Tuesday, January 8, 2008

ပြည်သူတွေကိုယ်စားပြောပေးနေတဲ့ .....ကိုဇာဂနာ နှင့်  သီးလေးသီး


သံဃံပူဂျေးမိ(ပူဇေးမိ မဟုတ်ပါ)မှ လွတ်မြောက်လာခြင်း


ရန်ကုန်မြို့တော်ခန်းမရှေ့မှာ တစ်ပါးထဲ ဆန္ဒပြခဲ့တဲ့ ပဲခူးမြို့ ကလျာဏီ ကျောင်းတိုက်က ဆရာတော် ကြီး ဦးတေဇောဘာသ မနေ့က လွတ်မြောက်လာပါတယ်။သက်တော် ၇၆ နှစ် ရှိပြီဖြစ်တဲ့ဆရာတော်ကြီးကို ပထမ ကGTCကျောင်းဝင်းထဲက ရဲအကျဉ်းစခန်း ပြီးတော့ ပုလဲ မြို့သစ်က အကျဉ်းစခန်း နောက်တော့ အင်းစိန်ထောင် ဆေးရုံဆောင် ပြီးမှ အင်းစိန်သီးသန့်ထောင်တို့ကို ပြောင်းရွှေ့ချုပ်နှောင်ခဲ့ပြီး ၂၅ အောက်တိုဘာ ည မှာတော့ တခြား သံဃာတော် ၁၃ ပါးနဲ့အတူ ပြန်လွှတ်ပေးခဲ့ပါတယ်။ခြေထောက်မှာ သံခြေကျင်းခတ်ထားတဲ့ ဒဏ် လက်နောက်ပြန်ကြိုးတုပ်ထားတဲ့ ဒဏ်တွေနဲ့ဆရာတော် ကြီးဟာ လမ်းကောင်းကောင်းမလျောက်နိုင်သလို လက်လဲမမြှောက်နိုင်ရှာပါဖူး။

ဇာ၈နာတို့များအခြောက်တိုက်

နံ့မယ်ကြီးချင်တော့ဇာဂနာပျက်တဲ့ပျက်လုံးဆိုပြီးပေါ်နေပြန်ပြီဗျာ။ချယ်ဆီးအသင်းရဲ့ပိုင်ရှင် ရုရှားကြီးကားတိုက်လို့ ဦးခေါင်း မှာ ဒဏ်ရာရသွားတယ်။ဦးနှောက်လဲရမှာ တဲ့။သူတို့ပေးကျွေးမြှောက်ပေးထားတဲ့ မြန်မာပြည်ကိုလှမ်းဝယ်ရင်ပေါချောင်ချောင် ရနိုင်တယ်ဆိုပြီး အရေးပေါ် မြန်မာပြည်မှာ ပူပူနွေးနွေးသေဆုံးထားတဲ့လူတစ်ယောက်ယောက် ရဲ့ ဦးနှောက် လိုချင်တယ် ဆိုပြီး ကမ်းလှမ်းလိုက်ပါရော။မြန်သဗျာ ချက်ချင်း အကြောင်းပြန်လာတယ် ဒါရိုက်တာ ကိုအောင်မင်းသိမ်း နဲ့ ၀န်ကြီးချုပ် တို့ရဲ့ ဦးနှောက် ရမယ် တဲ့။ဈေးပြောပါဆိုတော့ ကိုအောင်မင်းသိမ်း ဦးနှောက် က ဒေါ်လာ တစ်သိန်း ၀န်ကြီးချုပ်ဦးနှောက် ကတော့ ဒေါ်လာ တစ်သန်းတဲ့။ဟာ ၀န်ကြီးချုပ် ဦးနှောက် က ဒီလောက်တောင် ဈေးကြီးနေရတာ ဘာကြောင့်လဲ ပိုကောင်းနေလို့လားဆိုတော့ မဟုတ်ပါဖူးတဲ့ ၀န်ကြီးချုပ် ဦးနှောက် က တစ်ခါမှ မသုံးရသေးတဲ့ အသစ် စက်စက် မို့လို့ပါ တဲ့ ဗျား။

တန်ဆောင်တိုင်ညအငြိမ့်ပွဲ

တြိချိုးခွန်းတောက်

လ တန်ဆောင် ခါသမယ ပေမို့
ည အရောင်သာယာစွရယ်လို့
လာလာသမျှ စိတ်ပျော်ရွှင်။
ဖျော်ဖြေကြောင်းရယ် နဲ့
စုပေါင်းကာ အနုပညာအားကို
ထားကြစုံလင်။ ။
နှင်းမှုန်ဝေ ခ၀ဲမာလာ ပန်းတွေက
သင်းထုံနေအမြဲမကွာ လန်းပြန်တော့
ပုလဲရတနာ ဆန်းတို့က မှုန်ပြာဝေ
စုံပဏ္ဏာခြွေပါလို့ ဝေးနေအပေါင်း
(ပရိသတ်တို့ရေ)
ဘုံ မြန်မာပြေ မှာတော့ အေးစေကြောင်း။ ။
ကြယ်သီး။မင်္ဂလာ ရှိလိုက်တာ ကိုပန်းသီးရယ် တန်ဆောင်မုန်း ဗြိစ္ဆာ ကြတ္တိကာ ရောင်ဝါ ရှိန်သို့ဖြိုး ခ၀ဲ ပွင့်ချိန် ခင်းကထိန် ရွှေအိမ် ပိုင်လည်စိုး ဆိုတဲ့ စာ ချိုးအတိုင်းပေါ့ဗျာ တန်ဆောင်မုန်း ခါသမယ မှာ ခ၀ဲ ပန်းတို့က လဲပွင့်လို့ ကထိန် တွေလဲ ခင်းလို့ မနှစ်က ပြောပါတယ်
စိန်သီး ။ဒီနှစ်ပြောပါဟ
ကြယ်သီး။ကထိန်လဲ ၀မ်းဖိုးဖိုးနဲ့ပါသွားလို့
ပန်းသီး ။စကားတွေဘေးရောက်ကုန်ပါ့မယ် ကထိန်ခါသမယ ဆိုတော့ ဆရာတော် သံဃာတော် များလဲ ကထိန်သင်္ကန်း ကပ်လှူရပေတယ်
ဇီးသီး ။မှန်ပါတယ် မသိုးသင်္ကန်း လို့ဆိုတာကိုး ခုတော့ သိုးကုန်ပါပြီ မကပ်ရပဲ သိမ်းထားလိုက်၇လို့
စိန်သီး ။ကဲပါ မိဖပြည်သူများတွက် ဆုတောင်းပေးကြပါစို့ မြန်မာပြည်သူပြည်သားများ အပါယ်လေးပါးနဲ့
ဝေးကြပါစေ ကပ်သုံးပါးနဲ့လဲ မကြုံကြပါစေနဲ့
ကြယ်သီး ။ကြက်ကြီးသုံးပါးလဲ ဝေးပါစေ
ဇီးသီး ။ကပ်ကြီး သုံးပါးပါ
ကြယ်သီး။ကြက်ငှက်တုပ်ကွေး ဝေးပါစေ ဟော ကြက်တစ်ပါး ကြက်သွန်နီမစားရတဲ့ဘေး
ဝေးပါစေ ဟော ကြက်နှစ်ပါး ကြက်ဆူပင် စိုက်ရတဲ့ဘေး ဝေးပါစေ ကြက်သုံးပါး
စိန်သီး ။ယပ်ပစ်ရှစ်ပါးဝေးပါစေ
ပန်းသီး ။မင်းကသာ ဝေးပါစေ ပြောနေ ငါ့ရှေ့မှာဦးဇင်းတွေ ယပ်ပစ်ပြီးပြေးတာ ရှစ်ပါး မကဖူး
စိန်သီး ။ခက်တော့နေပြီ ကိုင်း ရန်သူမျိုး ၃ပါး ဝေးကြပါစေ
ပန်းသီး ။ရန်သူမျိုး ငါးပါးပါ ဟ
စိန်သီး ။မင်း ဘာသိလဲ ၇န်သူငါးပါးဆိုတာကေ၇ မီး မင်း သူခိုး မချစ်မနှစ်သက်သူ ငါးပါးနော်။ခု ပြောင်းသွားပြီ။မင်း ရယ် သူခိုးရယ် မချစ်မနှစ်သက်သူရယ် က တစ်ယောက်ထဲ ဖြစ်သွားလို့ ရန်သူမျိုး သုံးပါး။
(ထိုနောက် မင်းသမီး ထွက်လာ က စေ)
(ဆက်လက် ကပြ အသုံးတော် ခံပါ့မည်)

ကြယ်သီး။ငွေနှင်းထန်စွာကျမှောင်တုန်းဟာမို့ နေမင်းဖလ်ဝါ မြအရောင်ဖုံးပြီး
လတန်ဆောင်မုန်း နတ်ပြည်လို သာလိုက်တာ ကြတ္တီကာ မိုးဘွေခွင် က မြန်းပြန်တော့
ကတိုးရေစင်ဖြန်းလို့ စန်းပေါ်ထွက်ကထဲက
မသိုးရွှေသင်္ကန်း နန်းတော် က ရက်သည့်ပြင်
ပန်းတော်ဆက် ပုလဲပွင့်တဲ့နံ့သာနီလို
ခ၀ဲပွင့်တဲ့ရာသီ တစ်အိမ်တရပ် မယွင်းပဲ
ကထိန်ဥာတ်ခင်း တန်ဆောင်တိုင် လှူသည့်
တောင်ခ၇ိုင်ဇမ္ဗူ စိတ်ဟာ ရွှင်ကြ
ဗြိစ္ဆာခွင် ထက်ရပ်ဘုံက
နက္ခတ်အစုံ စိန်ရောင်အသွေးလင်းတော့
တသိန်ဆောင်တဲ့တေးသီးချင်းနဲ့ ပညာဒြပ် မဆုံးနိုင်သည့်
တိမ်မှောင်ဝေးကင်း အစဉ်အလာ မပြတ်သုံးရအောင်(ရွာစားရေ)မင်္ဂလာ ပတ်လုံး ဖွဲ့။
(မင်းသမီး ထွက်လာ ကာ က စေ)
ပန်းသီး ။အဲဒါတွေ ခက်နေတာပဲ ခေတ်က ပြောင်းနေပြီ အင်တာနက်ခေတ် အိုင်တီ ခေတ် တစ်ခါလာ လဲ
တိန်နောင် တိန်နောင် နဲ့ ပြီးကြတော့မှာလား
စိန်သီး ။ဒါမြန်မာ့ရိုးရာ ကွ တို့ထိန်းရမယ်
ပန်းသီး ။တစ်ဆိတ်ရှိ ၇ိုးရာ နဲ့ကိုင် ကိုင် မပေါက်ပါနဲ့ မော်ဒယ်ရှိုးမှာ တုံးလုံးချွတ်မလို
လျောက်တာကျတော့ဒါ၇ိုးရာလား
စိန်သီး ။ဟဲဟဲ ဒါကတော့ ဘဘ တို့ ကြိုက်တာကိုး
ဇီးသီး ။အော် စကားတွေ ရော ကုန်ပြီ မင်းတို့ ဘာဖြစ်ချင်လဲပြော
ကြယ်သီး။ခေတ်နဲ့အညီပြောင်း၇မယ် ဟစ်ဟော့ ခေတ်ဆို ဟစ်ဟော့ ဒါမျိုး
စိန်သီး ။ဟေး မပြောင်းဖူး အပြောင်းအလဲကို ငါ မကြိုက်ဖူး ဒါရိုက်တာ မောင်မျိုးမင်းရဲ့ ရုပ်ရှင်လေ
ဇီးသီး ။မပြောင်းဖူး ဗမာ မှ ဗမာ
ကြယ်သီး ။နိုင်ငံတကာ နဲ့ဗမာ ယှဉ်ကြည့်မလား
ဇီးသီး။စိန်လိုက်
(ဆိုင်းဝိုင်းမှ နတ်ဒိုးတီးပေးရန်)
ပန်းသီး ။သူများတကာ့နိုင်ငံတွေမှာ ဖောရင်းဆိုတဲ့နိုင်ငံတွေမှာ လေယာဉ်ပျံဆိုတာ အပေါစား များလွန်းတယ်တဲ့ဗျား။
စိန်သီး ။ဒီလောက်တော့အပျော့ပါကွယ် အဲဒီလောက်တော့အပျော့ပါကွယ်ငါတို့ဗမာ လေယာဉ်မနှေး
စင်္ကာပူတောင်မရောက်သေး ခရီးစဉ် ဖျက်ရတယ်တဲ့ဟေး
ဇီးသီး ။မှတ်ထား အဲဒါ ပုဂံ အဲလေ ဗမာ
ကြယ်သီး ။သူများတကာ့နိုင်ငံ့တွေမှာ ဖောရင်းဆိုတဲ့နိုင်ငံတွေမှာ စက်မှုပညာ လွန်ထွန်းကား မော်တော်ကားတွေ များ
စိန်သီး ။ဒိလောက်တော့အပျော့ပါကွယ် အဲသလောက်တော့အပျော့ပါကွယ် တို့ဗမာပြည်မော်တော်ကား စက်မှုဇုန်ထုတ်မော်တော်ကား ဘယ်ကိုကွေ့တော့ ညာကို သွား အားလုံးမာလကီးယား
ဇီးသီး ။မှတ်ထား အဲဒါ ထီလာဂျစ်
ပန်းသီး ။သူများတကာ့နိုင်ငံတွေမှာ ဖောရင်းဆိုတဲ့နိုင်ငံတွေမှာ နွားနို့မလိုင် လွန်ပေါများ လမ်းမပေါ်တောင်သွန်လို့ထား
စိန်သီး ။။ဒိလောက်တော့အပျော့ပါကွယ် အဲသလောက်တော့အပျော့ပါကွယ် တို့ဗမာတွေအကြံဥာဏ်ထုတ် အီအီး ကုန်း တဲ့စက္ကူစုတ် မလိုင် ဖြစ်အောင်လုပ်
ဇီးသီး ။ဗမာ ကွ
ကြယ်သီး ။။သူများတကာ့နိုင်ငံတွေမှာ ဖောရင်းဆိုတဲ့နိုင်ငံတွေမှာ လက်နက်တွေကို အပြိုင်အဆိုင်ထုတ် နျူကလီးယားတွေ အပြိုင်အဆိုင်လုပ် နျူထရွန် ဗုံးတွေ ထုတ်
စိန်သီး ။ဒီလောက်တော့အပျော့ပါကွယ် အဲဒီလောက်တော့အပျော့ပါကွယ် တို့ဗမာဆို ကမ္ဘာကသိ ဟော ဒီမှာ ဂျင်ဂလိ
(ဂျင်ဂလိ ထုတ်ချိန်ရာ အားလုံး ထွက်ပြေးကြပုံ)

ကြယ်သီး ။ဒီနေ့ခေတ်ဆိုတာက သိတ် တိုးတက်နေပြီ ဟောအရင်က တစ်မြို့နဲ့တစ်မြို့ တစ်နိုင်ငံ နဲ့တစ်နိုင်ငံစာရေးပြီးဆက်သွယ် ကြရတယ်။နောက်တော့တယ်လီဖုန်းနဲ့ ခုတော့ အီးမေးလ် နဲ့ ချက်တင်းနဲ့ ဂျီတော်လ်က်နဲ့။ကဲ မတိုးတက်လား ခုဆို ကျနော် နေ့တိုင်း ညတိုင်း ကွန်ပျူတာ ရှေ့ထိုင်ထိုင်နေတာ
စိန်သီး ။တစ်ကမ္ဘာလုံးနဲ့ဆက်သွယ်နေတာပေါ့
ကြယ်သီး ။မီးမလာ လို့ထိုင်စောင့်နေ၇တာ
ပန်းသီး ။အော် အကောင်းပြောတာမှတ်လို့ မီးမလာဖူး မီးမလာဖူး လို့ မပြောပါနဲ့ကွာ ခုဆို ဓါတ်ငွေ့ကနေ လျပ်စစ်တွေထုတ် ရေကနေ လျပ်စစ်တွေထုတ် တိ၇ိစ္ဆာန်တွေရဲ့အားနဲ့လဲ လျပ်စစ်တွေထုတ်နေလို့ ၂၄နာရီ မီး ထိန်ထိန်လင်းနေပါပြီ
ဆီးသီး ။တို့ရန်ကုန်မြို့ကြီးမှာပေါ့
ပန်းသီး ။နေပြည်တော်မှာ
ဆီးသီး ။အင်
ပန်းသီး ။ဟိုက ခုမှ မြို့သစ် မင်းတို့ကမြို့ဟောင်း ပေး လင်းလိုက်ပါဦး
ဆီးသီး ။လမ်းပန်းဆက်သွယ်ရေးတွေလဲ တအားကောင်းသွားပါပြီ လမ်းတွေဖောက်လိုက်တာမှ အများကြီး တံတားတွေလဲ အစင်းပေါင်း ၃၀ကျော် ဆောက်ပြီးပြီ
စိန်သီး ။ဒါဆို သွားရေးလာရေးတွေအဆင်ပြေနေပြီပေါ့
ဆီးသီး ။အင်ဂျင်နီယာတွေချမ်းသာကုန်ပြီ

စိန်သီး ။သတင်းကြေညာမယ် သတင်းကြေညာမယ်
ဂေါ်ဇီလာ ။မဟုတ်တာတွေ မမှန်တောတွေပြောရင်နားမထောင်ဖူး
စိန်သီး ။အကိုရယ် ကျွန်တော်တို့က စီစီတီဗီ သတင်း
ဆီးသီး ။ဒါဆိုကြေညာစေဗျား တို့ သတင်းစာတွေထဲ မပါဖူး ကြေညာ
ပန်းသီး ။ဒါဆို ငါလဲကြေညာမယ် တို့က အယ်ဂျာဇီးယား
ဂေါ်ဇီလာ ။ကဲ ကြေညာ ကြစမ်း ငါ ဒိုင်လူကြီး
စိန်သီး ။သတင်းကြေညာတာ ဒိုင် လိုသလား
ဂေါ်ဇီလာ ။သတင်းမှန်လားမမှန်လား ဒိုင်လုပ်ရမှ
စိန်သီး ။ပြီးရော ကြေညာပြီ တရုတ် နဲ့ မြန်မာ ချစ်ကြည်ရေး ဘောပွဲကျင်းပရာ မြန်မာ ဘောလုံးအသင်းက သုံးဂိုး ၈ိုးမရှိဖြင့် အနိုင်ရရှိသွားပါတယ်
ဂေါ်ဇီလာ နဲ့ ဆီးသီး ကြမ်းပေါ် လူးလှိမ့် ပြီး ရီ
ဆီးသီး ။အမလေး တစ်သက်တာ အကောင်းဆုံးပျက်လုံးဆု ပေးရင် နင်တို့ သတင်း ဌာန က ရမယ်
ပန်းသီး ။ငါတို့ကြေညာမယ် ၂၀၀၈ ခုနှစ် တ၇ုတ် အိုလံပစ် အတွက် ချစ်ကြည်ရေးအဖြစ် တရုတ်ယပ်တောင်အချောင်းတစ်သိန်းကို မြန်မာ ပြည်သို့ပေးအပ်သွားမည် ဖြစ်ကြောင်း နှင့် မြန်မာ နိုင်ငံဖက်မှလဲ ချစ်ကြည်ရေးအဖြစ် ရခိုင် ရိုးမ ပဲခူးရိုးမ ရှမ်းရိုးမ တို့တွင်ရှိတဲ့ သစ်တောများကို လက်ဆောင် အဖြစ် ပေးအပ်သွားမည် ဟု သိရှိရပါတယ်
ဂေါ်ဇီလာ နှင့် ဆီးသီး ဒေါပွ ထ ရိုက်
ဂေါ်ဇီလာ ။တို့ကိုပေးတော့ ယပ်တောင် နင်တို့ကို ပြန်ပေးရတော့ သစ်တော တန်သလား
ပန်းသီး ။ရတဲ့အတိုင်းကြေညာရတာ
စိန်သီး ။ရန်ကုန်မြို့တော် သန့်ရှင်းရေးအတွက် တရုတ် နိုင်ငံလုပ်အမှိုက်သိမ်းကားများကို အသုံးပြုနေရာ အနံ့အသက်တွေကောင်းပြီး အမှိုက်များကင်းစင်ကာ ရေမြောင်းတွေပိတ်ဆို့မှု မရှိတော့ပဲ ပလက်ဖောင်းများပေါ် လူတွေ တက် လမ်းလျောက်နေနိုင်ပြီ ဖြစ်ကြောင်း
ပန်းသီး ။ဓါတ်ဆီဈေးတွေ အ၇မ်းတက်နေလို့ အမှိုက်သိမ်းကားတွေ မထွက် နိုင်တော့လို့ အမှိုက်တွေ ပိတ်ဆို့ပြီး ရေမြောင်းတွေ ပိတ်ပြီး လူတွေ ပလက်ဖောင်း ပေါ် လျောက်နေကြရပြန်ပါပြီ
စိန်သီး ။အခုအခါမှာ ကားတွေ စီ အင် ဂျီ အကုန်ပြောင်းပြီးဖြစ်လို့အမှိုက်တွေ အကုန် သိမ်းပြီးသွားပြန်ပါတယ်
ပန်းသီး ။မီးမလာတဲ့အတွက် ကားများတန်းစီနေရလို့ အမှိုက်မသိမ်းရတဲ့အတွက် ရေမြောင်းတွေပြန်ပိတ်ကုန်ပြန်ပါတယ်
စိန်သီး ။မြို့တော်ဝန်ကြိးကိုယ်တိုင် ခေါင်းလောင်းထိုးပြီး အမှုက်သိမ်းလှည်းများနဲ့လိုက်သိမ်းပေးနေလို့ အမှိုက်များ ကင်းစင်ပြီး ပလက်ဖောင်းပေါ်လူများလမ်းလျောက်နေနိုင်ပါပြီ
ပန်းသီး ။မြို့တော်ဝန်ကပဲ ပလက်ဖောင်းပေါ်ဈေးရောင်းခွင့်ပြုလိုက်လို့အမှိုက်များ ပြန်ပိတ်ပြီး ခရီးသွားပြည်သူများလဲပလက်ဖောင်းပေါ်လမ်းမလျောက်နိုင်ပဲ လမ်းမပေါ်ဆင်းလျောက်နေရပါပြီ
စိန်သီး ။ပလက်ဖောင်းဈေးသည်တွေ စည်းနဲ့ကမ်းနဲ့နေရာတကျ ဈေးရောင်းနိုင်အောင် စည်းကမ်းမလိုက်နာသူတွေထိထိရောက်ရောက်အရေးယူတဲ့အနေနဲ့ သုံးသိန်းစီတောင်းပြီးပြန်ဖွင့်ခိုင်းလိုက်ပါတယ်
သတင်းကြေညာသူကို ၀ိုင်းရိုက်ကြ။

အဖွဲ့ ။သူများအကြောင်းလဲမပြောတတ်ပါ စပ်မိစပ်ရာ ဘာညာကွိကွ
ဂေါ်ဇီလာ။လမ်းထိပ်နားက ကိုဖိုးကြွယ် လျပ်စစ်မီးကို ခိုးပြီးသွယ် စစ်ဆေးရေးနဲ့တဲ့တဲ့တိုးတော့
စိန်သီး ။ဖမ်းသွားရောလား
ေ၈ါ်ဇီလာ။ဟေးလာကွယ် မောင်ရို့ ဟေးလာကွယ် မောင်ရို့ ၀မ်းစမိုး ရယ် သောသောညံ ရော့ အင့်
စိန်သီး ။ဒါဆို ခု မီး ခိုးမသွယ်တော့ဖူးပေါ့
ဂေါ်ဇီလာ။ကာရာအိုကေဆိုင်တောင်ဖွင့်ထားတယ်
အဖွဲ့ ။သူများအကြောင်းလဲမပြောတတ်ပါ စပ်မိစပ်ရာ ဘာညာကွိကွ
ဆီးသီး။ချဲထီဆိုတာလောင်းကစားပဲ နှစ်လုံးထိဆိုတာလောင်းကစားပဲတွေ့ရင်ဖမ်းမှာပဲ ပြည်သူ့ရဲ နဲ့တဲ့တဲ့တိုးတော့စစ်ဆင်ရေးနဲ့တဲ့တဲ့တိုးတော့
စိန်သီး ။ဖမ်းသွားရောလား
ဆီးသီး။ဟေးလာကွယ် မောင်ရို့ ဟေးလာကွယ် မောင်ရို့ ၀မ်းစမိုး ရယ် သောသောညံ ရော့ အင့်
ပန်းသီး ။ဒါဆို ခု ချဲထီမလုပ်တော့ဖူးပေါ့
ဆီးသီး ။ဘောပွဲပါ ဒိုင်ကိုင်နေပြီ
အဖွဲ့ ။သူများအကြောင်းလဲမပြောတတ်ပါ စပ်မိစပ်ရာ ဘာညာကွိကွ
ပန်းသီး။လာဘ်ပေးလာဘ်ယူလုပ်သူများအရေးယူနေပြီဗျား သတိပေးစာတွေ ရုံးမှာကပ်တော့
ကြယ်သီး။အရေးယူခံရရောလား
ပန်းသီး။ဟေးလာကွယ် မောင်ရို့ ဟေးလာကွယ် မောင်ရို့ ၀မ်းစမိုး ရယ် သောသောညံ ရော့ အင့်
ကြယ်သီး။ရုံးတွေမှာလာဘ်မစားတော့ဖူးပေါ့
ပန်းသီး။အိမ်မှာ သွားပေး နေပြီ

ကွာလာလမ်ပူကသီးလေးသီးရဲ့ဆေးရောင်စုံ

သီးလေးသီး ရဲ့ဆေးရောင်စုံ အငြိမ့်အဖွဲ့ဟာ ၃၀ ဒီဇင်ဘာ ည ကျရင် မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့မှာ မြန်မာ့အငြိမ့်သဘင်နဲ့ဖျော်ဖြေကပြကြတော့မှာပါ။အဲဒီ ပွဲ မှာ သူတို့ဆိုမဲ့ ခွန်းတောက်လေးကို တင်ကြို ဖော်ပြလိုက်ရပါတယ်။
ပန်းသီး။
တွေးသနော် အခါခါ ရှုရရင်ဖြင့်
ရှေးအခေါ် မာလာယုပါပဲ
သာယာမှုမှာဖြင့် အကျော်အမော်။
ပိတောက်လမ်းကိုလ
လျောက်လှမ်းကာ တစ်ခါမျှော်လိုက်တော့
ကမ္ဘာကျော် ကျုပ်တို့ဆရာသန့်ကိုကွယ်
လွမ်းမဆန့်သနော်
စိန်သီး။
ဒီစကားရဲ့အဓိပ္ပါယ်ကို ရှင်းပါဦးဗျာ
ပန်းသီး။
ကျွန်တော် တို့ မြန်မာနိုင်ငံက ပန်းတနော် ဦးသန့်ဟာ ကမ္ဘာ့ကုလသမဂ္ဂကြီးမှာ အထွေထွေအတွင်းရေးမှူးချုပ်ရာထူးကိုဆယ်နှစ်ကျော် ထမ်းဆောင်ခဲ့ဖူးတဲ့ငြိမ်းချမ်းရေး ပိသုကာကြီးပါ။ဒါကြောင့်ဦးသန့်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဦးသန့်ရပ်ကွက် ဆိုပြီး ဟောဒီမလေးရှားနိုင်ငံမှာ ရပ်ကွက်ကြီးတစ်ခု သတ်မှတ်လို့ ပိတောက်ပင်တွေချည်း စိုက်ထားတာဗျ။
ကြယ်သီး။
ကြားရတာ ကြက်သီးတောင် ထ ပါတယ်။ကိုယ့်လူမျိုးကို သူများက ဂုဏ်ပြုတာ။ကျုပ်တို့ ရန်ကုန်မှာလဲ ဦးသန့်လမ်း ဆိုပြီး ရှိရင် တယ်ကောင်းမှာပဲ
ဇီးသီး။
မရှိတာကောင်းပါတယ်။တော့်ကြာတစ်လမ်းလုံးကြက်ဆူတွေချည်းစိုက်လိုက်မှ ဂွ
ပန်းသီး။
ကိုင်း ဆက်လိုက်ကြဦးစို့
သီးလေးဖြာ တစ်ခါ စုရပြန်ပေါ့
နည်းပေးစရာ ၀ါသနာတစ်ခုပါပဲ
မြန်မာမှုရယ်တဲ့ အငြိမ့်သဘင်စံ
တစိမ့်စိမ့်ပျော်ရွှင်ရန်ဖို့ စကားကြည်ဖြူကြောင်း
(ပရိသတ်အပေါင်းတို့ရေ)
ရှုလိုက်ကြပါတော့အများပြည်သူအပေါင်း။

စိန်သီး။အရွှမ်းမဖောက်ပဲ ခွန်းတောက် ဆိုသွားတာ ညီလေး ပန်းသီးမှတ်တယ်
ပန်းသီး။ဟုတ္ပ အကို စိန္သီး ခမ်
စိန္သီး။ကျွန်တော်တို့တွေ ဒါပထမဆုံးအကြိမ်နိုင်ငံခြားမှာအငြိမ့်ကရတာပါပဲ။ဒီကအကိုတော် အမတော် များကဖိတ်ကြားတော့သူတို့ကျေးဇူးနဲ့ရောက်ရတာပါ
ကြယ်သီး။တစ်သက်နဲ့တစ်ကိုယ် အိပ်မက်တောင်မမက်ဖူးတဲ့လေယာဉ်ပျံကြီး ခုမှ စီးဖူးတော့တယ်
ဂေါ်ဇီလာ။ခေတ်ကာလ ရဲ့တိုးတက်မှုပေါ့ကွာ မြေကြောတွေရှုံ့သွားပြီ စင်္ကာပူ ရန်ကုန် လာတာ ရနကုန်မန္တလေးထက်တောင်မြန်သေး
ဇီးသီး ။ခေတ်က တိုးတက်လာပြီကိုးအရင်က စာရေးတယ် နောက်တော့ ဖုန်းဆက်တယ် ခုတော့ အီးမေးလ် ပို့တယ် ပြောင်းအလဲတွေသိတ်မြန်လာပြီ
စိန်သီး။ဟုတ်တယ်ဗျာ ဒီနေ့ခေတ် ကလေးတွေ သင်ပုန်းကြီးဖတ်စာတောင် ခေတ်နဲ့အညီပြောင်းလဲနေပြီ
ပန်းသီး။ဘယ်လိုများတုန်း
စိန်သီး။ဟိုတုန်းက ဇွန်ပန်းရုံအနီး လှည်းဘီးနွံထဲကျွံနေသည် ကူပြီးတွန်းပေးကြပါ လေးလွန်းလို့မတွန်းနိုင်ဖူးလား ပြိုင်တူတွန်းလျင် ရွေ့နိုင်ပါသည် တဲ့ ဟော ခု ပြောင်းသွားပြီ
ပန်းသီး။ဘယ်လိုပြောင်းသွားတုန်း
စိန်သီး။ရယက အိမ်အနီးဖဲဝိုင်းထောင်နေသည် ကူပြီးဖမ်းပေးကြပါ အချင်းချင်းမို့မဖမ်းချင်ဖူးလား ပြိုင်တူဖမ်းလျင်မိနိုင်ပါသည်။တဲ့ ကဲ
ပန်းသီး။အောင်မာ ဒါဆို ငါလဲပြောချင်ပဗျာ ပြောင်းလဲသွားပုံကလေး
ကြယ်သီး။ပြောစမ်းပါဦး
ပန်းသီး။စောစောထ သွားတိုက် မျက်နှာသစ် အစာစား အ၀တ်လဲ အိပ်ယာသိမ်း အိပ်ယာခင်း ပြန်အိပ် အိပ်ရာထ သွားတိုက် မျက်နှာသစ် အစာစား ပြန်အိပ် အိပ်ယာထ
ဂေါ်ဇီလာ။ငါ့သား မင်းဒီနေ့ ကျောင်းကောသွားဦးမှာလား
ပန်းသီး။အဖေတို့ပိုက်ဆံကုန်ပါတယ်
ဂေါ်ဇီလာ။အော် ရှာပါ့မယ် ကွာ
ပန်းသီး။ဆရာမ ဈေးဖိုး တံမျက်စည်းဖိုး ဆရာမ သမီးကျူရှင်ဖိုး ကျောင်းအုပ်ကြီး ကာရာအိုကေဆိုဖို့ အဲဒါတွေပေးနိုင်လို့လား
ဂေါ်ဇီလာ။ငါ့သားဆယ်တန်းအောင်ရင် ပြီးရော
ပန်းသီး။ဆယ်တန်းအောင်တော့ဘာလုပ်ရမလဲ
ဂေါ်ဇီလာ။ဘွဲ့ရအောင် ဆက်သင်ပေါ့
ပန်းသီး။ဘွဲ့ရတော့ရော
ဂေါ်ဇီလာ။အင်း အင်္ဂလိပ်စကားပြောသင်တန်းတက်ပေါ့
ပန်းသီး။အဲဒါတတ်တော့ကော
ဂေါ်ဇီလာ။ အင်း အဲ ကွန်ပျူတာ တက်ပေါ့
ပန်းသီး။အဲဒါတတ်တော့ရော
ဂေါ်ဇီလာ။ဟာ ငါ့သားရယ် ဒီလောက်တောင်တတ်နေမင့်ဟာ ဆိုက်ကားသာ နင်းစားတော့ပေါ့ကွာ
(၀ိုင်းရိုက်)
ဂေါ်ဇီလာ။ဟုတ်ပ ငါ့ဘာပြောရတော့မလဲ ခေတ်ကတိုးတက်နေပြီ ဒီမလေးရှားမှာ ပရိုတွန်ကားတွေထုတ်တယ် ကိုးရီးယားက ဟွန်ဒိုင်း ဟော ငါတို့မြန်မာ က မြန်မာဆလွန်း ထုတ်ပြီဗျား
ဇီးသီး။တယ်ဟုတ်ပါလား
ဂေါ်ဇီလာ။ကားတစ်စင်းလုံး စတီယာရင် မပါဖူး ဂီယာမပါဖူး ဘရိတ်မပါဖူး
ပန်းသီး။ဘယ်လိုမောင်းလဲ
ဂေါ်ဇီလာ။အသံနဲ့အမိန့်ပေးရတာ မောင်းဆို ကားက ထွက်ရော မြန်ဆို အရှိန်တင်လာရော ညာေ ကွ့ ဆိုကွေ့တယ် ရပ် ဆို ရပ်တယ် ကားထဲက ကက်ဆက်ကိုလဲအမိန့်ပေးခိုင်းတာ။သိချင်းကြီးဆို မြမန်းဂီရိသေလာတောင် ဆိုပြီး အသံထွက်လာရော ငါက လေးဖြူ လို့ပြောလိုက်ရင် ကက်ဆက်ကအလိုအလျောက် အလင်းရောင် သန်းကောင်ယံညနက်ထဲ ဆိုပြီး အသံပြောင်းသွားရော အဲဒီတုန်း နောက်ကကားက ဟွန်းအကျယ်ကြီးတီးပြီးကျော်တက်တော့ ငါ စိတ်ဆိုးပြီး ချီးထုပ်တွေ ခွေးသူခိုးလို့ဆဲလိုက်တာ ကက်ဆက်က သီချင်းပြောင်းသွားတယ်
စိန်သီး။ဘာသီချင်းလဲ
ဂေါ်ဇီလာ။နိုင်ငံတော် ပြိုကွဲမဲ့ အခြေအနေ ကို တို့လက်မခံနိုင်ပါ။ တဲ့
(အားလုံး။ဟာ)

စိန်သီး။ကောင်ကလေး ကောင်ကလေး မလေးရှားကိုလိုက်မလား မလေးရှားကိုလိုက်မလား
ပန်းသီး။မလိုက်ဖူး မလိုက်ဖူး ဘယ်နိုင်ငံမှ မလိုက်ဖူးဗမာပြည်ကို တို့ချစ်တယ် တို့နိုင်ငံကိုတို့ချစ်တယ် ဘယ်နိုင်ငံမှမလိုက်ဖူး
စိန်သီး။မီးရထား မီးရထား မလေးရှားက မီးရထား တစ်နာရီ နောက်ကျသွားရင် တစ်မိနစ် နောက်ကျသွားရင် ခရီးသွားလုပ်သားပြည်သူ လျော်ကြေးရတဲ့မီးရထား
ပန်းသီး။ဒီလောက်တော့တို့ကမမှုဖူး ဗမာပြည် ဗမာပြည် အရမ်းကောင်းတဲ့ဗမာပြည် သောက်ကျိုးနဲကောင်းတဲ့ဗမာပြည် မီးရထား မီးရထား ဗမာပြည်က မီးရထား တစ်နာရီ ၀င်မယ်ပြောပြီး တစ်နာရီ ရောက်မယ် ပြောပြီး တစ်နေ့လုံးပျောက်တာ တို့ရထား
ဇီးသီး။လမ်းမများ လမ်းမများ မလေးရှားက လမ်း မများ မလေးရှားက လမ်းမများ လမ်းမပေါ် အမှိုက်မပစ်ဖူး လမ်းမပေါ် တံတွေးမထွေးဖူး
အဲဒီလို အရမ်းသန့်တဲ့ မလေးရှားက လမ်းမများ
ကြယ်သီး။ဒီလောက်တော့တို့ကမမှုဖူး ဗမာပြည် ဗမာပြည် အရမ်းကောင်းတဲ့ဗမာပြည် သောက်ကျိုးနဲကောင်းတဲ့ဗမာပြည် လမ်းမများ လမ်းမများ ဗမာပြည်က လမ်းမများ ဗမာပြည်က လမ်းမများ လမ်းမပေါ် အမှိုက်မပစ်ဖူး လမ်းမပေါ်တံတွေးမထွေးဖူး တိုက်နံရံဘေးနားကပ်ပြီး ရှူရှူးပေါက်တာ တို့ဗမာ
စိန်သီး။မလေးရှား မလေးရှား (အရမ်းကောင်းတဲ့မလေးရှား)၂ နာရီနဲ့လုပ်ခရတယ် ၀င်ငွေတွေအရမ်းကောင်းတယ် မလေးရှားက အလုပ်သမား
ပန်းသီး။ဒီလောက်တော့တို့ကမမှုဖူး ဗမာပြည် ဗမာပြည် အရမ်းကောင်းတဲ့ဗမာပြည် သောက်ကျိုးနဲကောင်းတဲ့ဗမာပြည် လက်မှတ်လေးတစ်ချက်ထိုးရင် ဖုန်းကလေး တစ်ချက် နှိပ်ရင်ဒေါ်လာတွေ သိန်းချီရတဲ့ဗမာပြည် ကအကြံအဖန်များ
ဇီးသီး။(ဘုန်းကြီးကျောင်း)၂ မလေးရှားက ဘုန်းကြီးကျောင်း ဒကာတွေ လှူဒါန်းထားလို့ ဆရာတော်တွေ မျက်နှာပန်းပွင့်ပေါ့ သာသနာတော် အစဉ်ထွန်းကားလို့ ဘုန်းကြီးကျောင်းတွေ လွန်ပေါများ
ဂေါ်ဇီလာ။ဒီလောက်တော့တို့ကမမှုဖူး ဗမာပြည် ဗမာပြည် အရမ်းကောင်းတဲ့ဗမာပြည် သောက်ကျိုးနဲကောင်းတဲ့ဗမာပြည် ဘုန်းကြီးကျောင်း ထောင်သောင်း မကပါ ဘယ်သူမဆို လာကြည့်ကြပါ အဝေးကပင် မြင်လို့ရတာ ချိတ် ပိတ် ထားတဲ့ ဘုန်းကြီးကျောင်း

ကိုဇာဂနာ(ကိုသူရ)Blog မှကူးယူဖော်ပြပါတယ်
်http://zarganar-windoor.blogspot.com/

Posted in | 0 comments

ပြည်သူများနှင့်တစ်သားတည်းဖြစ်သည့့်ကိုဇာဂနာရဲ့ အတွေးများ



ရေနွေးနဲ့ဖား

ကြားပေါက်လေးတစ်ခုတွေးမိတာလေးရေးပါရစေ။ကျွန်တော် တို့ဆေးကျောင်းရောက်ကာစ က ဖား ခွဲရပါတယ်။ဦးထွန်းမောင်ဆိုတဲ့ကုလားကြီးဆီကနေ ဖားအရှင်၃ကောင်တစ်ရာ နဲ့ဝယ်ရတာပါ။ပြီးတော့အဲဒီဖားတွေကို ပုံမပျက်အောင်
ကျွက်ကျွက်ဆူနေတဲ့ရေနွေးအိုးထဲထဲ့ပြီးသတ်ရပါတယ်။ကျွန်တော်တို့က ဘာသိမလဲ။ဖားတွေကို ရေနွေးအိုးကြီးထဲ ပစ်ထဲ့လိုက်တာ ကိုယ်တော်ချောတွေက ဆတ်ကနဲရေနွေးကိုခြေထောက်နဲ့တစ်ချက်ပဲ ထိပြီးခုန်ထွက်သွားလိုက်တာ ၃ကောင်လုံးလွတ်သွားရော။ကုလားကြီးကရီသလေ့။ဒီလိုသတ်ရတယ်ကွ တဲ့ဆိုပြီး ရေအေးတွေထဲ့ဖားကိုရေအေး ဇလုံထဲထဲ့လိုက်တာ ရွှေဖားလေးတွေက ရေအေးကန်ထဲပျော်လို့ ကူးခတ်နေလိုက်တာ။ဒီမှာတင်ကုလားကြီးက အပူချိန်ကိုဖြေးဖြေးချင်းတစ်ရစ်ချင်းတိုးလာ
လိုက်တာ ငါးဒီဂရီလောက်တိုးတော့လဲ ဖားလေးများကူးခတ်ဆဲ နောက်ထပ်ငါးဒီဂရီထပ်တိုးလဲ သကောင့်ဖား တွေက နေသာသေးတယ်ဆိုပြီးကူးခတ်ဆဲပဲ အပူချိန် ၆၀လောက်လဲရောက်ရော ဖားတွေ မလှုပ်နိုင်တော့ဖူး။ရှစ်ဆယ်လောက်လဲရောက်ရော
အားလုံး ဂန့် ဂန့် ဂန့် ဂန့်။ကျွန်တော်တို့လဲ ခုတော့ ဒီဝဍ်တွေလည်ပါပြီ။တစ်ရစ်ချင်းတရစ်ချင်း ကျပ်လာပြီ။ငါတို့တော့နေလို့ရသေးတယ်
ဘာမှ မဖြစ်သေးဖူးဆိုပြီး ဆက်ပြီးကူးမှာလား။ခုန်ထွက်မှာလား။အပူချိန်မြှင့်နေတဲ့လက်ကို ပြေးကိုက်ကြမလား။မျက်နှာကိုခုန်အုပ်ကြမလား။တစ်ခုခုတော့ ဆုံးဖြတ်ရတော့မှာပဲ။ဆုံးဖြတ်ပြီးရင်လဲဖြစ်အောင်လုပ်ရတော့မယ်။
မဟုတ်ရင်တော့
ရေနွေးအိုးထဲသေရတာသိတ်မတန်လှပေဖူး။


ပုရွက်ဆိတ်နဲ့ပရုတ်ဆီ

အငြိမ့်ခန်းရေးနေရင်းက သူများဘလောဂ်တွေလိုက်ဖတ်ရင်း သတိရမိတာလေးရှိလို့ဖောက်သည်ချချင်လာပါတယ်။
မှတ်မှတ်ရရ ၁၉၈၈ အောက်တိုဘာလ မှာ အဖမ်းခံခဲ့ရတုန်းကပေါ့။ထောင်ထဲမှာအခန်းဖော် လဲမရှိ အပြင်လဲမထွက်ရ လူ စကားမေ့သွားမှာစိုးလို့ အခန်းထဲရောက်လာတဲ့ကြွက်တွေ ပိုးဟပ်တွေ အိမ်မြောင်တွေ ပုရွက်ဆိတ်တွေနဲ့စကားလိုက်ပြောနေရတာ။သူတို့ကပြန်မပြောပေမဲ့ ကိုယ်ကတော့ ဇွတ် လိုက်ပြောနေရတာ။တဖြေးဖြေးနေရင်းနဲ့ပုရွက်ဆိတ်တွေကို ကျွန်တော် ကြည့်မရတော့ဖူး။ကြည့်ရစရာလဲတစ်စက်မှ မရှိဖူး။စဉ်းစားလေ။ဘဲ့နဲ့။ကိုယ့်မှာ စားစရာ ရှားပါးရတဲ့အထဲ ငါးခြောက်ဖတ်လေးတစ်ဖတ်လောက်သိမ်းထားတာ ဒီပုရွက်ဆိတ်တွေက ၀ိုင်း ခဲ ကြတယ်လေ။ထောင်ကပေးတဲ့ကြက်သားဖတ်လေးမနက်စာ ညနေစာ တစ်ဝက်စီ ခွဲထားတာ နေ့လည် အိပ်နေတုန်း ဒီအကောင်တွေက ၀ိုင်း အုံပြီးသမ ကြပြန်ပါရော။ဒီတော့ ကြည့်မရတာ အဆန်းလားဗျာ။သင်းတို့ကို နှိမ်နှင်းမှ ရမယ်ပေါ့။ဒါနဲ့ အစဉ်သင့်ရှိနေတဲ့ ပရုတ်ဆီနဲ့အဲဒီပုရွက်ဆိတ်တွေကို စည်းဝိုင်းထားလိုက်တာ အဲဒီကောင်တွေ ပထမ တော့ ငါးခြောက်ဖတ် မဲ နေရာ ကနေ ပြီးလို့ လှည့်ပြန်မယ်လုပ်တော့မှ ပရုတ်ဆီ တွေ့ပြီး နောက်ပြန်ဆုတ် အထဲမှာတင် ပတ်ပြေးနေတော့တာ ပရုတ်ဆီစည်းဝိုင်းထဲက ထွက်ဖို့ကို မစဉ်းစားတော့ဖူး။နောက်ဆုံး အချင်းချင်းပြန်ကိုက်ရင်းနဲ့အကုန်လုံး အမှုန့်လေးတွေ ဖြစ်သွားပါလေရောဗျာ။တစ်ရက်လဲမဟုတ် နှစ်ရက်လဲမဟုတ် ဘယ်နှစ်ရက်ပဲဖြစ်ဖြစ် ကျွန်တော် စမ်းသပ်ခဲ့တာ အကြိမ်တိုင်းအခါတိုင်း ပုရွက်ဆိတ်တွေဟာ ပရုတ်ဆီ စက်ဝိုင်းထဲက ထွက်ဖို့တစ်ခါမှ မစဉ်းစားပဲ အချင်းချင်းကိုက်ရင်းအမှုန့်ဘ၀နဲ့ပဲ ဇာတ်သိမ်းသွားခဲ့တာပါပဲ။
အဲဒါအများလဲ စဉ်းစားနိုင်အောင်လို့တင်ပြလိုက်ရတာပါ။ကျွန်တော် တို့ ဟာ ခု ပရုတ်ဆီ အ၀ိုင်းခံနေရတာပါ။သတိပြုမိရင်တော်ပါပြီဗျာ။

လောကနီတိ

လောကေလောက၌ ၀ီသံ အဆိပ်ကို ၀ီသံက္ကုတိ အဆိပ်ဟူ၍ န အာ ဟု မဆိုကုန်။သံဃသ သံဃာတော် ၏ ဓနံ
ဥစ္စာကို ၀ီသံက္ကုတိ အဆိပ်ဟူ၍ အာ ဟု ဆိုကုန်၏။
အဆိပ်သည် တစ်ဘ၀ ကိုသာ သတ်တတ်၏။
သံဃာတော် တို့၏ ဥစ္စာကား ဘ၀ပေါင်းများစွာကိုသတ်တတ်၏။
(လောကနိတိ)

သံ့ဃံ သရဏံ ဂစ္ဆာမိ

အကျဉ်းထဲက လွတ်လာပြီးတဲ့နောက် စမ်းချောင်းဗားဂရာတောရ နဲ့ မြောက်ဥက္ကလာ ပစ္ဆိမာရုံကျောင်းတွေရယ်မှာဆွမ်းကပ်လှူခဲ့ပါတယ်။အသားဟင်းနဲ့ဘုဉ်းမပေးရတာ ကြာပြီဖြစ်တဲ့ ကိုရင်လေးတွေကို ဖူးရတာ လွန်စွာကြည်နူးမိပါတယ်။အတူတူ ကုသိုလ်ရကြဖို့ သာဓုခေါ်နိုင်ကြဖို့ဖော်ပြပေးလိုက်ပါတယ်။ အမှန်အကန်အဖန်ဖန်သစ္စာရှိကြဖို့ သံဃံသရဏံ ဂစ္ဆာမိကြပါတော့ အနှစ်ဗလာ အခါခါမိုက်ကြဆဲဟာမို့ ပလာတာမကြိုက်တဲ့ နွားငမိုက်တွေမှာတော့ ဘုရားရိုက်တာသာခံကြပေရော့လို့ မလျော့မပို အသော့ဆိုလိုက်ပါရဲ့။


သင်္ကန်းဂုဏ်ရည်

(၁)
ဗုဒ္ဓဿ အ၀ဏ္ဏံ ဘာသတိ
ဓမ္မဿ အ၀ဏ္ဏံ ဘာသတိ
သံဃဿ အ၀ဏ္ဏံ ဘာသတိ
ရတနာသုံးပါးဦးထိပ်ထား
ပြစ်မှားစကားမပြောနှင့်
ပြစ်မှားသမှုမပြုနှင့်
(၂)
အတုလား အစစ်လား ခွဲခြားဖို့မလို
သူ့ကိုယ်မှာရောင်ဝါလျှမ်း
မြတ်သင်္ကန်းတွေ့ ရလျှင်
ဆဒ္ဒန်ဆင်ဘုရားအလောင်းသည်
ဘ၀ပေါင်းသင်္ချေအတိ
ပါရမီတော် ဖြည့်ခဲ့
သတိနဲ့ဆင်ခြင် ဥာဏ်အမြင်ပွားများ
ခန္တီတရားအရင်းစိုက်၍
လူမိုက်ကြီးသောနုတ္ထိုရ်
သင်လိုချင်သည့်အစွယ်နှစ်ချောင်း
လွှကောင်းကောင်းနှင့်ကိုယ်တိုင်ဖြတ်
ပေးအပ်၍ဆုပန်
ဣဒံမေပုညံ သဗ္ဗညုတ ဥာဏဿ
ပစ္စယောဟောတု။
(၃)
သုဘဒ္ဒါအရှင်မ
ဆက် သ လို့အကြောင်းဖန်
နားတောင်းပန်ပျော်ရွှင်မြူးပါတော့ တဲ့
လူထူးကြီး သောနုတ္ထိုရ်
အစွယ်ကိုပိုက် နန်းတော်တိုက်ဝင်
သခင်မဘုရား ရှုတော်မူဘုရား
တရားကြောင်းဆက်နွယ် ရန်သူကြီးအစွယ်ကို
နားဝယ်ဆင်သ ရွှင်ပြပြနှင့်
သခင်မ ကျေနပ်တော်မူပါတော့ တဲ့။
(၄)
ရွှေဝါရောင်တူ စွယ်နှစ်ဆူကို
မြင်မူထိတ်ထိတ် ရှေးအတိတ်ကို
တရိပ်ရိပ်တွေး တရိပ်ရိပ်ဆွေးပြီး
ကျေးဇူးကိုမထောက်ထား
မိုက်မှားမိလေခြင်း ဟု
ရင်တွင်းမှာ ဗြုံးကနဲ
နှလုံးကွဲ၍ နတ်ရွာစံလေသတည်း။
နန်းညွန့်ဆွေ
၂၃ အောက်တိုဘာ၂၀၀၇

ခရမ်းပြာမြင်းရိုင်းရဲ့သမိုင်းတွင်မဲ့ကဗျာ


ရှရီ နမော ဗုဒ္ဓါယ
အပြစ်ကင်းသော အစိုးရ ထူထောင်ကြ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
လွတ်လပ်မှုကို လိုပါ၏
ဓမ္မံ သရဏံ ဂစ္ဆာမိ
တရားမျှတမှုကို လိုပါ၏
သံဃံ သရဏံ ဂစ္ဆာမိ
ငြိမ်းချမ်းမှုကို လိုပါ၏။

ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
စစ်အာဏာရှင်အုပ်စု အလိုမရှိ
ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ
ကြံ့ဖွတ် လူသတ်သမား အလိုမရှိ
ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ
စွမ်းအားရှင် ခွေးသရမ်း အလိုမရှိ။

တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
‘တပ်’နှင့် သံဃာ၊ ရိုသဒ္ဓါ၊ ညီညာကြရာ၏
တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ
‘တပ်’နှင့် ကျောင်းသား၊ မေတ္တာထား၊ လေးစားကြရာ၏
တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ
‘တပ်’နှင့် ပြည်သူ၊ အောင်ပွဲယူ၊ ကြည်ဖြူကြရာ၏။

ရှရီ နမော ဗုဒ္ဓါယ
သန့်ရှင်းသော အစိုးရ ထူထောင်ကြ
ရှရီ နမော ဗုဒ္ဓါယ
အပြစ်ကင်းသော အစိုးရ ထူထောင်ကြ။ ။

အောင်ဝေး
(၂၇-၁၀-၀၇)

ရှရီ=ဂြီ(သက္ကတ)၊ သိရီ(ပါဠိ)=ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည်စုံသော

ကိုဇာဂနာ(ကိုသူရ)Blog မှကူးယူဖော်ပြပါတယ်
http://zarganar-windoor.blogspot.com/

Posted in | 0 comments

မြန်မာပြည်က ဖိုးသုညကြီးများ


အခုတလော သတင်းစာဂျာနယ်တွေထဲမှာ နအဖ ရဲ့ ဝါဒဖြန့် သတင်းဆောင်းပါးတွေ ဖတ်ရတာ အံ့သြလွန်းလို့ ကိုယ့်မျက်စိတောင် ကိုယ်မယုံနိုင်အောင် ဖြစ်ရပါတယ်။ ဆောင်းပါးရေးသူတွေရဲ့ အဆင့်အတန်းကတော့ စံတင်လောက်ပါတယ်။ ပညာကောင်းကောင်း မသင်ခဲ့ရတာလား၊ ပညာဗဟုသုတ နဲတာလား၊ တခုခုပဲ။ တချို့ ဆောင်းပါးတွေဆိုရင် မဟုတ်မှလွဲရော နအဖ ကို လူထုက အထင်သေးလာအောင်၊ ထောက်ခံမှု လျော့နဲကျဆင်းသွားအောင် တမင်သက်သက် ပူးသတ်နေတာလားလို့ ထင်ရပါတယ်။

နအဖ ပြန်ကြားရေးဝန်ကြီးဌာနဟာ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ရုပ်ရှင်၊ ရေဒီယိုနဲ့ ရုပ်မြင်သံကြား စတဲ့ မီဒီယာပေါင်းစုံကနေ နအဖ စစ်အစိုးရ ထောက်ခံရေး၊ ဒီမိုကရေစီစနစ် ဆန့်ကျင်ရေး၊ ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်ရေး၊ အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဆန့်ကျင်ရေး၊ အမေရိကန်နဲ့ အနောက်အုပ်စုဝင် နိုင်ငံများ ဆန့်ကျင်ရေး ဆိုတဲ့ မူဝါဒတွေနဲ့ စိတ်ကြိုက် ဝါဒဖြန့်နေတာ အနှစ် ၂ဝ နီးနီး ရှိလာခဲ့ပါပြီ။ မြန်မာပြည်သူတွေကို နအဖ ဦးဆောင်မှုနောက် ပါလာအောင်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နောက် ပါမသွားအောင် အောက်လမ်း၊ အထက်လမ်း နည်းလမ်းပေါင်းစုံနဲ့ ရေးလိုက်ရတဲ့ ဆောင်းပါးတွေ၊ ဆိုလိုက်ရတဲ့ သီချင်းတွေ၊ ရိုက်လိုက်ရတဲ့ ရုပ်ရှင်တွေ ထောင်နဲ့ချီပြီးတော့ ရှိနေလောက်ပြီ ထင်ပါတယ်။

အနှစ် ၂ဝ အတွင်း နိုင်ငံ့ဘဏ္ဍာငွေ ကုဋေပေါင်းများစွာ အကုန်အကျခံ၊ အချိန်တွေ၊ လူတွေ အကုန်သုံးပြီး ပြိုင်ဘက်မရှိ ဝါဒဖြန့်ချိရေး လုပ်ခဲ့တာပါ။ ဒီလို တဦးထဲ ပြေးရတဲ့ ပြိုင်ပွဲမှာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဝါဒဖြန့်ချိရေး ယန္တရားကြီးဟာ ပြည်သူလူထု သူတို့ဘက် ပါလာအောင် အခုထိ မစည်းရုံးနိုင်သေးပါဘူး။ အပြည်ပြည်ဆိုင်ရာက ထောက်ခံမှုဆိုတာကတော့ အိပ်မက်တောင် မမက်နိုင်သေးတဲ့ အဆင့်ပါ။ သူတို့ပြောသလို ပြောရရင် မျိုးစေ့မမှန်လို့ အပင်မသန်တာပါ။

၂ဝဝ၃ ခုနှစ်မှာ ခရီးသွားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အဖွဲ့ကို လုံခြုံရေး စစ်သားတွေနဲ့ ငွေပေးငှားထားတဲ့ လူမိုက်တွေ အသုံးပြုပြီး စစ်ကိုင်းတိုင်း ဒီပဲယင်းအရပ်မှာ ဒုတ်တွေ၊ ဓားတွေနဲ့ ရက်ရက်စက်စက် ဝိုင်းရိုက်ခဲ့ပါတယ်။ အခုတခါ အစိုးရက ဓာတ်ဆီနဲ့ လောင်စာဆီ ဈေးနှုန်းတွေ ရုတ်တရက် ဈေးတက်ပစ်လိုက်လို့ ပြည်သူလူထုတွေ ကျပ်တည်းကုန်တော့ လမ်းမပေါ်ထွက် ဆန္ဒပြလာကြတယ်။ ပြည်သူတွေကို စောစောစီးစီး တိုင်ပင်အသိပေးခြင်းလည်း မရှိ၊ သနားညှာတာခြင်းလည်း မရှိဘဲ ညတွင်းချင်း အဆမတန် ဈေးတက်ပစ်တော့ အစိုးရက နောင်ကျမှ ဘာဆင်ခြေတွေ ပေးနေပါစေ၊ ပြည်သူတွေ ဒုက္ခရောက်အောင် တမင်သက်သက် အကွက်ဆင် အနိုင်ကျင့်တာလို့ ပြည်သူက မြင်ပါတယ်။ ငတ်ကုန်လို့ လမ်းပေါ်ထွက် ဆန္ဒပြလာတာ မဆန်းပါဘူး။ နယ်ချဲ့ကိုလိုနီ အစိုးရခေတ်တုန်းကလည်း ဆန္ဒပြတာပါပဲ။

အဲဒီအချိန်က ထောင်ဒဏ် ၃ လထက် ပိုမကျနိုင်ပေမဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင်တဲ့ နအဖ အစိုးရလက်ထက်မှာ ဒီလိုဆန္ဒပြတာမျိုးကို ထောင်ထဲမှာ တသက်လုံး နေသွားရလောက်အောင် ကြီးလေးတဲ့ ပြစ်ဒဏ်ပေးပါတယ်။ ဒါကို မကြောက်မရွံ့ လမ်းပေါ်ထွက်လာတယ် ဆိုတာကိုက ပြည်သူတွေ တကယ်တမ်း ကျပ်တည်းကုန်လို့ဆိုတာ သိဖို့ကောင်းပါတယ်။ ဒီလိုဆန္ဒပြတဲ့ ကိုမင်းကိုနိုင်တို့၊ ကိုထင်ကျော်တို့၊ မစုစုနွေးတို့ကို ပြည်သူက နောက်က လက်ခုပ်တီးထောက်ခံမှု ရှိနေတာကိုလည်း မြင်ရော၊ အကြောက်လွန်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်တွေနဲ့ ငွေပေးခေါ်ထားတဲ့ လူမိုက်တွေ အသုံးပြုပြီး လမ်းမပေါ်မှာ နေ့ခင်းကြောင်တောင် ရက်ရက်စက်စက် ဝိုင်းရိုက်ကြတော့တာပါပဲ။ ဒီပဲယင်း လူသတ်ပွဲမှာတုန်းက ညဘက်မို့ လူမမြင်ပါဘူး။ အခုလုပ်တာက ရန်ကုန်မြို့လယ်ခေါင်မှာ လူတွေရှေ့၊ မီဒီယာတွေရှေ့မှာ လုပ်တော့ တမြို့လုံး မြင်၊ တကမ္ဘာလုံး မြင်သွားတယ်။ နအဖရဲ့ သိက္ခာ ရေစုန်မျောရပြန်တယ်။

မီဒီယာတိုက်ပွဲမှာ နအဖ အခြေမလှ အရှက်တကွဲ ဖြစ်နေတာ ကြာပါပြီ။ အခုမှ မဟုတ်ပါဘူး။ မဆလ ခေတ်ကတည်းကပါ။ လူထုကို သတင်းဦး၊ သတင်းမှန်တွေနဲ့ ဝေးအောင်လုပ်ပြီး ကိုယ့်ဝါဒ ဖြန့်ချိရေးတွေနဲ့ပဲ ထိတွေ့ခိုင်းနေတာပါ။ အခုလည်း တခြားနည်း မလုပ်တတ်တော့ ‘ဘီဘီစီ လိမ်နေသည်၊ ဗီအိုအေ ညာနေသည်၊ အာအက်ဖ်အေ ရန်တိုက်ပေးနေသည်’ ဆိုတာတွေ သတင်းစာမှာ နေ့တိုင်း ထည့်ရေးနေရတာကိုက နအဖ အစိုးရ အခြေမလှဖြစ်နေတာကို ပြနေတာလေ။ ဘယ်နိုင်ငံ၊ ဘယ်အစိုးရများ ဒီလိုလုပ်တာ ကြားဖူးလဲ။

၂ဝဝ၇ ခုနှစ် စက်တင်ဘာလမှာ သံဃာတော်တွေ ကံဆောင်သပိတ်မှောက် လှုပ်ရှားမှုအတွင်း ကုန်သည်ကြီးများ ဟိုတယ်ပေါ်မှာ တည်းခိုနေတဲ့ နိုင်ငံခြားသား တိုးရစ်တွေက ဟိုတယ်ပေါ်က လှမ်းမြင်နေရတဲ့ အဖြစ်အပျက် သတင်းတွေကို ဗီဒီယို ဓာတ်ပုံတွေရိုက်ပြီး နိုင်ငံခြား သတင်းဌာနတွေကို ပို့လို့ သတင်းတွေ ပေါက်ကြားကုန်ရတာဆိုပြီး ‘ဒီကောင်တွေ ကမ္ဘာလှည့်ခရီးသွား မပီသဘူး၊ တိုးရစ်စစ်စစ်တွေဟာ အိမ်ရှင်နိုင်ငံအပေါ် ဒီလိုမလုပ်ရဘူး၊ အိမ်ရှင်နိုင်ငံရဲ့ ပြည်တွင်းသတင်းတွေ နိုင်ငံခြားကို မပို့ရဘူး၊ သတင်းထောက်တွေ လုပ်တဲ့ အလုပ်မျိုး တိုးရစ်တွေ မလုပ်ရဘူး’ ဆိုပြီး မကျေမနပ်နဲ့ ဆောင်းပါးတွေ ရေးနေပါတယ်။ နောင်ဆို တိုးရစ်တွေကို မြန်မာပြည်ဝင်ခွင့်ဗီဇာ လျှောက်ကတည်းက တိုးရစ်စစ်စစ်ဖြစ်ကြောင်းနဲ့ ‘အစိုးရဆန့်ကျင်တဲ့ လှုပ်ရှားမှုဖြစ်ခဲ့ရင် ဝေးဝေးရှောင်ပါ့မယ်၊ ဓာတ်ပုံ မရိုက်ပါဘူး၊ သတင်းမပို့ပါဘူး’ လို့ ခံဝန်ချက်တွေများ လုပ်ခိုင်းမလား မသိဘူး။ ဒီပုံနဲ့တော့ မြန်မာပြည်နဲ့ မဆန့်အောင် တိုးရစ်စစ်စစ်တွေ လာတော့မှာပဲ။

သံဃာလူထု လှုပ်ရှားမှုအတွင်း ဂျပန်သတင်းထောက် နာဂါအိဟာ ရန်ကုန်မြို့လယ်ခေါင် အနော်ရထာ လမ်းမပေါ်မှာ သေနတ်နဲ့ အနီးကပ်ပစ်ခံရတာ မျက်မြင်သက်သေ လူ ၅ ထောင်လောက် ရှေ့မှာ ဖြစ်ခဲ့တာပါ။ ၃-၄ ပေလောက်အကွာကနေ တမင်ပစ်ထဲ့လိုက်တာပါ။ ဗီဒီယိုမှတ်တမ်းလည်း တကမ္ဘာလုံးက ကြည့်ပြီးပါပြီ။ ဒါကို အစိုးရက ‘နာဂါအိကို တမင်ပစ်တာ မဟုတ်ပါဘူး၊ အဝေးကလာတဲ့ ကျည်ဆံ မတော်တဆ ထိတာပါ’ ဆိုပြီး လိမ်ပါတယ်။ ‘ပုဒ်မ ၁၄၄ လည်း ထုတ်ထားပါတယ်၊ Aid to Civil Power ကို အဲဒီနေ့ နေ့လယ်ကပဲ စစ်တပ်ကို အပ်လိုက်ပြီ၊ ဝင်ခွင့်ဗီဇာလျှောက်တုန်းက သတင်းထောက်လို့မှ သူက မပြောတာ၊ (ပြောရင်လည်း ဘယ်ဝင်ခွင့်ပေးမလဲ) သူက အဲဒီနေရာကို သွားတာကိုး၊ သူ့အပြစ်နဲ့သူ ခံရတာ’ လို့ ဖြစ်အောင် ကြံကြံဖန်ဖန်လိမ်တော့ တကမ္ဘာလုံးက နအဖ အစိုးရကို ရွံတာ ဆန်းသလားဗျာ။

‘ပုဒ်မ ၁၄၄ ဘယ်တုန်းက ထုတ်တာလဲ၊ Aid to Civil Power ဘယ်တုန်းက အပ်တာလဲ၊ နိုင်ငံခြားသားဧည့်သည် တိုးရစ်တွေ၊ သံတမန်တွေ သိအောင် တရားဝင် ထုတ်ထားတာလား၊ ဘယ်အစိုးရ မီဒီယာမှာ ပြောထားလဲ၊ လေယဉ်ကွင်းတို့ ဘာတို့မှာ ကျေညာသလား၊ ဒီလို သေနတ်နဲ့ပစ်မယ် ဆိုတာကို လူတိုင်းသိအောင် အစိုးရမှာ ပြောဘို့ တာဝန်မရှိဘူးလား၊ Aid to Civil Power မှာ ဒီလို စည်းမဲ့ကမ်းမဲ့ မောင်းပြန်သေနတ်နဲ့ လူအုပ်ထဲကို မကောင်းသူထိပ် ကောင်းသူထိပ်ဆိုပြီး ပစ်ထဲ့လို့ရသလား၊ ရပ်ကွက်ထဲ ညအမှောင်ထဲမှာ ဆိုက်ကားတစီးနဲ့ ဘယ်သူဘယ်ဝါမှန်းမသိ ကာဖျူးအမိန့် ပုဒ်မ ၁၄၄ ထုတ်လိုက်ပြီလို့ လိုက်အော်တာ တရားဝင်သလား’။ မြန်မာလို မတတ်တဲ့ နိုင်ငံခြားသား ဧည့်သည်တွေ၊ သံတမန်တွေက ဘယ်လိုသိမှာလဲ၊ ကျနော်တို့ ရန်ကုန်မှာ နေတဲ့သူတွေတောင် အိပ်ပျော်နေတုန်းမို့ မကြားလိုက် မသိလိုက်ဘူး၊ အစိုးရကထုတ်တဲ့ ဒီလိုအမိန့်မျိုးကို သတင်းစာနဲ့ ရုပ်မြင်သံကြားက တရားဝင် မကျေညာသင့်ဘူးလား။

ဒီလို လူထုနဲ့ သံဃာတော်တွေကို အင်အားသုံး အကြမ်းဖက်လိုက်ရတဲ့ အနိဋ္ဌာရုံတွေ ဖြစ်ကုန်ရတာဟာ နအဖ အစိုးရ ဝါဒဖြန့်ချိရေး တာဝန်ယူထားတဲ့ ဆရာကြီးတွေ လုပ်နေတာ မအောင်မြင်လို့ ဝါဒဖြန်ချိရေးမှာ အရှုံးပေးလိုက်တာလို့ပဲ မြင်ပါတယ်။

နောက်ထပ် ဒီ့ထက်ပိုဆိုးတဲ့ အကျိုးဆက်က ဗိုလ်သန်းရွှေ ခေါင်းဆောင်တဲ့ နအဖ အစိုးရဟာ ‘လမ်းညွှန်ချက် ၇ ချက်နဲ့အညီ မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံ ဖြစ်အောင် တည်ဆောက်နေပါတယ်’ လို့ ကမ္ဘာကို ပြောပြောနေပေမယ့် တကယ်တမ်း ဒီမိုကရေစီစနစ် ဖော်ဆောင်ဘို့ကို လုံးဝ စိတ်မဝင်စားဘူးဆိုတာ ကမ္ဘာက သိသွားပါတယ်။ ရှေ့လျှောက် အဲဒီစကားသုံးလို့ မရတော့ပါဘူး။ မင်းသားမျက်နှာဖုံး ကွာကျသွားပါပြီ။

နအဖ ဘာလုပ်လုပ် ထောက်ခံမယ်ဆိုတဲ့ အဖွဲ့တွေကတော့ ဘာမှ ဆက်လုပ်စရာ မရှိတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လုပ်နေတဲ့ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး ဆိုတာလည်း နအဖ လုပ်ပုံကြောင့် ဝေးသည်ထက် ပိုဝေးသွားပါပြီ။ ပိတ်ဆို့မှု ရုပ်သိမ်းရေး ကင်ပိန်းတွေ လုပ်ထားသမျှလည်း သဲထဲရေသွန်သလိုပါပဲ။ ဘာမှ အရာမထင်ပါဘူး။ ‘ကူညီထောက်ပံ့တွေ ရပ်ဆိုင်းအောင် လုပ်တဲ့သူမှန်သမျှ ကျနော်တို့ ရန်သူ၊ ပြည်သူတွေ နစ်နာအောင်၊ ဒုက္ခဆင်းရဲ ရောက်အောင် လုပ်သူမှန်သမျှ ပြည်သူ့တရားခံ၊ ကျနော်တို့က ဆန့်ကျင်မယ်’ လို့ သူတို့ပြောခဲ့တဲ့စကား ရှိတယ်လေ။ ဘာဆက်လုပ်ကြမှာလဲ။ ဒါမှမလုပ်ရင် ‘ဓာတ်ဆီဈေး တက်တာ ကြိုဆိုထောက်ခံပွဲ၊ ကုန်ဈေးနှုန်း တက်တာကို ကြိုဆိုထောက်ခံပွဲ၊ ပြည်သူတွေ ငတ်ကုန်တာကို ကြိုဆိုထောက်ခံပွဲတွေ’ လုပ်ကြဖို့ပဲ ရှိပါတယ်။

နအဖ အစိုးရနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံမှုတွေ လုပ်မယ်ဆိုတဲ့ အာဆီယံ နိုင်ငံတွေလည်း ဘာဆက်လုပ်ရမှန်း မသိတော့ပါဘူး။ သူတို့ပါ အရှက်ကွဲတော့ မခံနိုင်တဲ့သူတွေ ပူညံပူညံ လုပ်ကုန်ပြီ။ နောင်ကို အာဆီယံ နိုင်ငံတွေဆီက နအဖအပေါ် ထောက်ခံမှု သိပ်ရတော့မယ် မထင်ဘူး။ အခုတောင် စင်္ကာပူက လီကွမ်ယုက ‘ထုံထိုင်းတဲ့ ငအ မြန်မာစစ်ဗိုလ်ချုပ်တွေကြောင့် အင်မတန် သယံဇာတပေါတဲ့ မြန်မာနိုင်ငံက ကမ္ဘာမှာ အဆင်းရဲဆုံးနိုင်ငံ ဖြစ်ရတယ်။ ပြည်သူတွေ ဒီလောက် ငတ်ပြတ်နေတဲ့အချိန်မှာ တိုင်းပြည်ခေါင်းဆောင်ဆိုတဲ့ ဗိုလ်ချုပ်သန်းရွှေ သမီးက စိန်တွေကိုသီးနေအောင် ဝတ်ပြီး မင်္ဂလာဆောင်ပြတော့ လူထုတွေ မကျေမနပ်ဖြစ်၊ ဆူပူကုန်တာ မဆန်းပါဘူး’ လို့ ပြောသွားပါတယ်။

နအဖ လုပ်ဆောင်မှုတွေဟာ မြန်မာနိုင်ငံရဲ့ ရှေ့လားရာအတွက် မကောင်းဘူးဆိုတာ ကမ္ဘာက သိသွားတဲ့အတွက် မြန်မာနိုင်ငံအရေးမှာ နအဖ ဘက်က ပါဝင်သူအားလုံး မျက်နှာပျက်ကြရပါတယ်။ ပြီးခဲ့တဲ့ ဆန္ဒပြပွဲအတွင်းမှာ လုပ်ခဲ့တဲ့အမှားတွေက နအဖ ဘက်က နှစ်ပေါင်းများစွာ ရှေ့နေလိုက် ပြောထားဆိုထားတာတွေ၊ ဝါဒဖြန့်ချိရေး လုပ်ခဲ့တာတွေအားလုံး အရာမထင် သဲထဲရေသွန်သလိုပါပဲ။ သတ္တုချကြည့်လိုက်တော့ ဒီကိစ္စမှာ နအဖ အစိုးရ အနစ်နာဆုံးပဲ။

သတင်းစာရှင်းလင်းပွဲ ၂/၂ဝဝ၇ မှာ ဗိုလ်ချုပ်ကျော်ဆန်းက သတင်းထောက်တယောက်ရဲ့ ‘အခြေခံဥပဒေ ရေးဆွဲနေတာ ဘယ်နေ့လောက်များ ပြီးနိုင်မလဲ’ လို့ မေးတာကို ‘မေးသူကကော ဘယ်တော့လောက် ပြီးမယ် ထင်ပါသလဲလို့ ပြန်မေးချင်ပါတယ်’ လို့ ခွကျကျ ပြန်ဖြေခဲ့ပါတယ်။ သဘောကတော့ ‘မင်းကော ပြောနိုင်လား’ လို့ ဘုဖြေတာပါ။ နောက်ပြီး အချိန်ကိုလည်း တာဝန်မယူဘဲ ဝေဝေဝါဝါး လုပ်ပြီး ပြန်ဖြေသွားတာ တွေ့ရပါတယ်။ ဒါမျိုးလုပ်ရင် အချိန်ဇယား ရှိကို ရှိရပါမယ်။ ကိုယ့်ပြည်သူကို ဒီလောက် လျှို့ဝှက်ထားစရာမှ မဟုတ်တာ။ ရိုးရိုးသားသားမသိရင် ‘ကျနော်လည်း မသိပါဘူး’ လို့ ပြန်ဖြေလည်း ရပါတယ်။ ပြန်ကြားရေးဝန်ကြီး သတင်းထုတ်ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ တာဝန်ယူထားသူမို့ သတင်းထောက်က မေးတာပါ။ မဆိုင်တဲ့ လူတယောက် လမ်းဘေးမှာ သူ့ဟာသူ အိပ်နေတာကို အတင်းနှိုးပြီး သွားမေးတာ မဟုတ်ပါဘူး။ အစိုးရဝန်ကြီးက သတင်းစာ ရှင်းလင်းပွဲကြီးလုပ်ပြီး သတင်းထောက်ရဲ့ မေးခွန်းကို လမ်းဘေးကလူ ဖြေသလို ‘မင်းကော သိလို့လား’ လို့ ဘုပြန်ဖြေချင်လို့ မရပါဘူး။

ဗိုလ်ချုပ်ကျော်ဆန်းက လည်လှပြီဆိုပြီး ‘အတိုက်အခံ အဖွဲ့အစည်းတွေကို ဆန္ဒခံယူပွဲကျရင် ဆန္ဒမဲပေးခွင့် ပေးမယ်။ ရွေးကောက်ပွဲကျရင် ဝင်အရွေးခံခွင့် ပေးမယ်’ လို့ ခပ်ကြောင်ကြောင် ဖြေပါတယ်။ ဒီအခွင့်အရေးတွေဟာ အတိုက်အခံရော၊ အစိုးရဘက်သားပါ ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်းရဲ့ အခြေခံ အခွင့်အရေးတွေပါ။ အတိုက်အခံဖြစ်လို့ ဆိုပြီး ဒီဆန္ဒမဲပေးပိုင်ခွင့်၊ ရွေးကောက်ခံပိုင်ခွင့် မပေးဘူးလို့ ဘယ်အစိုးရကမှ ငြင်းပယ်လို့ မရဘူးဆိုတာ ဗိုလ်ချုပ်ကျော်ဆန်း သိပုံမရပါဘူး။ အတိုက်အခံက အသိအမှတ်မပြု၊ မဲမပေးအရွေးမခံဘဲ သပိတ်မှောက်မှာတောင် အစိုးရက ကြောက်ရမှာပါ။

ရဲချုပ်ခင်ရီက ‘နန်းဦးကျောင်းထဲက ဆရာတော် ဦးကောဝိဒရဲ့ သေတ္တာထဲက ဖောက်ခွဲရေးပစ္စည်းတွေ မိတယ်’ ဆိုပေမယ့် ရှင်းလင်းပွဲမတိုင်မီ သတင်းစာထဲမှာပါတော့ ‘နန်းဦးကျောင်းက ကပ္ပိယရဲ့ ထွက်ဆိုချက်အရ မုံရွာဘက်က မိလာတာ’ လို့ ဆိုပါတယ်။ အဲဒီလိုမျိုး မဖြစ်သင့်ပါဘူး။

ဒေါ်စုနဲ့ တကယ်ပဲ တွေ့ဆုံနေသူ၊ ပြဿနာကို တာဝန်ယူဖြေရှင်းနေသူ ဗိုလ်ချုပ်အောင်ကြည်ကတော့ ‘ဒေါ်စုနဲ့ ဆွေးနွေးမှုတွေ အပြုသဘော တိုးတက်မှုတွေ ရရှိနေပါတယ် လို့ ဆိုပါတယ်။ ထူးခြားတာက ဗိုလ်ချုပ်ကျော်ဆန်း ပြောတဲ့ ၁/၂ဝဝ၇ ကျေညာချက် (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တောင်းဆိုတဲ့ အချက် ၄ ချက်) အကြောင်းကို လုံးဝ ထည့်ပြော မသွားပါဘူး။ ၁/၂ဝဝ၇ ဟာ ပြီးခဲ့ပြီ၊ ကျန်ခဲ့ပြီ ဆိုတဲ့ သဘောလားတော့ မသိပါ။

ပြည်သူတွေက လူအ’တွေ မဟုတ်ပါဘူး။ စစ်ဗိုလ်ချင်း တူကြပေမယ့် တိုင်းပြည်အပေါ်ထားကြတဲ့ စိတ်စေတနာတွေက မတူကြပါလား၊ သိသိသာသာ ကွဲပြားကြပါလား ဆိုတာကိုတော့ ပြည်သူတွေ မြင်တွေ့သွားကြပါတယ်။ မြန်မာ့ တပ်မတော်ကြီးမှာ သတ္တိရှိတဲ့ မျိုးချစ်စစ်ဗိုလ်တွေက အများစု ရှိကို ရှိကြမှာပါ။

မြန်မာစစ်ဗိုလ်ချုပ်ကြီးများ တိုင်းပြည်ကို အုပ်ချုပ်လာတာလည်း နှစ်တွေကြာလှပါပြီ။ အသက်အရွယ်တွေလည်း မငယ်ကြတော့ပါဘူး။ ဖိုးသုညကြီးများအဆင့်က တက်ကြပါတော့လို့ ကျနော်တို့ (မိဘ)ပြည်သူတွေက စိတ်ညစ်ညစ်နဲ့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်ဗျား။



မိဘပြည်သူတဦး
မဇ္စျိမသတင်းဆောင်းပါးမှကူးယူဖော်ပြသည်။
http://www.mizzimaburmese.com/content/view/396/4/

အိမ်ကျယ် (သို့မဟုတ်) မိမိကိုယ်ကို ယုံကြည်မှု လုံးဝမရှိတော့သော စစ်အစိုးရ



လွန်ခဲ့သော ၁၉၉၉ ခုနှစ် ပတ်ဝန်းကျင်က ဆောင်းပါးတပုဒ် ဖတ်ခဲ့ရဖူးသည်။ မြန်မာပြည် ဒီမိုကရေစီအရေးအတွက် ရန်ကုန်သို့ သွားရောက်ဆန္ဒပြသည့် အသက် ၂၇ နှစ်အရွယ် အင်္ဂလန်နိုင်ငံသူ ရေချယ်လ် ဂိုးဝင်းအကြောင်း ဖော်ပြ ထားသည့် ဆောင်းပါးလေးဖြစ်သည်။ သူမက လမ်းမီးတိုင်တွင် မိမိဘာသာ လက်ထိပ်ခပ်၍ ဒီမိုကရေစီ သီချင်းတပုဒ်ကို မြန်မာဘာသာဖြင့် သီဆိုခဲ့သည်။ ဤပြစ်မှုကြောင့် ထောင်ဒဏ် (၇) နှစ် ချမှတ်ခံခဲ့ရသည်။ (သို့သော် ၂-လအကြာတွင် လွတ်မြောက်လာခဲ့သည်။) သတင်းစာကြီးတစောင်၏ ဆောင်းပါးက ဤသို့ရေးခဲ့သည်။ "တချိန်တွင် မြန်မာနိုင်ငံတွင် မည်သည့် ဧည့်ခရီးသွားများ သွားနိုင်ကြပါတော့မည်နည်း။ ငါတို့ တနေ့နိုင်ရမည် (We shall over come one day) ဆိုသည့် အဲန်ဂျီအိုနှင့် တက်ကြွလှုပ်ရှားသူ အများအပြား သီဆိုလေ့ရှိကြသည့် သီချင်းလေးကို လေချွန်မိ၍ပင် မြန်မာပြည်တွင် ဖမ်းခံရဖွယ် ရှိသည်။" ဟု ရေးသားခဲ့သည်။ သို့သော်လည်း ၉ နှစ်အကြာတွင် အခြေအနေက ဤအတိုင်း ဖြစ်လာခဲ့သည်။

ယခုတော့ စစ်အစိုးရက မေတ္တာပို့သံကြားလျှင်ပင် ကြောက်နေပြီ။
"ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ
ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ
ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ"

ရဟန်းများက ဗုဒ္ဓ၏ မေတ္တာဒေသနာ မေတ္တာသုတ်ကို ရွတ်ဆိုခဲ့ကြခြင်းကိုပင် ကြောက်နေပေပြီ။ ယောဂီဝတ်စုံဖြင့် ထွက်လာလျှင် ငါ့ကို ဆန္ဒပြနေကြပြီလားဟု ထင်နေသည်။ လက်၌ ပုရိတ်ကြိုးချည်ထားလျှင်လည်း အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုဟု ထင်နေသည်။ ဆရာတော် သံဃာတော်ကြီးများက ဒေ၀ဒတ်အကြောင်း တရားဟောသည်ကိုပင် သူ့ကို စောင်းမြောင်း ပြောဆိုနေသည်ဟု ထင်နေသည်။ တရားပွဲများ ပိတ်သည်။ တရားခွေများ လိုက်သိမ်းဆည်းနေသည်။

အလားတူ အတိုက်အခံ အဖွဲ့ဝင်များနှင့် တွေ့ဆုံ စကားပြောဆိုရမည်ကိုလည်း ကြောက်နေပြန်သည်။ ကြေငြာချက် အမှတ် (၁/၂၀၀၇) ဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောဆိုရေး ကိစ္စကိုပင် ကြိုတင် သတ်မှတ်ချက်များချကာ ခံစစ်လုပ်နေ ပြန်သည်။ အတိုက်အခံ ဒီမိုကရေစီ အင်အားစုများက ပြောထားပြီးဖြစ်သည်။ အနာဂတ်တွင် တပ်မတော်အတွက် ထိုက် တန်သည့် ဂုဏ်ယူစွာ တပ်မတော်သားဟု ခံယူနိုင်သည့် နေရာမျိုး ရှိလိမ့်မည်။ ယခု ဒီမိုကရေစီ ပြောင်းလဲရေး လုပ်ဆောင် နေကြသော ကိစ္စသည်လည်း စစ်တပ်ကို ချေမှုန်း ဖြုတ်ချရေးအတွက် မဟုတ်။ တိုင်းပြည်နှင့် နိုင်ငံသားများ မျက်နှာကို ထောက်ထား၍ အုပ်ချုပ်ပုံစနစ် ပြုပြင်ပြောင်းလဲမှုများ လုပ်ရန်သာ တောင်းဆိုနေကြခြင်း ဖြစ်သည်။ ဤသို့ တွေ့ဆုံရမည့် အရေးကိုလည်း ကြောက်နေပြန်သည်။

ယခု အင်တာနက်များကို ဖြတ်တောက် ပိတ်ဆို့နိုင်ရန် လုပ်နေပြန်သည်။ စည်းကမ်းများ တင်းတင်းကျပ်ကျပ် ထုတ်သည်။ ဂြိုဟ်တုစလောင်းများကို အဆမတန် အခွန်တိုးကောက်၍ လူအများမကြည့်နိုင်စေရန် လုပ်သည်။ မျက်စိပိတ် နားပိတ်ထားခြင်း အားဖြင့် လူအများက သူတို့ပြောသမျှ ယုံကြည်ကြမည်ဟု ထင်နေသည်လားမသိ။ သေချာသည်မှာ ပြည်သူအများက မြန်မာ့အလင်း သတင်းစာကိုလည်း ယုံကြည်မှု မရှိကြခြင်းပင်။ စစ်အစိုးရက မည်သို့ဝါဒဖြန့်ဖြန့် လူအများက လက်ခံကြတော့မည် မဟုတ်ပါ။
နိုင်ငံတကာ သံတမန်ရေး ဆက်ဆံရေးတွင်လည်း အညှိုးငယ်ရဆုံး အခြေအနေ ဖြစ်နေသည်။ အာဆီယံ အစည်းအဝေးတွင်လည်း သူ့အကြောင်း၊ နိုင်ငံတကာ အစည်းအဝေးများတွင်လည်း သူ့အကြောင်း၊ ယခုတော့ လုံခြုံရေးကောင်စီတွင်ပါ သူ့အကြောင်း ဖြစ်လာပြီ။

စင်္ကာပူနိုင်ငံ၏ ခေါင်းဆောင်ဟောင်း လီကွမ်ယူက စစ်အစိုးရ ခေါင်းဆောင်များကို "ငတုံးတွေ" (rather dumb) ဟု ပြောခဲ့သည်။ သံတမန်ရေးအရ ပြန်လှန် ကန့်ကွက်နိုင်ခြင်း မရှိခဲ့။ အကယ်၍ မိမိကိုယ်ကိုသာ ယုံကြည်မှုရှိပါက ဖြစ်သင့်သည်မှာ မြန်မာနိုင်ငံရှိ စင်္ကာပူ သံတမန်ကို ခေါ်၍ ကန့်ကွက်စာ ပေးရမည်။ နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်နစ်နာ သွားနိုင်ကြောင်း နည်းနည်းတော့ ကြိမ်းမောင်းရမည်။ ယခုတော့ ဟုတ်၍ ငုံ့ခံသလို ဖြစ်နေသည်။ တလောက စင်္ကာပူနှင့် ထိုင်းတို့ အနည်းငယ် တင်းမာမှု ဖြစ်ကြသည်။ ၂၀၀၆ စက်တင်ဘာတွင် ထိုင်းနိုင်ငံ၌ စစ်တပ်က အာဏာသိမ်းတော့ စင်္ကာပူက ဆရာကြီးလုပ်၍ ဒီမိုကရေစီ လက်ချာပေးသည်။ ထို့နောက် ၂၀၀၇ ဇန်န၀ါရီလတွင် ဖြုတ်ချခံရသူ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ကို စင်္ကာပူက ပုဂ္ဂလိက အလည်အပတ်ခရီး လက်ခံခဲ့သည့်အခါ ထိုင်းနိုင်ငံက ပြဿနာ ရှာတော့သည်။ စင်္ကာပူနိုင်ငံကို သံတမန်ရေးအရ ကြိမ်းမောင်းသည်။ ထိုင်းနိုင်ငံတွင် အာဆီယံ အစီအစဉ်ဖြင့် စစ်ရေးလေ့ကျင့်ရေး ဆင်းနေသည့် စင်္ကာပူ စစ်သားများ၏ အစီအစဉ်များကို ရပ်ဆိုင်းပစ်မည်ဟု ခြိမ်းခြောက်သည်။ တော်တော် တင်းတင်းမာမာ ဖြစ်ခဲ့ကြသည်။ လ အတော်ကြာမှ ပြန်ပြေလည်ခဲ့သည်။ သို့သော် ယုံကြည်မှု နည်းနေသော မြန်မာ စစ်ဗိုလ်ချုပ်ကြီးများက ဤသို့မလုပ်ရဲခဲ့ပါ။ ဆေးကုစရာ နေရာလေးလည်း ပျောက်သွားနိုင်သေးသည် မဟုတ်ပါလား။

တဖန် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်ဇ်က မြန်မာနိုင်ငံကို အာဏာရှင်များ၏ နောက်ဆုံး ကျွင်းကျန်သည့် ခံကတုတ်ကျင်းဟု အမည်တပ်ခေါ်ခဲ့သည်။ အမေရိကန် သမတကတော် လော်ရာဘုရှ်က ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး မလုပ်နိုင်လျှင် ဆင်းပေးဟု လူသိရှင်ကြား ပြောခဲ့သည်။ မြန်မာစစ်ဗိုလ်ချုပ်များက မည်သို့မျှ မတုံ့ပြန်ရဲပါ။ ငုံ့ခံနေကြသည်။ အနည်းဆုံး သံတမန်ရေးအရ ကန့်ကွက်မှုမျှပင် မလုပ်ရဲကြပါ။ ကိုယ်မှန်လျှင် ငုံ့ခံမည် မဟုတ်သော်လည်း၊ ကိုယ်က မှားတော့ ငြိမ်နေရသည်။ စစ်အစိုးရ၏ ယုံကြည်မှု အကြီးအကျယ် ကျဆင်းနေသည်ကတော့ သိသာလှသည်။

မြန်မာစစ်ဗိုလ်ချုပ်တွေက အိမ်တွင်သာ အလိုလိုက်ထား၍ ဆိုးနေသည့် အိမ်ကျယ်မျိုးနှင့် တူနေသည်။ မိမိ ကိုယ်တွင်း၌ ယုံကြည်မှုအားနည်း၍ အခြားကလေးများကို လိုက်ဗိုလ်ကျ အနိုင်ကျင့်တတ်သည့် ကလေးဆိုး (Bully) မျိုးနှင့် တူနေသည်။ သူ့ထက်ကြီးသူဆိုလျှင် ကြောက်သည်။ အိမ်အပြင်ကွင်းတွင်ဆိုလျှင် ကြောက်သည်။ သို့သော်လည်း မြန်မာ စစ်ဗိုလ်ချုပ်များက ကလေးဆိုးထက် ပို၍ အန္တရာယ်ကြီးသည်။ အင်အား ၄ သိန်းကျော်ရှိ စစ်တပ်ကြီးကိုင်ထားပြီး ဗိုလ်ကျနေသောကြောင့် ဖြစ်သည်။ နိုင်ငံကို ထင်ရာကျဲ ရောင်းစားပြီး၊ အရုပ်ကလေးများကို ဖျက်ဆီးချိုးဖဲ့လေ့ရှိသည့် ကလေးဆိုလို ဖျက်ဆီးနေသောကြောင့် ဖြစ်သည်။

စက်တင်ဘာ သံဃာ့လှုပ်ရှားမှု အပြီးတွင်တော့ စစ်အစိုးရ၏ ယုံကြည်မှုရေချိန်က အနိမ့်ဆုံး ဖြစ်နေခဲ့ပြီ။ မိမိဘာသာ အားတင်းပြောနေသော်လည်း မစွမ်းနိုင်တော့ကြောင်း သိနေသည်။ အချို့လှုပ်ရှားသူများကို မဖမ်းမဆီးရဲတော့။ အထူးသဖြင့် သီးလေးသီး အငြိမ့်ကခဲ့သူ ၀န်ထမ်းများကို အလုပ်ဖြုတ်ပြီးမှ ပြန်ခန့်သည်။ ပြည်သူများကလည်း ပို၍ ရဲရင့်လာကြသည်။ ဤပုံဖြင့် မိုးကြီးချုပ်၍ မရနိုင်တော့ကြောင်း သိလာကြသည်။ အထူးသဖြင့် ရေဒီယို အင်တာဗျူးများကို နားထောင်လျှင် ပိုသိသာသည်။ ပြည်သူများက ပို၍ ရဲရင့်ပြောင်မြောက်စွာ ပြောလာကြသည်။

စစ်အစိုးရက ဤအသံများကို မကြားလိုပါ။ ကုလားအုပ်က သဲထဲသို့ ခေါင်းဝှက်ထားလျှင် လုံလှပြီဟု ထင်နေသည့် အပေါက်မျိုး ချိုးနေသည်။ ဤနည်းဖြင့် ရေရှည် ရပ်တည်နိုင်လိမ့်မည် မဟုတ်သလို၊ အဖြေလည်း ရှာတွေ့လိမ့်မည် မဟုတ်ပါ။





အောင်သူငြိမ်း

မဇ္စျိသတင်းမှကူးယူဖော်ပြသည်

(http://www.mizzimaburmese.com/content/view/406/4/)

ချစ်သူ

ချစ်သူ..
မင်းရဲ့ အပြုံးနုနုလေးဟာ
23 1/2 ဒီဂရီ တိမ်းစောင်းပြီး
လည်ပတ်နေတဲ့ ကမ္ဘာကြီးကို
ပြောင်းပြန်လည်မသွားစေနိုင်ပေမဲ့
ငါရဲ့ နှလုံးသားတခုလုံးကိုတော့..
ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားစေနိုင်ပါတယ် "
လို့ ဆိုခဲ့တဲ့ ကိုယ်ပါ။

"အလှသခင်မ လေးအား
ကျွန်တော်မျိုး ဆက်သသည့်ပန်း
အရောင်မလွင်..ရနံ့မသင်းဟု
သွယ်ဝိုက်အပြစ် ရှာဖို့မလို
မြေပေါ်ပစ်ချ ခြေတော်နင်းလိုက်ပါ..
သခင်မလေးရဲ့ ကေသာထက်မှာ
စံပျော်ခွင့် မရခဲ့ရင်တောင်
သခင်မလေးရဲ့ ခြေတော်ဖ၀ါးနဲ့
နင်းခြေခံခွင့် ရခဲ့တဲ့အတွက်
ကျေနပ်သွားမှာပါ"
လို့ စာဆိုခဲ့တဲ့ ကိုယ်ပါ။

ချစ်သူရေ..
ဒီနှစ်ဆောင်းဟာ
ကန္ထာရဆောင်းမို့
ပြင်းထန်လွန်းပါတယ်။

သိုပေမဲ့လေ...
ဆောင်းဒီဇင်ဘာ...အအေးဖြာလဲ
ရင်မှအပူ...မြှူ မှူံ့တစ
သူချုမရခဲပါ့ပြီ ။
ချစ်သူ့စကား
နှလုံးသွေးများ
ရပ်တန့်သွားမတတ်ပါကွယ်။

"ကျမနဲ့တော်လှန်ရေး
ရှင်ကြိုက်ရာရွေး
မှားတဲ့သူအတွေး
ပြန်မပြင်ကြကြေး " လို့
ဆိုလာပါသော ချစ်သူ
သတိတရား နဲ့ အသိမမှားစေရန်
ပြောပါရစေ ချစ်သူ

သနားစရာ ဒုက္ခသည်
လူမမယ် ကလေးတွေ
ငါချစ်တဲ့ တိုင်းပြည်မှာ ရှိမနေခဲ့ဘူးဆိုရင်

နွားနဲ့အပြိုင်ရုံးရပါလျက်
ဆန်ပြုတ်ကိုမှ မလောက်ငှ နိုင်ကြတော့တဲ့
အပြစ်မဲ့ ပြည်သူတွေ...
ငါချစ်တဲ့ တိုင်းပြည်မှာ ရှိမနေခဲ့ဘူးဆိုရင်….

ငတ်မွတ်မှုနဲ့ စစ်ခွေးနှိပ်စက်မှု ဒဏ်တွေကို
ဆွေစဉ်မျိုးဆက် ခေါင်းငုံ့ရက်သား
အနှံ့အပြားက ခံစားနေရတဲ့ပြည်သူတွေ.
ငါချစ်တဲ့ တိုင်းပြည်မှာ ရှိမနေခဲ့ဘူးဆိုရင်….

အမှန်တရားအတွက်
အသက်တွေစွန့်ခဲ့
ဘ၀တွေ စွန့်ဆဲ
ရဟန်းရှင်လူတွေ.
ငါချစ်တဲ့ တိုင်းပြည်မှာ ရှိမနေခဲ့ဘူးဆိုရင်….

..............................တွေ
ငါချစ်တဲ့ တိုင်းပြည်မှာ ရှိမနေခဲ့ဘူးဆိုရင်….
..............................တွေ
ငါချစ်တဲ့ တိုင်းပြည်မှာ ရှိမနေခဲ့ဘူးဆိုရင်….
မင်းကိုချစ်တဲ့ငါ
မင်းကိုသိပ်ချစ်ခဲ့တဲ့ ငါဟာလေ.
မင်းရဲစကားလုံးအောက် ကျဆုံးလောက်ပါရဲ့

ချစ်သူ
မင်းကိုချစ်တဲ့ အချစ်တွေသာ
သိမ်းဆဲခဲ့ဖူးတဲ့
ငါရဲ့နှလုံးအိမ်ဟာ
ပက်စက်တဲ့ ရန်သူ့ကျဉ်စက်အောက်
အသက် မပျောက်မည်

မင်းရဲ့စကားအောက်
အကြိမ်ကြိမ်..သေလောက်ပါတယ်။


ဒါပေမယ့်..ချစ်သူ
တော်လှန်ခဲ့တဲ့ ခေတ် အဆက်ဆက်က
သူရဲကောင်းတွေရဲ သွေးရနံ့တွေ

၈၈ က သူရဲကောင်းတွေရဲသွေးရနံ့တွေ
ပူပူနွေးနွေး စက်တင်ဘာရဲ့သွေးစက်တွေ
ငါ့ ကိုယ်မှာလွှမ်းခြုံထားပြီ။

စကားမပြောတတ်သေးတဲ့
၇ လသ္မီး လေးရဲ့ အကြည့်တွေကို
ရင်ဆိုင်ရဲဖို့
အပြစ်မဲတဲ့ကလေးပေါင်းများစွာရဲ့
စကားလုံးမဲ့တဲ့ အကြည့်တွေရင်ဆိုင်ရဲဖို့
ငါတာဝန်ကြေ ချင်တယ်။

ဒါတွေကိုစွန့်မှ
မင်းနဲ့ငါရဲ့ဘဝ
ဆုံဆည်းမူ ..ရနိင်မယ် ဆိုရင်
ငါဆုတောင်းလိုက်ပါတယ်....ချစ်သူ
မင်းနဲ့ ငါ့ရဲ့ဘဝ
ဘ၀ အဆက်ဆက် တိုင်း
ဆုံဆည်းခွင့် မရပါစေနဲ့



မောင်သျှ

(မျိုးချစ် ကူညီတည်းဖြတ်ပါသည်)

ကိုမျိုးချစ် blog မှ ကူးယူဖော်ပြပါသည်

http://myochitmyanmar.blogspot.com/2007/12/blog-post_31.html