန်ဖိုးမြင့်တင်ခြင်းအားဖြင့် ထိမ်းချုပ်ဖို့ ကြိုးစားလာတာကို သုံသပ်ကြပါတယ်။

ဘာဖြစ်လို့ ဒီလို ထိန်းချုပ်တာလည်း

အာဏရှင်တွေက ဘာဖြစ်လို့  ဆင်ဆာဖွဲ့ ပြီးစာနယ်ဇင်းတွေကိုထိမ်းချုပ်တာလည်း
အဖြေကတော့ရှင်းတယ်။ လူတွေကလွတ်လပ်မှု အကြောင်းကိုပြောလာမှာဆိုးလို ပါ။ အမှန်တရားကိုသိမြင်လာမှာဆိုးလို့ ပါ။ အီရန်အာဏာပိုင်တွေက အလွန်ကွန်ဆာဗေးတစ်ဆန်တဲ့ နေရှင်နယ်ဂျီအိုဂရပ်ဖ် မဂဇင်းကို (၂၀၀၆ခုနစ် ဖေဖေါ်ဝါရီလထုတ် )ဆင်ဆာဖြတ်ခဲ့ဘူးတယ်။ ရိုဒီရှားဟာရယ်လ်ဒ် သတင်းစာကို ရိုဒီးရှားအစိုးရ ဆင်ဆာဖြစ်ခဲ့တယ်။ စတာလင်လက်ထက်မှာဆင်ဆာဟာ ခေါင်းဖြတ်စက်တခုလို လူတွေရဲ့ ဆင်ခြင်ထုံတရားကိုသတ်ဖြတ်ခဲ့တယ်။ ဘာဖြစ်လို့ ခုလို သတင်းလွတ်လပ်ခွင့်ကိုအာဏာရှင်တွေ ထိမ်းချုပ်ဖို့ ကြိုးစားခဲ့ကြသလည်း အဖြေကတော့ရှင်းပါတယ်။



အမှန်းတရားကိုသွားရလမ်းမှာ မီဒီယာဟာ တံတားတချောင်းဖြစ်နေတယ်။ သတင်း မီဒီယာကု တော်လှန်ရေးတရပ်အတွက်အလွန်အရေးကြီးတဲ့ ပြည်သူဆက်ဆံရေး နည်းစနစ်တရပ်အဖြစ်တည်ရှိလာတဲ့အတွက် နအဖက နေခုလို ထိမ်းချုပ်လာတာဖြစ်တယ်။ မြန်မာတိုင်းမ်းစ ကိုမှမဟုတ်ပါဘူး။ မြန်မာ စာနယ်ဇင်းလောက တခုလုံးဆင်ဆာ နဲ့ ပိတ်ပင်တာကိုခံနေခဲ့ရတာကြာပြီ။ တလောက အာအက်အေ က ဦးမောင်မောင် ငြိမ်း က နယ်စပ်ကိုရောက်လာတဲ့ မြန်မာစာနယ်ဇင်း က စာပေ အင်အားစုတွေနဲ့ တွေ့ ဆွေးနွေးပွဲ တခု လုပ်တာကိုနာထောင်ခဲ့ရသေးတယ်။ ဆင်ဆာအဖွဲ့ ရဲ့  သိမ်းကြုံး ဆင်ဆာဖြတ်နေတာတွေကိုရင်ဖွင့် သွားတာကို မှတ်သားခဲ့ရတယ်။

ဆင်ဆာနိဂုံချုပ်ပြီ

ဆင်ဆာ နဲ့ နည်းမျိုးစုံ ပိတ်ပင်ထားလို့ ကျနော်တို့ ဘာမှရေးလို့ မရဘူးလို့ ငြီးတွားနေစရာမလိုတော့ ဘူး။ စစ်အစိုးရ က သူပိတ်စရာရှိတာပိတ်မှာပဲ ။ ပိတ်စို့ မှုတွေကို ဖွင့်ချရမှာက ကျနော်တို့ အလုပ်။ ဆင်ဆာခေတ် ဟာ နိဂုံးချုပ်သွားပါပြီလို့ ပြောလိုက်ပါရစေတော့။ ဘာဖြစ်လို့ လည်း အင်တာနက်မီဒီယာ ပေါ်လာတဲ့အခါမှာ တော့ ဆင်ဆာတည်းဟူသော တံတိုင်းဟာ ပြိုလဲသွားပါပြီ။ တရုပ်တက်ကြွလှုပ်ရှားသူတွေက ရေဒီယို ထက် အင်တာနက်ကို သုံးပြီး လူတွေကိုဆက်သွယ်လာတယ်။ တရုပ်ပြည်လူသန်း တထောင်ကျော်ရှိတယ်တဲ့အနက်
အင်တာနက်သုံးစွဲသူဟာ သန်း ၃၀၀ကျော်ရှိလာလို့ ပဲဖြစ်တယ်။ ခေတ်သစ်မီဒီယာမှာ အင်တာနက်၊ အီးမေးလ် ၊ ဘလောက်နဲ့ ယူဂျုဗ်တို့ က ဆင်ဆာတွေတံတိုင်းတွေကိုတခုခု ပြီးတခု ကျော်ဖြတ်လာနိင်ပါပြီ။
ဘလောက်ဂါတွေက သူတို့ ကိုယ်ပိုင်ဘလောက်တွေကို ရေးပြီး ဆင်ဆာဘုတ် ထိပ်ပုတ်ဆက်ဆံနေကြပါပြီ။
သံဃာတွေလှုပ်ရှားမှုကြီးအပြီးမှာ မြန်မာဘလောက်ဂါတွေက နအဖ ကို လက်သံပြောင်ပြောင် နဲ့  ထိုးနက်နိင်ခဲ့ကြတယ်။ ကိုထိုက်၊ ဆုံဆည်းရာ၊ နစ်နေမာန်း၊ မေငြိမ်း၊ ယောဟန်အောင်၊ လင်းလက်ကြယ်စင်၊
မျိုးချစ်မြန်မာ ၊ ဒီအိုင်ဒီ စတဲ့ ဘလောက်ဂါတွေက ရှေးတန်းရောက် ပြည်သူမီဒီယာတွေဖြစ်လာကြတယ်။ ၀မ်းနည်းစရာကောင်းတာကတော့ ၀ါရင့် စာပေပညာရှင်တွေရဲ့ စာမူပေတွေ ကိုလုံဝမတွေ့ ရသလောက်ဖြစ်နေတယ်။

စိန်ခေါ်မှု

စစ်အစိုးရက ပြည်တွင်း ဘလောက်ဂါတွေကို ပိတ်နိင်တယ်။ ဘလောက်တွေကို တည်ဆောက်တဲ့နည်းပညာ မသိတာရှိနိင်တယ်။ စစ်အစိုးရက အင်တာနက်ကိုပိတ်နိင်တယ်။ ဒါတွေက စစ်အစိုးရက ထိမ်းချုပ်လာနိင်တဲ့ အရာတွေ။ နောက်တခုက စာပေညာရှင်အများစုက ခေတ်သစ် အင်တာနက်မီဒီယာကို အလွန်စိမ်းနေကြတယ်။

နည်းလမ်း

ပိတ်တဲ့သူကပိတ်မှာပဲ အတားအဆီးအယံတားတွေကိုကျော်လွားရမှာက လည်းကျနော်တို့ အလုပ်ပဲ ။ သော့ခလောက်တိုင်းဟာ မာစတာကီးကိုတော့ မပိတ်နိင်ပါဘူး။ ကြွက်လေးတကောင်က ပိတ်နေတဲ့လမ်းမှာ လမ်းမှန်ကိုရောက်အောင်သွားနိင်ရင် ကျနော်တို့ ကလူသားအရင့်မကြီး ပိတ်နေတာကို ကျော်နိင်တဲ့နည်းလမ်းကရှိကိုရှိတယ်။

၁- စာနယ်ဇင်းတခု မှာရေးလို့ မရ ရင် ဘလောက်တွေဆောက်ပြီးရေးနိင်ပါတယ်။ ကိုယ်ပိုင်ဘလောက်တွေက နေ မိမိရဲ့ အတွေးအမြင်တွေကိုရေးသားနိင်တယ်။ ကဗျာတွေ၊ ကာတွန်းတွေ၊ ဆောင်းပါးတွေ ၊ ပေါ်လစီဆိုင်ရာ သုံးသပ်ချက်တွေ စသဖြင့် အမျိုးစုံအောင်ရေးနိင်ပါတယ်။ (စာနယ်ဇင်းတခု ဟာစောင်ရေးတစ်သောင်းမကျော်ပါဘူး။ ဘာလောက်တွေမှာတော့
ဖတ်တဲ့သူဟာ သိန်းနဲ့ ချီပြီး ရှိလာတာကိုတွေ့ ရတယ်။ )

၂-ကိုယ်ပိုင်ဘလောက်ဆောက်ရတာအန္တရယ်များရင် အီးမေးလ်တွေကနေ ခင်ဗျားတို့ ရဲ့ စာမှုတွေကို ပြည်ပအခြေစိုက်တည်ဆောက်ထားတဲ့ ဘလောက်ဂါတွေက တဆင့် ၊ ကမ္ဘာလှည်ခရီးသွားတွေကတဆင့်၊ နယ်စပ်ကုန်သည်လမ်းကြောင်းတွေကတဆင့် စာမူတွေကို ပေးပို့ နိင်ပါတယ်။
၃- ကလောင်နာမည်ကိုပြောင်းပါ။ လုံခြုံရေးအတွက်ပြောတာပါ။
၎ - ပြည်တွင်းမြေအောက်ရဲ ဘော်တွေက စာပေပညာရှင်တွေကို ချဉ်းကပ်စည်းရုံးပြီး သူတို့ ရဲ စာမူတွေ ( ဆောင်းပါး၊ ကဗျာ၊ကာတွန်း၊ ဟာသ၊ သရောစာ၊ သုံးသပ်ချက် တွေ) ကို တောင်းယူပြီး ဘလောက်ဂါတွေဆီပို့ ပေးနိင်တယ်။

နိဂုံး -

ဆင်ဆာခေတ်ကုန်သွားပြီ။ ဆင်ဆာပိတ်ထားလို့ ကျနော်တို့ ဟာ ရေးခြင်သလောက်မရေးနိင်တော့ ဘူး ဆိုတဲ့ဆင်ခြေဟာ လုံလောက်တဲ့ဆင်ခြေမဟုတ်တော့ပါဘူး။ ခေတ်သစ်မီဒီယာ တံခါးက သင်တို့ ရဲ့ တွေးမြင်သစ်တွေကို ပွေ့ ဖက်ကြိုဆိုနေတယ်။ ရင်ထဲရှိတာတွေ ရေးချလိုက်စမ်းပါမိတ်ဆွေ။ မိတ်ဆွေကို အေရာမစာဖတ်ပရိတ်သပ် တွေ စောင့်ကြိုနေပါပြီ။ ရဲရဲ တွေးရဲရဲ ရေးကြပါစို့ ။

http://komoethee.blogspot.com/