Saturday, July 19, 2008

အာဇာနည်နေ့ အမှတ်တရ

အာဇာနည်နေ့ အမှတ်တရ

19th July 2008


သူငယ်ချင်းတွေက မေးလာတယ်။ `ဇူလိုင် ၁၉´အတွက် စာမရေးတော့ဘူးလား´တဲ့။ စိတ်ကူးထဲမှာ ဘာရေးရယ်ဆိုတဲ့ အကောင်အထည်က မရှိဘူး။ ရေးချင်တဲ့စိတ်နဲ့ ကွန်ပြူတာရှေ့ထိုင်လိုက်တာနဲ့ အာရုံတွေက ၀ါးသွားတယ်။ အာဇာနည်တွေရဲ့အကြောင်းက တွေးရုံနဲ့ ရင်ထဲမှာ ဆို့နင့်လာတယ်။ အာဇာနည်တွေ အကြောင်း ကို ကျွန်တော့်ရင်ဘက်က အတွေးမခံဘူး။ မျက်ရည်တွေပဲ ဝေ့ဝေ့လာတယ်။ ၁၉၄၇-ခုနှစ်၊ ၄-လပိုင်း၊ ၁၉-ရက်နေ့၊ ၁၀-နာရီ ၄၇-မိနစ်က စပြီး ပြည်သူတွေ ငိုကြွေးလာခဲ့ကြရတာ။ ယနေ့အချိန်ထိ အာဇာနည်တွေ ဖောက်ခဲ့တဲ့လမ်းကနေ ငါတို့တွေ မလျှောက်လှမ်းကြရသေးဘူး။ ပြည်သူတွေ လျှောက်လှမ်းခွင့် မကြုံသေးဘူး။ အဲဒါတွေပါ ထည့်တွက်လိုက်တော့ အာဇာနည်နေ့မှာ မျက်ရည်တွေ တိုးလာခဲ့ရတယ်။

အာဇာနည်နေ့။ ဒီနေ့ဟာ တစ်တိုင်းပြည်လုံး ငိုကြွေးခဲ့ရတဲ့နေ့။ ကြေကွဲခဲ့ရတဲ့နေ့။ အိမ်မက်တွေ ပျောက် ဆုံးခဲ့ရတဲ့နေ့။ လက်ထဲရောက်လာတဲ့ ကောင်းကင်ဘုံကို ပုတ်ချခံခဲ့ရတဲ့နေ့။ ……နေ့။ ဒီနေ့ကို စာဖွဲ့ဖို့ စဉ်းစား ကြည့်တော့ သေနတ်ဒဏ်ရာတွေ ဗရဗွနဲ့ သွေးအိုင်ထဲ လဲနေတဲ့ အာဇာနည်များကို မြင်ယောင်တယ်။ လူယုတ် မာသေနတ်သမားကို လက်ကလေး ကာနေတဲ့ ငါတို့ရဲ့နိုင်ငံရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်းကို မြင်ယောင် လာတယ်။

အာဏာရူး ငစောဟာ ဗိုလ်ချုပ်နဲ့အာဇာနည်တွေကို သတ်ရင် သူဘုရင်ဖြစ်မယ်လို့ ထင်ခဲ့တယ်။ ဒါကြောင့် ယုတ်မာစွာ အပြတ်ရှင်းခဲ့တယ်။ ဒါပေမယ့် ဗိုလ်ချုပ်နဲ့အာဇာနည်တွေဟာ သတ်ရုံနဲ့သေမယ့်သူတွေ မဟုတ်ဘူးဆိုတာ ငစော ညာဏ်မမီခဲ့ဘူး။ ဗိုလ်ချုပ်မသေသေးပါဘူး။ ယနေ့အချိန်မှာတောင် သူ့စကားတွေက ရှင်သန်ခန့်ခန့် တည်နေသေးတယ်။

လာပြန်ပြီ။ အာဏာရူးတွေ။ ကလိမ်ကကျစ်ညာဏ်တွေနဲ့ ဗိုလ်ချုပ်နဲ့အာဇာနည်တွေကို သတ်ဖို့ ကြိုးစား နေပြန်ပြီ။ ဗိုလ်ချုပ်နဲ့အာဇာနည်တွေဟာ သတ်ရုံနဲ့သေမယ့်သူတွေ မဟုတ်ဘူးဆိုတာ ငသန်းရွှေတို့၊ ငမောင် အေးတို့လဲ သိကြပုံမပေါ်ဘူး။ သူတို့လဲ ငစောလမ်းစဉ်အတိုင်း နိဂုံးချုပ်ချင်ကြပြီနဲ့ တူပါတယ်။

`ကျွန်တော့်အမြင်အရတော့ မြန်မာတွေ ဗိုလ်ချုပ်ကို လေးစားတာဟာ လေးစားမှုအဆင့်ထက်ပိုပြီး ကိုးကွယ်မှုအဆင့်တောင် ရောက်နေပြီလား အောက်မေ့ရတယ်´။ နိုင်ငံခြားက ဆရာကြီးတစ်ယောက် သုံးသပ် ပြခဲ့တာပါ။ ဘယ်လောက်ထိတောင် သူဟာ လေးစားဖွယ်ကောင်းခဲ့သလဲ။ ကြည်ညိုဖွယ်ကောင်းခဲ့သလဲ။ ဗိုလ် ချုပ် ပြောသွားတဲ့စကားလေးအနည်းငယ်ကို ဖတ်ရုံမျှနဲ့ သိနိုင်ပါတယ်။ အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျွန် တော့်မှတ်စုထဲက ဗိုလ်ချုပ်စကားလေးတွေကို ဝေငှလိုက်ပါတယ်။

“ရဲဘော်တို့ မေးစရာ စကားရှိတယ်။ တကယ်လို့ အကြီးအမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ ကိုယ့်နိုင်ငံ ဆန့်ကျင်တဲ့ အကြီးအမှူးတွေဟာ ကြာကြာမနေနိုင်ပါဘူး။

အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇ၀င်မှာ ကြည့်လိုရှိယင် ဘယ်လောက်ကြီးတဲ့လူဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ်ကျတာ ချည်းပဲ။ ဒီလို မတရားတဲ့ အကြီးအမှူးတွေရှိယင် ရဲဘော်တို့ အပေါ်မှာလဲ တည်တယ်။ ဥပမာ မတရားတဲ့ အကြီးအမှူးတစ်ယောက်က ၀တ္တရားနှင့်မဆိုင်တဲ့ နိုင်ငံနှင့်လူမျိုးအကျိုးနဲ့ မပတ်သတ်တဲ့ အမိန့်မျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျ၊ မကျ၊ တရား၊ မတရား နိုင်ငံနှင့်လူမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလို ကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းယင် သူ့ထက်ကြီးတဲ့ အကြီးအမှူးကို ဖြစ်စေ၊ တစ်ခြား အကြီးအမှူးတစ်ယောက်ဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ်၊ မှားတယ် သိနိုင်မယ်။”
“လက်ဖွဲ့အနေနဲ့ဆောင်ပြီး သတ္တိနှင့် သစ္စာရှိလျှင် မောင်တို့ ခြေချရာအရပ်များသည် အောင်မြေချည်း ဖြစ်ရလိမ့်မည်။”

“ကျုပ်အဖို့ ပြောရယင် ရဲဘော်တို့ထဲကပဲဖြစ်ဖြစ်၊ အခု တပ်ထဲမှာရှိတဲ့ စစ်သားကလေးကစပြီး အားလုံး ရဲဘော်တွေထဲကပဲဖြစ်ဖြစ် ကျုပ်ထက် အရည်အချင်း၊ အကျင့်စာရိတ္တ၊ အလုပ်အကိုင်၊ နိုင်ငံချစ်စိတ်၊ အမျှော် အမြင်ရှိတယ်လို့ တွေ့တာနဲ့တစ်ပြိုင်နက် ကျုပ်ဟာ အဲဒီလို တော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့အားလုံး ကြိုးစားကြပါ၊ တော်အောင် ကြိုးစားကြပါ။”

“တစ်ခြား မှာကြားလိုတဲ့အချက်ကတော့ ပြောနေကျ စကားပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပါယ်လေးနက် အောင် ပြောပြလိုက်အုံးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဖို့ မဟုတ်။ လက်နက်အားကို တန်ခိုးပြဖို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနှင့် နားလည်အောင် ပြောပြတာပဲ။ ဒီစကားကို ကျုပ်ပြောတာဟာ စစ်တပ်ကို ကျုပ် ပြန်နှိပ်ချင်တဲ့ သဘောနဲ့ ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လဲ မတရားမလုပ်။ နိုင်ငံရဲ့ ရန်သူ တွေ မဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာ အားလုံးသဘောပေါက်အောင် ပြောပြခြင်းပဲ။”

“အမှန်ပြောရယင် လူတွေဟာ ပုထုဇဉ်တွေပဲ။ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင်တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့လူတွေကလဲ အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူတွေကို လက်နက် အားကို အာဏာအားကို လုပ်ချင်တယ် ပြောကြတယ်။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျတော့ အရင်တုန်းက ပြောတာတွေ မေ့ပြီး တစ်မျိုးလုပ်ကြတာပဲ။ ဒါ ထုံးစံအတိုင်းပဲ။ ငါတို့က ဒီလို မဟုတ်။ အားနည်းတဲ့အခါလဲ အားကြီးတဲ့လူကို မတရားယင် မကြောက်၊ အားကြီးတဲ့အခါလဲ အားငယ်တဲ့ လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင်တယ်၊ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အခြေခံဖြစ် တယ်လို့ ပြောတာပဲ။”
“ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတူ ဟုတ်တာနှင့် မဟုတ် တာ ခွဲခြားသိရမယ်။”

“ဇာတိမာန် ကောင်းကောင်း ထားတတ်ကြရအောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေဟာ လူဖျင်းတွေ၊ လူကြောက်တွေ၊ လူပိုတွေ၊ လူရိုင်းတွေ၊ လူ့ဂွစာတွေ၊ လူ့မတရားတွေလို့ ဒီကမ္ဘာက အထင်ခံရ အောင် မလုပ်ကြပါနှင့်။ ဗမာတွေဟာ ဒီလို မဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုး ရေးတရားနှင့်ပတ်သတ်ပြီး မှာချင်တာပဲ။”

နောက်ဆုံး တစ်ခုမှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓာတ်မထားကြဖို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ်၊ ဒီပြင်နိုင်ငံတွေမှာဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်ကြတာ မဟုတ်ဘူး။ တစ်ခြား စစ်သားမဟုတ်ပေ မယ့် နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံ၊ အမျိုးမျိုး စွန့်စားလုပ်ကြတဲ့လူတွေလည်း ရှိတယ်။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်ဓာတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တစ်ခု နားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။ စစ်တပ်ရဲ့အခွင့်အရေးကို မတရားချိုးဖျက်မယ်ဆိုယင် ကျုပ် အစွမ်းကုန် ကြိုးစားတိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေချင်တယ်။ ယနေ့ ဒီမှာ ပြောတာတွေအားလုံး စစ်သားတွေ သိပါစေ။ သိအောင် ပြောပြကြပါ။ အဲဒါ နောက်ဆုံးမှာကြားခြင်းပဲ။”

“ကျုပ်တို့ တိုင်းသူပြည်သားတွေဟာ သိပ်စိတ်ပျက်နေစရာ မလိုပါဘူး။ နောက်ထပ် စိတ်ပျက်စရာတွေ အများကြီး ရှိပါသေးတယ်။ နောက်ထပ် စိတ်ပျက်စရာတွေ အများကြီးရှိတယ်ဆိုပေမယ့် နောက်ဆုံးကျတော့ အောင်ဖို့ပါပဲ။”

“ကျွန်တော် သိပ်သဘောကျတာပဲ။ ဘုန်းကြီးတွေတောင် ခေတ်ပညာအတတ်တွေ တစ်ချို့သင်ကြား နေတယ်လို့ ကြားရတယ်။ ဘယ်ထိအောင် တော်တယ်၊ မတော်တယ်လို့တော့ မသိဘူး။ ဒီအတိုင်းသာ မှန်လို့ရှိ ယင် ဘုန်းကြီးများဟာ မိမိဘာသာရေးနဲ့လဲ မဆန့်ကျင်၊ တိုင်းပြည်အကျိုးရှိရာ ရှိကြောင်းအလုပ်တွေကို လုပ်ပေး ကြမယ်ဆိုယင် ဗမာပြည်ဟာ တိုးတက်ဖို့ နိမိတ်ပဲ။”

“နောက်ပြီးတော့ ပြည်သူတွေရဲ့အကျိုးကို တကယ်ကာကွယ်မယ့်သူတွေဟာ ပြည်သူတွေပဲ။ သည့်ပြင် လူတွေဆိုတာ ဒီလောက် မဖြစ်နိုင်ဘူး။”

“အဲဒါကြောင့် တိုင်းသူပြည်သားလူအများ၊ ခေါင်းဆောင်ဆိုတဲ့လူတွေကို ပြောလိုတာကတော့ တကယ် ကျွန် မဖြစ်ချင်ယင် ကျွန်မဖြစ်တဲ့နည်းလမ်းတွေ ရှာပြီးတော့ တကယ့်စွန့်စားမှုနှင့် တကယ့်အလုပ်တွေကို လုပ်ပြ ကြပါ။ အချောင်သမားအလုပ်တွေ၊ တပွဲထိုးဝါဒတွေ၊ ဒါမျိုးတွေနှင့် လုပ်မယ်ဆိုယင်တော့ ဗမာပြည် မစွန်နိုင်ဘူး ဆိုတာ တထစ်ချမှတ်ထားပါ။”

“ကျုပ်တို့ဟာ တိုင်းပြည်အကျိုးကို ရှေးရှုရမယ်။ လူတယောက်တလေ၊ တဖွဲ့တပါတီ၊ မုန်းရုံနဲ့ ကိုယ်ထင် တာကို လုပ်လို့ မဖြစ်ဘူး။ တိုင်းပြည်နာမှာကို ကြည့်ရမယ်။ ရာထူးတွေ သိပ်မလိုချင်နဲ့အုံး။ ဆာနေတဲ့လူတွေကို သိပ်မငြူစူကြပါနဲ့။ စားကြပါစေ။ သို့သော် သူတို့စားသလို ကိုယ်လိုက်စားချင်တာလဲ ခေါင်းဆောင်အစစ် မဟုတ် ဘူး။ ကိုယ့်ကိုယ်ကို တန်ဖိုးမထားတဲ့ လူညာခေါင်းဆောင်တွေပဲ။ ဘယ်သူဖြစ်ဖြစ် ခေါင်းဆောင်ဖြစ်ချင်ယင် ခေါင်းဆောင်လုပ်နိုင်တဲ့ အရည်အချင်းနဲ့ ပြည့်စုံပြီး လက်ရှိခေါင်းဆောင်တွေထက် တိုင်းပြည်ကောင်းအောင် ရွပ်ရွပ်ချွံချွံ လုပ်ကြပါ။”

“သူများနှာခေါင်းနဲ့အသက်ရှုပြီး တန်တန် မတန်တန် ရာထူး မလိုချင်ကြပါနဲ့။ ကိုယ့်ကိုယ်ကို တန်ဖိုးထား ကြပါ။ တိုင်းပြည်က အသိအမှတ်ပြုပြီး လိုက်လာတဲ့ ခေါင်းဆောင်မျိုး ဖြစ်အောင် လုပ်ကြပါ။ အရည်အချင်းလဲ မရှိ။ ဘယ်သူကမှ အသိအမှတ်ပြုလောက်အောင် စွန့်စားချက်လဲ မရှိ။
ကြီးကျယ်ချင်တဲ့လူတွေဟာ ဘယ်တော့ မှ ခေါင်းဆောင်မဖြစ်နိုင်ဘူး။

အဲဒီလူမျိုးတွေကိုတော့ ကျုပ်သဘောပြောမယ်ဆိုယင် ဘယ်တော့မှ လျှော့ဖယ် မပေးဘူး။ မညှာတန်း ကျုပ်တိုက်ဖျက်ပစ်မှာပဲ။ သို့သော်လဲ ကျုပ်ထက်သာတယ်လို့ ပြနိုင်တဲ့လူပေါ်ယင် ကျုပ်တို့တော့ ကိုယ့်ကိုယ်ကို တသက်လုံးခေါင်းဆောင်ဖြစ်အောင် ဘုရားသခင် ဖန်းဆင်းထားတယ်လို့ ယုံတဲ့လူ မဟုတ်ဘူး။ အဲဒီလို သာတဲ့လူကို ဖယ်ပေးဖို့ အသင့်ပဲ။ အဲဒါ နောက်ဆုံးစကားပဲ။”

တင်ပြသူ
လွင်ပြင်ရိုင်း
19, 07, 2008
MSMA

အာဇာနည်နေ့ ဂုဏ်ပြုသောအားဖြင့် လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲခဲ့ပုံနဲ့ BIA ဖွဲ့စည်းပုံ တင်ပြချက်

ဗိုလ်ချုပ်အောင်ဆန်းဟာ အင်္ဂလိပ်ကို တော်လှန်ဖို့ ၁၉၄၀ ခုနှစ်ကစပြီး ဂျပန်နှင့် ဘာကြောင့် ပေါင်းခဲ့ရ သလဲဆိုတာရယ်၊ နိုင်ငံရေး သက်သက်ဖြင့် အောင်ပွဲမရနိုင်၊ လက်နက်ကိုင် တိုက်ပွဲနဲ့ အထောက်အကူပြုမှသာ ပြီးဆုံးနိုင်မှာ ဖြစ်တယ်။ လွတ်လပ်ရေးတိုက်ပွဲ ဆင်နွဲဖို့အတွက် အမျိုးသား လက်နက်ကိုင် စစ်တပ် ထူထောင်ဖွဲ့စည်းရန် ဤခေတ်အမျိုးသားတာဝန် ကျွန်တော်တို့ မျိုးဆက်အပေါ် ကျရောက် တာဝန်ရှိတယ်လို့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ကျော်ဇောက အခုလို ရှင်းပြခဲ့ပါတယ်။

ဗိုလ်ချုပ်တို့ နိုင်ငံခြားထွက်ရတာဟာ ဗမာပြည် ဗြိတိသျှဆန့်ကျင်ရေး ၁၃၀၀ ပြည့်နှစ်(၁၉၃၈-၃၉)အရေးတော်ပုံ အတွေ့အကြုံ အရ လွတ်လပ်ရေး တိုက်ပွဲကို လက်နက်ကိုင်တိုက်ပွဲနှင့် ပေါင်းစပ်နိုင်မှ အောင်မြင်နိုင်မယ်ဟု ခေါင်းဆောင်များ သိလာကြတဲ့အတိုင်း မြန်မာအမျိုးသားလက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းရန် နည်းပညာနှင့် အကူအညီများယူရန် ထွက်ကြရာမှာ ဂျပန်ကို သွားတာမဟုတ်။ ထိုစဉ် တရုတ်ပြည်မှာ လက်နက်ကိုင် တော်လှန်နေသော တရုတ်ကွန်မြူနစ် ပါတီ (C.P.C) သို့ သွားကြခြင်း ဖြစ်သည်။ သူတို့ဟာ တရုတ်ကွန်မြူနစ် ပါတီနှင့် အဆက်အသွယ် အလွယ်တကူ ရနိုင်တဲ့ ရှန်ဟဲမြို့သွား သဘောင်္ကို မစောင့်နိုင်ဘဲ ဗြိတိသျှအဖမ်းခံရမှာ စိုး၍ အရင်ရောက်လာသော တရုတ်ပြည်အမွိုင်မြို့သွား သဘောင်္ကိုသာ စီးနင်းသွားကြသည်။ အမွိုင်မြို့တွင် ကူမင်တန်တရုတ်အစိုးရနှင့် ဂျပန်တို့ စိုးမိုးထားရာ နယ်စပ်ပင်လယ်ကမ်းခြေ အနီးတွင် သောင်တင်နေပြီး တရုတ်ကွန်မြူနစ် ပါတီလည်း ရှာမရ၊ ဆက်မရဖြစ်နေစဉ် ငွေကြေးလည်း ကုန်ကျကျပ်တည်းလာသဖြင့် ဗမာပြည်ကိုလှမ်းပြီး အကူအညီတောင်းရာ ထိုကိစ္စ ဗိုလ်လက်ျာက တိုးတိုးတိတ်တိတ် ငွေကြေးကောက်ခံရ၏။ ဗိုလ်ချုပ်တို့ တပ်ပေါင်းစု ဖွဲ့စည်းထားသော ဗမာ့ ထွက်ရပ်ဂိုဏ်းမှ ဂျပန်ကို လိုလားသော ဒေါက်တာ သိန်းမောင် တို့ သိရှိသွားပြီ (သူဟာ ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း တည်ထောင်သူဖြစ်တယ်) ၄င်းတို့က အမွိုင်တွင် လျှို့ဝှက် နေထိုင်နေသော လိပ်စာကို ဂျပန်များအား ပေးလိုက်ရာက ဂျပန်များက ဗိုလ်ချုပ်တို့ကို ရှာဖွေခေါ်ဆောင်ပြီး ကာနယ်ဆူဇူကီး(နောင်တွင် ဗိုလ်မိုးကြိုး) တို့လက်သို့ ရောက်ရှိသွားခြင်းဖြစ်သည်။



ဗိုလ်ချုပ်ဟာ ဂျပန်တို့ကို ယုံကြည်ရလောက်အောင် ရိုးအသူမဟုတ်ပါ။ ဂျပန်ကို မယုံကြည်ပါ။ ဂျပန်များက တရုတ်ပြည်မကြီးကို အတိအလင်း အင်အားကြီးစွာ ဖြင့် ကျူးကျော်တိုက်ခိုက်နေပြီကို မြင်တွေ့နေရပြီ ဖြစ်သည်။ ဗမာပြည်ကိုလည်း နောင် ဂျပန်တို့ ကျူးကျော်သိမ်းပိုက်လိမ့်မယ်လို့ မသဲမကွဲ ယူဆထားသည်ဟု နောက်ပိုင်း ဗိုလ်ချုပ်ရေးတဲ့ စာတန်းများ အရလည်း သိရပါတယ်။ သူသည် ဖြစ်ပေါ်လာသော လက်တွေ့အရ မလွဲသာလို့ ဂျပန်နဲ့ ပေါင်းလိုက်ရခြင်း ဖြစ်ဟန်ရှိပါသည်။ ဂျပန်တို့ထံမှ ရသမျှ အကူအညီကို လက်ခံပြီး နောက် လက်တွေ့ ဖြစ်ပေါ်လာမှု အပေါ်မှာကြည့်ပြီး တော်သင့်သလို ပြုမူလှုပ်ရှားဆောင်ရွက်သွားမည်ဟု သိပ်မရေရာသော ဆုံးဖြတ်ချက်အား ချလိုက်ရဟန်တူပါသည်။


BIA တပ်ကြီး ဖွဲ့ပြီ

၆ လက်မ ရှည်သော ဓားမြှောင်ပင် ကိုင်ခွင့်မရခဲ့သည့် မြန်မာအမျိုးသားတို့ အဖို့ လက်နက်ကိုင် တပ်တစ်တပ် ဖွဲ့စည်းတည်ဆောက်ရန်မှာ ထိုစဉ် (၁၉၄၁ခုနှစ်) က စဉ်းစားမရလောက်အောင် ခက်ခဲရလောက်အောင် ပြဿနာ ကြီး တစ်ရပ်ဖြစ်၏။ ထိုရာဇ၀င်သစ်ကို ရေးသားရန် တာဝန် ကျွန်တော်တို့ခေတ်တွင် ကျရောက်နေပါပြီ။ ၁၉၄၁ မေလလောက်က ဟိုင်နန်ကျွန်းတွင် စစ်သင်တန်း စပြီး တစ်ပတ်အကြာ လေ့ကျင့်ရေးအတွက် ကိုယ်ပိုင် လက်နက် ရိုင်ဖယ်များကို ဂျပန်ဆရာများက အခမ်းအနားဖြင့် ပေးအပ်ခဲ့ပါသည်။ ကျွန်တော်တို့ လက်နက်စကိုင် ရသောနေ့ ပင်ဖြစ်ပါသည်။ ၀မ်းမြောက်မှုဖြင့် စိတ်လှုပ်ရှားစွာ လက်ခံယူခဲ့သည်ကို မှတ်မိနေပေသည်။ "ဤလက်နက်ဖြင့် နယ်ချဲ့စနစ်ကြီးကို တိုက်ရဖို့သာလျှင် မဟုတ်လော၊ ဤလက်နက်သည် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်လပ်ရေး လက်နက်ကိုင် တိုက်ပွဲအတွက် မျိုးစေ့ပင်မဟုတ်လော'' ဟု ရေးသားခဲ့ပါသည်။ ကျွန်တော်တို့သည် ဗမာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရန် လက်မောင်းသွေးဖောက်၍ သစ္စာရေ သောက်ခဲ့ ကြသည်။ လွတ်လပ်ရေး ရသည်အထိ ဆုံးခန်းတိုင် တိုက်ပွဲဝင်သွားမယ်ဟု သစ္စာအဓိဌာန်ပြုခဲ့ကြသည်။ ကျွန်တော့်မှာ များစွာ စိတ်လှုပ်ရှား ကြည်နူးမိပါသည်။ ကျွန်တော်တို့သည် နယ်ချဲ့ကို တိုက်ရေးအတွက် စစ်ပညာလည်း ရရှိခဲ့ကြပြီ။ လက်နက်များလည်း ကိုင်ကြရပြီ။ နောက်ဆုံး ကျွန်တော်တို့ လိုလားချက်ကြီးဖြစ်သော လက်နက်ကိုင်တပ်မတော် ကြီးကို ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်ရာ များစွာ စိတ်ကြည်နူး ခံစားရပါသည်။ မြန်မာဘုရင်များလက်ထက်မှ ကိုလိုနီဖြစ်ခဲ့ရ သော နှစ်ပေါင်း (၁၀၀) ခန့်အတွင်း အဆက်ပြတ် နေခဲ့သည့် မြန်မာ့အမျိုးသား တပ်မတော်ကြီးကို တည်ထောင် နိုင်ခဲ့ပြီ။ ကျွန်တော်တို့၏ လွတ်လပ်ရေးတိုက်ပွဲ နောက်ဆုံးအောင်ပွဲအတွက် လက်နက်ကိုင် တပ်ကြီးကို ထူထောင် မိကြပြီး မကြာမီ အောင်ပွဲရလိမ့်မည်ဟု မျှော်မှန်းကာ များစွာ ကြည်နူး အားတက်မိကြပါသည်။ ထို အခမ်းအနားတွင် တက်ရောက်ကြသော စစ်သားသစ် ပရိသတ်များထဲမှ တချို့မှာ သောက်ကြစားကြ ကကြခုန်ကြ အလွန်ပျော်ရွှင်ကြပါသည်။ လူအုပ်တစ်အုပ်သည် ဗိုလ်ချုပ်အောင်ဆန်းအား ၀ိုင်း၍ ထမ်းကြပြီး ကကြ ခုန်ကြသည်။ မြှောက်လိုက် ချလိုက် လုပ်နေကြသည်။ ဗိုလ်ချုပ်မှာလည်း လူအုပ်ကြီးပေါ်တွင် မြောက်လိုက် ကြလိုက် ဖြစ်နေပါတော့သည်။

အာဇာနည်နေ့ ဂုဏ်ပြု အစီအစဉ်

ဆရာကြီး ပါမောက္ခ ဒေါက်တာသန်းထွန်းက မအအောင်လို့ သမိုင်းသင်ရတယ်လို့ ပြောပါတယ်။ နအဖက ကျွန်တော်တို့ တမျိုးသားလုံးကို အ အောင်၊ နုံ အောင် သမိုင်းကို ဖျောက်ဖျက်ထားပါတယ်။ စစ်အုပ်စုကြောင့် အရှေ့တောင် အာရှနိုင်ငံတွေမှာ ကျွန်တော်တို့ မြန်မာနိုင်ငံကြီးဟာ တဖြေးဖြေး အောက်တန်း နောက်တန်းကို ရောက်ရှိနေပြီ ဖြစ်လို့ မျိုးချစ်စိတ်ရှိသူ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံး သမိုင်း ဖြစ်စဉ် အမှန်ကို ဖော်ထုတ်ရင်း အာဇာနည်နေ့ကို ဂုဏ်ပြု ကြိုဆိုကြပါစို့။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကို ဂုဏ်ပြုထားတဲ့ မျိုးချစ် တပ်မတော် အရာရှိ တစ်ဦးပေးပို့လာတဲ့ ဂုဏ်ပြုဆောင်းပါးကို ကျွန်တော် ကိုဖိုးတရုတ်က စီစဉ် တင်ပြလိုက်ပါတယ်။

ကျွန်တော် ချစ်ခင်ကြည်ညိုလေးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် တပ်ထဲ မ၀င်ခင်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းရဲ့ နေထိုင်ပုံ စရိုက်နဲ့ စိတ်နေသဘောထားများကို သမိုင်းဝင်စာအုပ်စာတမ်းများမှ ဖတ်ရှုလေ့လာခွင့်ရတဲ့ အတွက်လည်းကောင်း၊ ဗိုလ်ချုပ်ပြတိုက်ကို သွားရောက် ကြည့်ရှုရမှာ လည်းကောင်း ဗိုလ်ချုပ်အောင်ဆန်းကို လေးစားဂုဏ်ယူမိပါတယ်။ တပ်ထဲဝင်ရောက်ပြန်တော့ လည်း တပ်မတော်သားတစ်ဦးရဲ့ ခက်ခဲကြမ်းတမ်းပုံ ကြုံတွေ့ရတာမို့ ဗိုလ်ချုပ်တို့ရဲ့ လွတ်လပ်ရေးရဖို့ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲရာမှာ ကျွန်တော်တို့ထက် ပိုမို ကြီးမားနိုင်တာကို တွေးတော မိရင်း ဗိုလ်ချုပ် အား တပ်မတော်ရဲ့ ဖခင် အရင်း တစ်ယောက်သဖွယ် ချစ်ခင်ကြည်ညိုလို့ မဆုံးဖြစ်မိပါတယ်။ ဒါကြောင့် ဗိုလ်ချုပ် နဲ့ ပတ်သက်လို့ သူရဲ့ အံ့မခန်းဖွယ် စည်းလုံးညီညွတ်မှု ရယူနိုင်တဲ့ အစွမ်းသတ္တိတွေကို ဖြစ်စဉ်များနဲ့ တကွ ဖော် ထုတ်ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါတယ်။ ဗိုလ်ချုပ် ရဲ့ စည်းလုံးညီညွတ်မှု ရယူတည်ဆောက်ပေးခဲ့တဲ့ ပထမဖြစ်စဉ် ကတော့ ရဲဘော် သုံးကျိပ်ဝင် ခရီးစဉ်ဖြစ်ပါတယ်။ သခင်ကိုယ်တော်မှိုင်းဦးစီးတဲ့ ပါတီမှ ၂၁ဦး၊ သခင်ဘစိန် သခင်ထွန်းအုပ်တို့ ဦးစီးတဲ့ ပါတီမှ ၈ ဦး၊ ကြားလူတဦး၊ စုစုပေါင်း ၃၀ဦးပါဝင် လေရာ နှစ်ပါတီ စည်းလုံးညီညွတ်ရေး ရယူဖို့ ဗိုလ်ချုပ်စွမ်းဆောင်ခဲ့ပါတယ်။ တဖန် ၁၉၄၆-၄၇ လွတ်လပ်ရေး အကြိုကာလတွင် ပြည်သူ့ရဲဘော်အဖွဲ့နှင့် ဆိုရှယ်လစ် ပါတီတို့အကြား သဘောထားကွဲလွဲနေကြရာမှ ပဋိပက္ခအသွင်သို့ ပြင်းထန် လာခဲ့ရာ အားလုံးက စေ့စပ်လို့ မရတော့ဘဲ အခြေအနေရှိတယ်လို့ စိုးရိမ်နေကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက မေမြို့က အနားယူပြီး ပြန်လာတဲ့အခါ အေးအေးဆေးဆေး တည်ငြိမ်စွာဖြင့် ပြည်သူ့ရဲဘော်နှင့် ဆိုရှယ်လစ် ပါတီတို့ကို စည်းလုံးညီညွတ်မှု ရှိဖို့ ပြတ်သားစွာ ပြောဆို တည်ဆောက်ပေးခဲ့ပါတယ်။ ၁၉၄၇ခု ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ပင်လုံမြို့မှာလည်း ရှမ်းပဒေသရာဇ် စော်ဘွားများကို ဗိုလ်ချုပ်ရဲ့ မေတ္တာစေတနာဖြင့် စည်းရုံးဆောင်ရွက်နိုင်ခဲ့လို့ အင်္ဂလိပ် သံတမန်ကပင် အံ့သြခဲ့ရပါတယ်။ အင်္ဂလိပ်နဲ့ ဂျပန်တို့ကို ဗမာ့တပ်မတော် က လက်နက်ကိုင်တော်လှန်ခဲ့ရာမှာဗိုလ်ချုပ်ရဲ့ ရဲရင့် ပြတ်သားမှုကြောင့် ဗမာ့တပ်မတော်ကို ဖျက်သိမ်း အရေးယူခံရမဲ့ အရေးမှ ကယ်တင်နိုင်ခဲ့ပါတယ်။ ဂျပန်ပြည်ကို ရောက်ခါစ ဗိုလ်ချုပ်ရဲ့ တည်ငြိမ်ခိုင်မာတဲ့ အကျင့်စာရိတ္တကြောင့် ဂျပန်ဗိုလ်ချုပ်များကပင် လေးစားခဲ့ရပြီး ၁၉၄၅ ခုနှစ် မြန်မာပြည်သို့ ပြန်ဝင်လာတဲ့ ဗြိတိသျှအမှတ်(၁၄)တပ်မတော် တပ်မှူးကြီး ဗိုလ်ချုပ် ဆလင်းက မိတ္ထီလာမှာ ဗိုလ်ချုပ်နဲ့ တွေ့စဉ် ဗိုလ်ချုပ်ရဲ့ ပြတ်သားတဲ့ စကားကြောင့် အံ့သြလေးစားခဲ့ပါတယ်။ အလားတူ အင်္ဂလိပ်ဗိုလ်ချုပ်လူဝီမောင့်ဘတ်တန် ကလည်း ဗိုလ်ချုပ်အား သစ္စာဖောက်လို့ စွပ်စွဲနေကြတဲ့ အင်္ဂလိပ်များရဲ့ တင်ပြချက်ကို လက်မခံဘဲ ဗိုလ်ချုပ်နဲ့ ဆက်လက် လက်တွဲကာ ဗမာ့တပ်မတော် တရားဝင် ဖွဲ့စည်းခွင့် ရရှိခဲ့ပါတယ်။ နိုင်ငံခြားသားစာရေးဆရာကြီး တစ်ဦးက မြန်မာနိုင်ငံတော်ကို စည်းလုံးညီညွတ်မှု အကောင်းဆုံးဖြစ်အောင် လုပ်နိုင်တဲ့ ပုဂ္ဂိုလ် (၂) ဦးသာ ရှိတဲ့အနက် တစ်ဦးမှာ ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပါကြောင်း ဂုဏ်ပြုမှတ်တမ်းတင်ထားတာကို တင်ပြရင်းနဲ့ ဗိုလ်ချုပ်အား ဦးညွတ်အလေးပြုရင်း ဂုဏ်ပြုလိုက်ရပါတယ်။


တချက်လေးသာ ညီညွတ်ပါ

19th July 2008


ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းရှိ အုဌ်ရိုးနီနီ ထုထည်ကြီးကြီး ထည်ဝါပြီးခန့်ငြားတဲ့ အတွင်းဝန် ရုံးကြီးဟာ ၁၉၄၇-ခုနှစ် ဇူလိုင်လရဲ့ မိုးဖွဲဖွဲအောက်ဝယ် အထင်းသား..။ ရုံးချိန်အတွင်းဖြစ်လေတော့ သက်ဝင်လှုပ်ရှားလျှက်..။ အထူးသဖြင့်တော့ လွတ်လပ်ရေး..၊ ဟုတ်တယ်.. ဗမာပြည်လွတ်လပ် ရေးအတွက် သူတို့တတွေ တိုင်ပင်ညှိနှိုင်းနေကြ.. ဆွေးနွေးနေကြတာဖြစ်လို့ သူတို့နှလုံးသားများ သည် ပိုမို လှုပ်ရှားလျှက်ရှိမည်မှာ ဧကန်ပင်..။ မကြာတော့တဲ့ အနာဂတ်တွင်…

အတွင်းဝန်ရုံးထဲက ဂငယ်ပုံ စားပွဲကြီးထိပ်မှာတော့ ဘန်ကောက်လုံချည်၊ ပိုးသားပျော့ ရင်ဖုံး၊ ပန်းနုရောင် ခေါင်းပေါင်းနဲ့
ထိုင်နေသူတစ်ယောက်..။ သူကား အခြားမဟုတ်..၊ စကားကို တစ်တစ်ခွခွ.. အားရပါးရပြောတတ်တဲ့ဗိုလ်ချုပ်အောင်ဆန်း
-လို့ ပြည်သူတွေ သိထားကြတဲ့ သခင် အောင်ဆန်း..။

လက်ဝဲဘက်မှာတော့ သခင်မြ..၊ ဦးဘ၀င်း.. စတဲ့ ၀န်ကြီးတွေ..။ လက်ယာဘက်မှာတော့ ၀န်ကြီး ဦးဘဂျမ်း..၊ ပျော်ဘွယ် ဦးမြ စသူတို့က ထိုင်လျှက်..။ အချို့ကား တိုင်းပြည်အတွက် တာဝန်နဲ့ ခရီးထွက်နေကြရတဲ့အတွက် ရုံးမတက်ရောက်နိုင်..။ သို့တစေ တိုင်းပြည် လွတ်လပ်ရေး.. ဆိုတဲ့ ခေါင်းစီးအောက်မှာ တစိတ်ထဲရှိကြသဖြင့် အကြောင်းမဟုတ်..။ ဒါ့ကြောင့် လုပ်စရာကိစ္စ တွေကို ဆက်လက်လုပ်ကိုင်ကြသည်..။

အစည်းအဝေးတွင် အတွင်းဝန် ဦးအုန်းမောင်ကား ဌာနတွင်းအစီရင်ခံစာကို ဖတ်ပြ တင် သွင်းနေသည်..။ အချိန်ကား ၁၀း ၃၅ မိနစ်ခန့်..။ မထင်မှတ်ပဲ အစည်းအဝေးခန်းမထဲသို့ စစ်သား လေးယောက် လက်နက်ကိုယ်စီနဲ့ စားပွဲထိပ်တွင် ထိုင်နေသည့် ဗိုလ်ချုပ်ဆီဦးတည်ဝင်လာသည်..။ အမှန်မှာ အစည်းအဝေးခန်းမတွင်းသို့ မည်သူမှ လက်နက်ကိုင်ဆောင်ခွင့်မရှိ..။

ထို့ကြောင့် ဗိုလ်ချုပ် အောင်ဆန်း-က ထ၍တားမည်အပြု..။ စကားသံပင် မသဲကွဲလိုက်..။ “ပစ်” ဆိုတဲ့ အမိန့်နဲ့အတူ..။ ရုံးခန်းတခုလုံး ရုတ်သဲသဲဖြစ်ကာ.. ယမ်းငွေ့.. ယမ်းနံ့.. သွေးညှီနဲ့တို့ ဖြင့် လွှမ်းမိုးသွားလေတော့သည်..။ ဗိုလ်ချုပ်ကား ထိုင်နေသော ခုံမှ ကျသွားသည်..။ ဗိုလ်ချုပ် ထိုင်သည့် ထိုင်ခုံမှ ကဒေါင်းလည်း ကျည်ထိသဖြင့် ပဲ့ထွက်သွားသည်..။ အားလုံး သွေးအိုင်ထဲတွင် မြင်မကောင်းရှုမသာ..။ လုံခြုံရေးတာဝန်ကျ ရဲဘော်ကိုထွေး-လဲ သေနတ်သံကြားသဖြင့် ပြေးတက် လာရာ.. လမ်းမှာတင် ခွေကျသွားရှာသည်..။ မိနစ်ပိုင်းလေးအတွင်းမှာပင်.. အခြေအနေတွေက မယုံကြည်နိုင်စရာ..။

အဆုံးမှာတော့ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဝင်း၊ မန်းဘခိုင်၊ စပ်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ် ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေး တို့ ကျဆုံးခဲ့ရသည်..။ ၁၉၄၇-ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်၊ နံနက် ၁၀း ၃၇ မိနစ်အချိန်..။ ဗမာတပြည်လုံး ကြိမ်မီးအုံး ဖြစ်ခဲ့ရသည်..။ ထို့ကြောင့် ၁၉၄၈-ခုနှစ်၊ ဇန်န၀ါရီလ (၄) ရက်နေ့ ဗမာပြည်လွတ်လပ်ရေးရပြီးသည့်အချိန်မှစပြီး ဇူလိုင်လ (၁၉) ရက်ကို “အာဇာနည်နေ့” အဖြစ် အသိအမှတ်ပြုကာ ကျင်းပခဲ့ကြသည်..။

ဗိုလ်ချုပ်တို့လိုမျိုး ပထမတန်းစားခေါင်းဆောင်တွေ ကျဆုံးခဲ့ရလို့ ဦးနု-တို့လိုမျိုး ဒုတိယ တန်းစား ခေါင်းဆောင်တွေနဲ့ တိုင်းပြည်ကိုလည်ပတ်ရတဲ့အခါ ၀င်သင့်တဲ့ နိုင်ငံတကာ အသိုင်း အ၀ိုင်းသို့ မ၀င်ခြင်း.. (ဓနသဟာယအဖွဲ့မ၀င်ခြင်းကို ဆိုလိုပါသည်။)၊ တိုင်းရင်းသားအရေးကို မှန်ကန်စွာ မဖြေရှင်းပေးနိုင်သဖြင့် ပြည်တွင်းစစ်ကို အဆုံးမသတ်နိုင်ခြင်း..၊ ၁၉၅၈-ခုနှစ်တွင် ပါလီမန်အတွင်းမှာ အတိုက်အခံတွေ တားမြစ်နေတဲ့ကြားက ဥပဒေကိုပြင်ကာ တိုင်းပြည်ကို စစ်တပ်အတွင်း ထိုးအပ်ခြင်း.. စတဲ့ ပြင်လို့မရတဲ့ အမှားတွေကို ကျူးလွန်ခဲ့ပါတယ်..။

အကျိုးဆက်ကတော့ အမျိုးသားဖက်ဆစ် စစ်အာဏာရှင်တို့၏ လက်ထဲသို့ တိုင်းပြည်ကျ ရောက်ကာ သယံဇာတ ပေါကြွယ်ဝတဲ့ တိုင်းပြည်မှသည် ကမ္ဘာ့အဆင်းရဲဆုံး..၊ လူ့အခွင့်အရေး အချိုးဖောက်ဆုံး..၊ သတင်းလွတ်လပ်ခွင့် မရှိဆုံး..၊ ဘိန်းအထွက်ဆုံး.. ဆိုတဲ့ဂုဏ်ထူးတွေနဲ့ ပြည့် နှက်နေရခြင်းပါပဲ..။ ဒါ့အပြင် ယနေ့အခါမှာတော့ “အာဇာနည်နေ့” ကို ခန်းနားစွာ ကျင်းပရမဲ့အစား ဖက်ဆစ်ပီသစွာ အာဇာနည်နေ့ကိုပင် ဖျောက်ပစ်နေပါပြီ..။

ပြည်သူတွေလဲ ပင်ပန်းလှပါပြီ..၊ ငတ်လှပါပြီ..။ ဖက်ဆစ်စစ်တပ်ရဲ့ သဘောထားမှန်ကို ပြည်သူပြည်သားတွေရော..၊ ပြည်တွင်းပြည်ပ အတိုက်အခံအင်အားစုတွေရော နားလည်သဘော ပေါက်ကြမယ်-လို့တော့ ထင်ပါတယ်..။
ဒါ့ကြောင့် အတိုက်အခံ အင်အားစုများအနေနဲ့ ညီညွတ်ကြပါ..၊ အာဏာ တနေ့ရနိုး..၊ လွှဲနိုးနဲ့ မျှော်ကိုးမှုတွေကို ရပ်တန်းက ရပ်ကြပါတော့..။ အိန္ဒိယနိုင်ငံမှာ ဂန္ဓီ-က အကြမ်းမဖက်ရေး လမ်းစဉ်ကျင့် သုံးသလို ချန်ဒရာ ဘော့ရှ်-တို့လို ပြတ်သားတဲ့ ခေါင်းဆောင်တွေကြောင့် လွတ်လပ် ရေး ရတယ်-ဆိုတာကိုလဲ မမေ့ကြပါနဲ့..။

တဘက်က ဒေါ်အောင်ဆန်းစုကြည်က အကြမ်းမဖက်ရေးလမ်းစဉ်ကို လျှောက်လှမ်းသလို.. တဘက်ကလည်း လုပ်သင့်လုပ်ထိုက်သည်များကို ပြတ်ပြတ်သားသား လုပ်ကိုင်ဖို့ လိုအပ်ပါတယ်-လို့ အသိပေးတိုက်တွန်းရင်း.. “တချက်လေးသာ ညီညွတ်ပါ” ဆိုတဲ့ ဆောင်းပါးဖြင့် “အာဇာ နည်နေ့” ကို ဂုဏ်ပြု မှတ်တမ်းတင်ပါကြောင်း…

နီသွေး
ဇူလိုင် (၁၈) ရက်၊ ၂၀၀၈
(အာဇည်နည်ခေါင်းဆောင်ကြီးများအား အလေးထားဦးညွတ်ပါ၏)
(၀န်ခံချက်- ဟိုဟိုဒီဒီ ဖတ်ဖူးသမျှလေးတွေကို မှီးကာ ရေးသားခြင်းဖြစ်ပါကြောင်း..)

အာဇာနည်နေ.အမှတ်တရ ကဗျာ


အောင်ဆန်းပေးတဲ့ မြန်မာပြည်

အရပ်ပုပု
မျက်မှောင်ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။

ဘီအေကျောင်းသား
စကားမပြော
ပြောရင်မရပ်
ညှင်းသိုးသိုး အရိုးခံ
ခေါင်းအမာဆုံး
ဇွဲအရှိဆုံး
စိတ်ဓာတ်အပြင်းထန်ဆုံး လူသား။

သူမသိ နားမလည်တာတွေကအများသား
ရေမကူးတတ်ဘူး
စက်ဘီးမစီးတတ်ဘူး
စန္ဒရားမတီးတတ်ဘူး
သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး
မိန်းမ မပိုးတတ်ဘူး။

ဘိလပ်ပြန်သန်းကို မေရှင့်သီချင်း ဆိုခိုင်းခဲ့သူ
ချစ်ရတဲ့နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူ
ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ
လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ၀န်ကြီးချုပ်
မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ။

လွတ်လပ်ရေးကိုစဉ်းစားရင်း စစ်ဖိနပ်ပြောင်းပြန်စီးတဲ့သူ
လွတ်လပ်ရေးကိုစဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့
အတူလမ်းဘေးမှာအကြော်စားတဲ့ ၀န်ကြီးချုပ်
သူ့ ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ၀န်ကြီးချုပ်
- ကြည်… ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ် - ဆိုတဲ့
မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ ရဲ့ ကမ္ဘာကျော်စာ။

ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို
ကွဲကွဲပြားပြားသိတဲ့သူ
လူငယ်ဘ၀၊ လူ့ ဘ၀ရဲ့ စည်းစိမ်အရသာတွေ
ခံစားဖို့ အချိန်မရခဲ့တဲ့သူ
သူ့ ဖြတ်သန်းမှုမှာ
လွတ်လပ်ရေးဆိုတာတစ်ခုတည်းနဲ့
ပကတိရိုးရှင်းသန့်စင်ခဲ့တဲ့သူ
သူ့ကို
ဒဂုန်တာရာက ကင်ပွန်းတပ်
အောင်ဆန်း သို့မဟုတ် အရိုင်းတဲ့။

လုပ်သက်က ခပ်နုနု
ကျောင်းသားပေါက်စ
သခင်ပေါက်စ
စစ်သားပေါက်စ
နိုင်ငံရေးသမားပေါက်စ
ဘ၀တွေက အဖုံဖုံ
အသက်က ၃၀ မရှိတရှိ။

ဒီအောင်ဆန်း လက်တောက်လောက်လေးကို
ဘာ့ကြောင့်
နေမ၀င်အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ…။

တကယ်ဆိုတော့
ငါတို့အောင်ဆန်းက
နယ်နယ်ရရမဟုတ် -
ရိုးသားတဲ့မြန်မာတွေထက်
ပိုရိုးသားတဲ့အောင်ဆန်း
သတ္တိပြောင်တဲ့ မြန်မာတွေထက်
ပိုသတ္တိရှိတဲ့ အောင်ဆန်း
စွန့်လွှတ်ရဲတဲ့ မြန်မာတွေထက်
ပိုစွန့်လွှတ်ပြတဲ့ အောင်ဆန်း၊
ဒီလိုအောင်ဆန်း
သူ့ သွေးသားအရိုးအချဉ်တွေအားလုံး
လွတ်လပ်ရေးတစ်ခုတည်းနဲ့အပြီး
စုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်း
တကယ့်အရိုးခံ အောင်ဆန်းပေါ့။

ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲ မြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ ဆရာတွေ မှိုင်း၊ မြ၊ ချိုတို့ကအစ
- ငါတို့ အားကိုးပါရစေ - ဆိုလာကြ၊
ရှေးဘိုးဘွားမိဘပြည်သူတွေက
- ငါတို့ ကိုကယ်မယ့် မင်းလောင်းပေါ်ပြီ - ပြုံးပျော်ကြ
လူငယ်သွေးသောက်မြန်မာတွေက
- ငါတို့ စွန့်ပါရစေ - ဆိုပြီး ရှေ့ထွက်လာကြ
စုကြ၊ ရုံးကြ၊ စည်းလုံးကြ။

တကယ့်ဗမာတွေ
မဟာအောင်ဆန်းအနောက်က
ပြည်သူ့ ဒီလှိုင်းလုံးကြီးတွေရဲ့
တ၀ုန်းဝုန်း ရိုက်ခတ်သံဟာ
အဲဒီအချိန်က ၀ိတိုရိယဘုရင်မကြီးကိုတောင်
အိပ်မက်တွေ အေးခဲစေခဲ့သပေါ့။

အောင်ဆန်းရှေ့ ရောက်ရင်
ရှမ်းတွေက ရှမ်းစကားမဆိုကြ
ကချင်တွေကလည်း ကချင်စကားမဟကြ
အောင်ဆန်းကို ယုံကြည်စွာနဲ့
သူတို့ သခင်အဖြစ် သိမှတ်ပြုကြ
အားလုံးသော တိုင်းရင်းသားတွေ။

ဒီပြည်လုံးကျွတ်အားကို
စုစည်းနိုင်ခဲ့လိုလည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်းလက်တောက်လောက်နဲ့
တစ်စားပွဲထဲ ၀ိုင်းခဲ့ကြပေါ့
အကင်းပါးသူတွေပီပီ
မတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့ မတိုက်ဝံ့ကြ
မျက်နှာမပျက် အောင်မြင်စွာ ဆုတ်ခွာမယ့်လမ်းကို
သူတို့ ရွေးခဲ့ကြ
အောင်ဆန်းနဲ့အတွေ့ မှာ။

ယုံကြည်အားကိုးတဲ့ မျက်လုံးပေါင်း သန်း ၆၀
အောင်ဆန်းမှာ ရှိတယ်
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့ နှလုံးသားသန်း ၃၀
အောင်ဆန်းမှာရှိတယ်
အောင်ဆန်းသေဆို သေပြ၀ံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိတယ်
ဒီ မျက်လုံးနှလုံးအသက် ဗို့ အားသိန်းသန်းချီ မီးဆလိုက်အားတွေနဲ့
နေမ၀င်အင်ပါယာကို ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘ၀င်မြင့်နေသူတွေ
အားလုံး အရည်ပျော်သွားခဲ့ကြ။

ဘယ်ရာဇ၀င်မှာ ခင်ဗျားတို့ တွေ့ ဘူးလဲ။
ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး။
အင်္ဂလိပ်ဆိုတာက ဝေလာဝေး
သူငယ်နှပ်စားမဟုတ်။
ဒင်းတို့တွေတောင် ရအောင် စည်းရုံးနိုင်တဲ့သူ
အောင်ဆန်း။

ဒီအောင်ဆန်းက စစ်ကို မလို
ဒါပေမဲ့

ရရင်ရ မရရင်ချ ဆိုတာ အောင်ဆန်းဝါဒ
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ်
ငါတို့ အောင်ဆန်းပေါ့။

အောင်ဆန်း
ဒီအချိန်ဆို
၉၃ နှစ်ရှိပြီ
အောင်ဆန်းပြောမယ်
အဘိုးရဲ့ စကား နားထောင်…။

- မမေ့နဲ့
မင်းတို့
ကနေ့ ရှူနေတဲ့ လေဟာ
ငါတို့
မနေ့က ချွေးစက်တွေဆိုတာ၊
မမေ့နဲ့
မင်းတို့
မြန်မာဆိုတဲ့ စကားတစ်ခွန်းကိုရဖို့
ငါတို့
ဘုံးဘောလအော ကျဆုံးပေးခဲ့ရတာ၊
မမေ့နဲ့
မင်းတို့
ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့
ငါတို့
အလောင်းကောင်တွေဆင့်ပြီး ထမ်းတင်ပေးခဲ့တာ
မမေ့နဲ့။

မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိတယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ

ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးတဲ့အဖေ
မြန်မာလူမျိုးရဲ့ အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့။

ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ
အောင်ဆန်းက ကျုပ်အဖိုး
ကျုပ်သားက အောင်ဆန်းရဲ့ မြစ်ပေါ့
သူ့ အဘိုးကို သူ လွမ်းတတ်နေပြီ
သူ့ သားကျရင်လဲ သူ့ အဘေးနဲ့
ပေးတွေ့ နိုင်ဖို့
အခုကတည်းက အသေအချာ
ကျုပ် မှာထားရအုံးမယ်။

(ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ။ ရေးသားသူ - icy)။

လွမ်းဆွတ်တသခြင်း


အဲဒီ ဇူလိုင် ၁၉မှာ မြန်မာနိုင်ငံရဲ့ သူရဲကောင်း ပုဂ္ဂိုလ်မွန်တွေ ကျဆုံးတယ်။
အဲဒါဟာ... လင်းပတော့မယ့် အနာဂတ်နိမိတ်မိုးသောက်ကြယ်ကြီး လွင့်ကြွေတာလည်းဖြစ်တယ်။
အဲဒါဟာ... ဗိုလ်ချုပ် ဦးဆောင်မယ့် ထိပ်တန်းနိုင်ငံတခု ပြိုလဲသွားတာ..။
အဲဒါဟာ... ဦးဘ၀င်း ဦးဆောင်မယ့် ယဉ်ကျေးလိမ်မာတဲ့ လူ့အဖွဲ့အစည်းတခု ယိုင်လဲတာ...။
အဲဒါဟာ... မန်းဘခိုင် ဦးဆောင်မယ့် ကရင်ဗမာသွေးစည်းရေးကို တွန်းလှဲလိုက်တာ..။
အဲဒါဟာ... မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း ဦးဆောင်မယ့် တိုးတက်ထွန်းကားမယ့် တောင်ပေါ်ဒေသကြီးကို အက်ကြောင်းထင်စေခဲ့တာ...။
အဲဒါဟာ... ဦးရာဇတ် ဦးဆောင်မယ့် နိုင်ငံတကာအဆင့်မီ တတ်သိလိမ်မာစေမယ့် ပညာရေးစနစ်တခုကို ရိုက်ချိုး ဖျက်ဆီးလိုက်တာ...။
အဲဒါဟာ... ဒီးဒုတ်ဦးဘချို ဦးဆောင်မယ့် ဗမာပြည်ရဲ့စာပေ ဂီတအနုပညာကောင်းတွေနဲ့ ဖွဲ့စည်းတဲ့ ကမ္ဘာ့သမိုင်းဝင် နိုင်ငံတော်ကြီးရဲ့ အဆင့်အတန်းကို တိုးတိမ် မှိန်ဖျော့သွား စေခဲ့တာ..။
အဲဒါဟာ... သခင်မြ ဦးဆောင်မယ့် သိမ်မွေ့လိမ်မာပြီး ပြတ်သားထက်မြက်တဲ့ သူတွေနဲ့ ဖွဲ့စည်းတဲ့ နိုင်ငံရေး လောက တခု အချေမှုန်းခံရတာ...။
အဲဒါဟာ... ဦးအုန်းမောင်ဦးဆောင်မယ့် တိုင်းပြည်ကောင်းစားရေးကို လိုလားတဲ့ ဦးဆောင်သူတွေနဲ့ ဖွဲ့စည်းမယ့် အုပ်ချုပ်ရေး အသိုင်းဝိုင်း တခု အဖြိုဖျက်ခံရတာ...။
အဲဒါဟာ ရဲဘော်ကိုထွေး ဦးဆောင်မယ့် ခေါင်းဆောင်ကောင်းတွေကို အသက်ပေးစောင့်ရှောက်တတ်တဲ့ စစ်သည်ရဲဘော်တွေရဲ့ အခန်းကဏ္ဍကို ပျောက်ကွယ်သွားစေခဲ့တာ..။

အဲဒါဟာ... မြန်မာနိုင်ငံရဲ့ လှပတော့မယ့် အနာဂတ်ကို ပစ်ချခံလိုက်ရတာလည်းဖြစ်တယ်။
အဲဒါဟာ...ခုချိန်ထိအောင် ၆၁နှစ်တိုင်တိုင် အရုဏ် မတက်နိုင်ဘဲ ရှိဆဲ...။ ဘယ်တော့ လင်းမလဲ.. စောင့်ဆဲ..။

အာဇာနည်ကြီးများအား အစဉ်အမြဲ ဦးညွှတ် အလေးပြုပါ၏..။

လွမ်းဆွတ်တသခြင်းရေးသားသူ ဆရာမ ဒေါ်မေငြိမ်း


အဖ


ဦးဆောင်ရှေ့သွား
မေ့ကာထား၍
အားငယ်မိတယ် အဖေရယ်။
အပြည့်စုံတိုင်း
ဒုက္ခ၀ိုင်း၍
နိုင်မဲ့လွမ်းတယ် အဖေရယ်။
ထင်သေးလေရိုင်း
ဝေ့ခတ်တိုင်းလဲ
တိုင်တမ်းမိတယ် အဖေရယ်။
ဒုက္ခမိုးစိုး
အမေငိုတိုင်း
ငိုလွမ်းမိတယ် အဖေရယ်။
လင်္ကာဒီပအရှင်
MSMA

မမေ့နိုင်သော ဇူလိုက်(၁၉)

19-07-2008

ငါတို့အတွက် ဘ၀တွေစတေးသွားရင်း
အာဇာနည်တွေ ကွယ်ပျောက်ခဲ့ပြီ။
စနစ်ဆိုးရဲ့ ၀ပ်ကျင်းထဲက ဘယ်လိုထွက်မြောက်နိုင်မှာလဲ
သွေးဆာနေတဲ့ မိစ္ဆာနတ်ဆိုးတွေရဲ့လက်တွေ
သန်မာထွားကြိုင်းနေခဲ့တယ်။
ဖိနှိပ်ခံ ဘ၀များရဲ့မျှော်လင့်ခြင်းအလင်းအတွက်
လွတ်မြောက်မှုရဲ့ အန္တိမမျှော်လင့်ချက်
ကျိန်စာသင့်ဘ၀များရဲ့ နောက်ဆုံးထွက်သက်
ဆာလောင်သံများရဲ့ အလိုအပ်ဆုံးမေ့ဆေး
ဒီအတွက် တိုက်ပွဲတွေဝင်နေကြတယ်။
ဗိုလ်ချုပ်တို့ဟာ ပြည်ပရန်ကာကွယ်လို့
ငါတို့ဟာ ပြည်တွင်းရန်ကိုခုခံနေဆဲ
မင့်ကိုမေ့ဖျောက်ဖို့ ကြိုးစားနေတဲ့
လူယုတ်မာတွေရဲ့ စနစ်ဆိုးကိုတွန်းလှန်ဖို့
ငါတို့လက်တွေ ရဲရဲနီခဲ့ပြီ။

ကမ္ဘာမြေတည်သရွေ့
မင့်ရဲ့နာမည်ဟာ ဘယ်တော့မှမသေဘူး
မင်းအတွက်လူသားစစ်မှန်တဲ့လူတွေ
အသက်တွေ ယဇ်ပူဇော်လို့
လမ်းတွေလျှောက်ခဲ့ကြတယ်
လမ်းတွေဖောက်နေကြတယ်
အာဇာနည်နေ့
မင်းဟာငါတို့ရဲ့နေ့ထူးနေ့မြတ်
လူမဆန်တဲ့ မိစ္ဆာနတ်ဆိုးတွေရဲ့ ယုတ်မာပက်စက်မှုအောက်
ဘ၀တွေပြားပြားမှောက်နေကြပေမဲ့
စိတ်ဓာတ်တွေ သံမဏိလိုမာကြောတယ်။
ကမ္ဘာတုန်ဟီးခဲ့တဲ့ ဥသြဆွဲသံတွေ
တိတ်ဆိတ်လို့
ဝမ်းနည်းခြင်းအထိမ်းအမှတ်တင်တဲ့ အလံတော်ဟာ
နာဂစ်နဲ့အတူ ကျေမွဆုတ်ပျက်ခဲ့ပြီ။
ဒါပေမဲ့
ငါတို့ဒီနေ့ကို ဘယ်လိုမှမေ့မရဘူး
ဖာနိုင်ငံ ဆိုတှဲ့ဗိုလ်ချုပ်ရဲ့မိန့်ခွန်းလို
အခု
ငှက်ကလေးတွေ အိပ်တန်းမပျံနိုင်ခဲ့ကြဘူး။
စစ်မြေပြင်ဖြစ်နေတဲ့ ၀တ္တမြေတွေ
သွေးစိမ်းနဲ့ ရဲသွေးနီနှီစွန်းထင်လို့
ရဟန်းတော်များရဲ့ စာအံသံတွေ တိတ်ဆိတ်ခဲ့ပြီ။
အရွယ်မရောက်ကလေးတွေ
စားပွဲထိုးလို့၊စစ်ထဲဆွဲသွင်းလို့၊အမှိုက်ကောက်လို့
ဆာလောင်မှုရဲ့အသံတွေနဲ့ အော်ဟစ်ရင်း ၀ရုန်းသုန်းကားပြေးလွှား
လူတွေဟာလူနဲ့မတူတော့ဘူး။
လွတ်လပ်ရေးအတွက် ပေးဆပ်ခဲ့တဲ့ အာဇာနည်တွေ
သင်တို့လမ်းအတိုင်း ဘ၀ကိုစတေးရင်း
ဆာလောင်နေတဲ့ လွတ်မြောက်မှုဆီကိုလျှောက်နေကြရင်း
ငါတို့ ဘယ်လိုမှမေံမရပါဘူး။

ရာဇာစိုး၊ရန်ကုန်။

မိုးကောင်ကင် မျက်ရည်ကျတဲ့နေ့

19-07-2008

မိုးကောင်ကင် မျက်ရည်ကျတဲ့နေ့
ထင်မှတ်မထားခဲ့ဘူး
ဒီနေ့ရောက်တိုင်း
ကောင်းကင်ကြီးငိုကြွေးမယ်ဆိုတာ။
အလင်းတန်းတွေဖြန့်ဝေပြီး
အနာဂတ်ကမ္ဘာကို တည်ဆောက်ဖို့
ဦးခေါင်းတွေ ဖလှယ်နေတုန်း
နတ်ဆိုးထိုးသံ ၁၃ချက်
ပစ်မှတ်ဆီထိုးဆင်းခဲ့။

ထိချက်က ပြင်းထန်တယ်
ပစ်မှတ်ကို ဖောက်ထွက်
သန်းလေးဆယ်ကျော် ပြည်သူဆီ
တည့်တည့်ထိမှန်ခဲ့။
အဲ့ဒီနေ့မှာ….
မိုးတိမ်တွေ မျက်ရည်ကျကြ
ပြည်သူတွေ ငိုကြွေးကြ
စက်ရုံ အလုပ်ရုံတွေ သင်္ဘောတွေ
အော်အော်ငိုကြ။
ယမမင်းရဲ့ကလေးချော့တီးလုံးလို
လူမပီသသူတွေရဲ့ အငိုတိတ်တေးသွားဟာ
ကောင်းကင်ကြီးအတွက် အငိုတိတ်တေးသွားမဖြစ်ခဲ့ဘူး။
မငိုပါနဲ့ ကောင်းကင်ကြီးရယ်
အိပ်တန်းတက် တန်ပြန်ဝါဒတွေ
ပြန်လာတော့မှာပါ…….။
ထုဆစ် (MSMA)



Thursday, July 17, 2008

ချစ်သူသို့ ......


Posted in Labels: , | 1 comments

Online တွင် တူတူပုန်းတမ်းကစားခြင်း

အွန်လိုင်းတက်ပြီး GTalk မှာ chatting လုပ်ကြတဲ့အခါ ကိုယ့်ကို သူများမမြင်အောင် ပုန်းနေ၊ ၀ှက်နေလို့ရပါတယ်။ စကား(Voice)တော့ ပြောလို့မရပါဘူး။ Text အနေနဲ့ပဲ chatting လုပ်လို့ရမှာဖြစ်ပါတယ်။

စက္ကန့်နှင့်အမျှ သေလောက်အောင် အလုပ်များသူများ သို့မဟုတ် မိမိရဲ့ ချစ်သူ ကောင်လေး၊ကောင်မလေးနဲ့ ပြောနေတုန်းမှာ တစ်ခြားသူ လာနှောက်ယှက်တာ မခံချင်သူများအတွက် အထူးပြုလုပ်သင့်ပါတယ် :P လူတော်တော်များများလည်း သိပြီးသားပါ။ ဒါ့ကြောင့်မို့ သတိမထားမိတဲ့သူတွေ မသိသေးတဲ့သူတွေအတွက် ရည်ရွယ်ရေးသားခြင်းဖြစ်ပါတယ်။

ပထမဦးစွာ Invisible လုပ်ချင်တယ်ဆိုရင် သိထားရမည့်အချက်မှာ မိမိအသုံးပြုသည် Gmail Version သည် Newer Version ဖြစ်ရပါသည်။ Newer Version ဖြစ်မဖြစ် သိနိုင်ရန်အတွက် Gmail သို့ login လုပ်ပြီး Browser ၏ top right corner မှ စာသားကို ကြည့်ရုံဖြင့်သိနိုင်ပါသည်။ Newer version မဖြစ်သေးဘူးဆိုရင် Newer Version စာသားလေးပါတဲ့ Link list လေးကို အောက်ပါအတိုင်းတွေ့ရမှာပါ။

မိမိ Gmail login မှာ အဲဒီ Newer Version လေးပဲ ပေါ်နေရင် လုပ်လို့မရသေးတဲ့အတွက် Newer Version ဖြစ်အောင် စာသားကို Click နှိပ်ပြီး gmail newer version သို့ပြောင်းလဲရယူပါ။ ထိုသို့ပြောင်းလဲရယူပြီးသည့်နောက်မှာတော့ Newer Version ဆိုသည့်နေရာမှာ Older Version ဆိုတဲ့ စာသားလေးကို ပြောင်းလဲတွေ့မြင်ရမှာဖြစ်ပါတယ်။

နောက်ပြီး မိမိ Gmail page ထဲက chat status ကို click နှိပ်ပြီးကြည့်လိုက်တာနဲ့ invisible ဆိုတဲ့ စာသားလေးကို တွေ့မြင်ရမှာဖြစ်ပါတယ်။ တူတူပုန်းတမ်းကစားချင်သူ၊ ပုန်းရှောင်ချင်သူများအတွက် အဲဒီ Invisible status လေးကို ရွေးချယ်၍ စပြီး ပုန်းနိုင်ပါပြီ။

တစ်ခုရှိတာက မိမိကစပြီး chatting လုပ်ရင် တစ်ခြားသူဆီမှာ offline ဖြစ်နေတဲ့ gray cross button ကြီးနဲ့ စာသားတွေသွားပေါ်မှာပါ။ အဲဒါကို တစ်ဘက်လူက Offline message ပို့တယ်လို့လည်း ထင်ကောင်းထင်နိုင်ပါတယ်။ ဒါမျိုးပေါ့

" ..... is offline. You can still send this person messages and they will receive them the next time they are online. "

ဒါပေမဲ့ msg နှစ်ခု သုံးခု ရပြီးတဲ့ နောက်မှာတော့ သူဟာ invisible လုပ်ပြီး chat နေတယ်ဆိုတာ သဘောပေါက်သွားပါလိမ့်မယ်။

နောက်တစ်နည်းအနေနဲ့ Gtalk labs edition ကို install လုပ်ပြီးတော့လည်း အသုံးပြုနိုင်ပါတယ်။ Labs Edition မှာ invisible လုပ်လို့ရပေမဲ့၊ မြန်မာစာရိုက်လို့မရပါဘူး။ နောက်ပြီး friend list ကို အားလုံးပေါ်အောင် scroll bar ထည့်ပေးမထားပါဘူး။ တစ်ခုကောင်းတာက Group Chat function ကိုတော့ အသုံးပြုနိုင်ပါတယ်။

Always Idle လုပ်ချင်ရင်တော့ ဒီမှာဖတ်ပါ

ကိုချမ်းမြစိုး ကျေးဇူးပါ...........
http://cmsmdy.blogspot.com/

Saturday, July 12, 2008

ငါကွ Engineer


Electronics Engineers


Mechanical Engineers

Aeronautical Engineers

Communication Engineers

Computer Engineers

Civil Engineers

Posted in Labels: | 2 comments

လင်နဲ့ မယား









Don't believe , if your husband or boyfriend make snore.
Don't believe , if your wife or girlfriend make snore.

hehe :D

Posted in Labels: | 0 comments

Tuesday, July 8, 2008

ဆဲဗင်း JULY -မမေ့နိုင်

(ကိုနစ်နေမန်းဘလော့ဂ်မှ ကူးယူဝေမျှပါသည်)
(သတ်ပုံတချို.့ ပြန်ပြင်သည်မှလွဲ၍ မူရင်းအတိုင်းဖော်ပြပါသည်)
(ကိုနစ်နေမန်း၏ အသေးစိပ်ရှာဖွေတင်ပြပေးသော လုံ့ လ၊၀ီရိယ၊ဥာဏ်တို့ ကို

ကျေးဇူးတင်မဆုံးပါ။)
(ကျနော်မောင်အိုးဝေအောင်မှ နောင်တော် အမတော်များကို လေးစားစွာ ဂါရ၀ပြုအပ်ပါတယ်)

-----------------------------------------------------------------------------------------------------------------

အာဏာရှင်များကို တုန်လှုပ်ခြောက်ခြားစေတဲ့ ဇူလိုင် (၇)

လျှို့ ဝှက်မျက်နှာဖုံးဒီဇိုင်း။

(မဂ္ဂဇင်းဓါတ်ပုံများအား ပို့ စ်အောက်ဘက်တွင် ဖေါ်ပြထားပါတယ်။)

ရေးသားဖေါ်ပြသူ - နစ်နေမန်း။

၁၉၈၃-၈၄ခုနှစ်ထုတ် ရန်ကုန်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းစာစောင် မျက်နှာဖုံးဒီဇိုင်းဟာ ၁၉၆၂ခုနှစ်၊ ဇူလိုင်လ (ရ)ရက်နေ့ မှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုကို လျှို့ .၀ှက်စွာ ပြန်လည်ဖော်ကျူးခဲ့တယ်ဆိုတာ သိရှိသူအင်မတန်နည်းပါးခဲ့ပါတယ်။

ဒါပေမယ့် ကျောင်းသားထုအတွင်းနဲ့  တက္ကသိုလ်နယ်မြေတွေမှာ ဒီမဂ္ဂဇင်းမျက်နှာဖုံးဒီဇိုင်းအကြောင်းလေးဟာ တိုးတိုးတိတ်တိတ်နဲ့  ပျံ့ .နှံ့ ခဲ့ပါတယ်။ သိပ်မကြာပါဘူး။ တစ်ဆင့်စကားတစ်ဆင့်နားကနေ ဒီအကြောင်း မဆလစစ်အစိုးရနားထဲကို ရောက်သွားတဲ့အခါမှာတော့ မဆလအာဏာရှင်တွေဟာ ထိတ်လန့် တကြားနဲ့  ဒီမဂ္ဂဇင်း ဖြန့် ချီနေမှုကို တရားဝင်မကြေညာဘဲ ပိတ်ပင်ပါတော့တယ်။ စစ်စုံထောက်တွေဟာလည်း ဒီမဂ္ဂဇင်းတွေကို စာအုပ်ဆိုင်တွေကနေ ကမန်းကတန်းလိုက်လံသိမ်းဆည်းပါတော့တယ်။ လက်ဝယ်ရှိနေသူများကိုလည်း ဒီအကြောင်းတွေ
မပြောဖို့ ၊ မဂ္ဂဇင်းကို ပြန်အပ်ဖို့  ခြိမ်းခြောက်ပြောဆိုပါတော့တယ်။
-----------------------------

ဘာဖြစ်လို့ များ ဒီရန်ကုန်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းဟာ မဆလစစ်အာဏာရှင်တွေကို
ထိတ်လန့် တုန်လှုပ်စေရတာလဲ။

မဂ္ဂဇင်းထဲပါ ရေးသားထားတဲ့ ကဗျာတွေ၊ ဆောင်းပါးတွေ၊ ကာတွန်းတွေ၊ ၀တ္တုတိုတွေ အစရှိတာတွေဟာ မဂ္ဂဇင်းမထုတ်ခင်ကတည်းက မဆလရဲ့  ကြိုးကိုင် စာပေစီစစ်ရေးနဲ့ ဆင်ဆာတည်းဖြတ်ရေးအဖွဲ့ က မဆလအစိုးရကို ညှိစွန်းစေတဲ့အကြောင်းအရာတွေအားလုံးကို ခွင့်မပြုဘဲ တည်းဖြတ် ချန်ဖြတ် ပယ်ထုတ်ပြီးသားပါ။

ကံအားလျော်စွာဘဲ ဒီအကြောင်းအရာတွေ မသိခင်မှာ၊ ကျွန်တော့်လက်ထဲမှာ နှစ်လည်စာစောင်အဖြစ် အမှတ်တရသိမ်းထားရအောင်ဆိုပြီး ၀ယ်ယူခဲ့လို့  ဒီမဂ္ဂဇင်းတစ်အုပ်ရှိနေပါတယ်။ မဆလစစ်အစိုးရကို ထိခိုက်စေရလောက်တဲ့ ရေးသားချက်များ မတွေ့ ရပါဘူး။

စာပေ၀ါသနာပါသူတစ်ယောက်အနေနဲ့ ရော၊ တက္ကသိုလ်ကျောင်းသား တစ်ယောက်အနေနဲ့ ရော မြတ်နိုးစွာနဲ့ ပဲ ၊ဒီမဂ္ဂဇင်းစာအုပ်ကို အခေါက်ခေါက် ဖတ်ပြီးသားပါ။

ဒါပေမယ့်ဗျာ၊ ဒီမဂ္ဂဇင်းမျက်နှာဖုံးဒီဇိုင်းဟာ ၁၉၆၂ခုနှစ်၊ ဇူလိုင်လ (၇)ရက်နေ့  မှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုကို လျှို့ဝှက်စွာ ပြန်လည်ဖော်ကျူးတာလို့  ကြားရသိရတဲ့အခါမှာတော့၊ ဒီမဂ္ဂဇင်းကို လိုက်သိမ်းနေတယ်လို့  ကြားရတဲ့အခါမှာတော၊့ ကျွန်တော် အတော့်ကို စိတ်ဝင်စားသွားတယ်။
ဒါနဲ့ သိမ်းထားတဲ့နေရာကနေ ကမန်းကတန်းပြန်ရှာပြီး မျက်နှာဖုံးကိုကြည့်ကြည့်တယ်။ ဘာမှထူးခြားတာ မတွေ့ ဘူး။ ထပ်ခါထပ်ခါ ကြည့်တယ်၊ ဘာမှလည်းမတွေ့ ပါလားဆိုပြီးနေခဲ့ရာကနေ၊ နောင်တော်ကျောင်းသားကြီးတစ်ယောက်ကနေ ပြောပြမှဘဲ သိသွား၊တွေ့ သွားပါတော့တယ်။ ဒီတော့ ကျွန်တော်ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေ ခေါ်ပြီး တိုးတိုးတိတ်တိတ်လေး အဖန်ဖန်ကြည့်မိနေပါတော့တယ်။

ကျွန်တော်မြင်တာက ဒီဟာ- ဒီမှာ၊၊ ကျန်တဲ့သူငယ်ချင်းတွေက သူတို့ မြင်တာ ဒီမှာ- ဒီဟာဆိုပြီး ကြည့်လေမြင်လေဖြစ်နေပြီး၊ မမှီခဲ့တဲ့ ဇူလိုင် (၇)ရက် ကျောင်းသားလှုပ်ရှားမှုနဲ့  ကျောင်းသားသမဂ္ဂအဆောက်အဦး ဖြိုချဖျက်ဆီးခံရမှုဟာ ကျွန်တော်တို့  နောင်လာနောက်သား ညီတော်ကျောင်းသားတွေရဲ့စိတ်အတွေးထဲမှာ ကိန်းအောင်းဝင်လာပါ တော့တယ်။

ဒီရန်ကုန်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းစာစောင် မျက်နှာဖုံးဒီဇိုင်း ရေးဆွဲခဲ့ကြသူတွေ၊(ပန်းချီမောင်မြင့်ဌေး) မဂ္ဂဇင်းစာစောင်ဖြစ်မြောက်ရေးမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသားကြီးတွေကတော့
မဆလစစ်အာဏာရှင်ရဲ့ .ခေါ်ယူစစ်ဆေး မေးမြန်းထိန်းသိမ်းခြင်းကို ရဲဝံ့ စွာနဲ့ ခံယူရပါတယ်။

မဆလစစ်အာဏာရှင်ရဲ့ .ကျောင်းသားတွေအပေါ် ရက်စက်ယုတ်မာမှု သမိုင်းဟာ ဖုံးကွယ်လို့ မရအောင် ပြန်လည်ပေါ်ထွက်လာတိုင်း၊ မဆလအာဏာရှင်တွေဟာ သွေးခြောက်ခြားပြီး၊ ကျဆုံးခဲ့တဲ့ ကျောင်းသူကျောင်းသားတွေရဲ .့ ၀ိညာဉ်တွေဟာ သူတို့ ကို ကြောက်လန့်  တုန်လှုပ်စေပါတယ်။ ဒါကြောင့်မို့  ဒီ ၁၉၈၃-၈၄ခုနှစ်ထုတ် ရန်ကုန်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းစာစောင် မျက်နှာဖုံးဒီဇိုင်းအကြောင်းကို သိသိချင်းမှာဘဲ ပိတ်ပင်တားဆီး ပြန်လည်သိမ်းခဲ့တာပါ။

ကျွန်တော့်အနေနဲ့ ရန်ကုန်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းစာစောင် မျက်နှာဖုံးဒီဇိုင်းလေးမှာ ဘာတွေပါလဲ၊ ၁၉၆၂ဇူလိုင်လ (၇)ရက်နေ့ မှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုကို ဘယ်လို လျှို့ ဝှက်ပုံတွေ ဖေါ်ထားသလဲ ဆိုတာ ပုံများနဲ့ တကွ ပြန်လည်ဖေါ်ပြလိုက်ပါတယ်။
မှန်ဘီလူးလေးတစ်ခုနဲ့ အသေးစိတ်ကြည့်ရင်တော့ ကျွန်တော်ဖေါ်ပြထားတာထက် ပိုပြီးတွေ့ မြင်ကြရမှာပါ။

ဒီရန်ကုန်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်း မျက်နှာဖုံးဒီဇိုင်းလေးကို ကြည့်ရင်းဖြင့်၊ ၁၉၆၂ခုနှစ်က နောင်တော်ကျောင်းသားကြီးများကို ဦးညွတ်အလေးပြုလိုက်သလို၊ နောင်လာနောက်သား ညီတော်ကျောင်းသား ကျောင်းသူအပေါင်းကိုလည်း အသိပေးလိုက်ပါတယ်။ ငါတို့ တစ်တွေရဲ့ . ကျောင်းသားသမိုင်း ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး ဆိုတာပါ။

အာဏာရှင်အပေါင်းကိုလည်း ဒီမဂ္ဂဇင်းမျက်နှာဖုံးဒီဇိုင်းကို ပြန်လည်မြင်တွေ့  စေပြီး၊ ကျုပ်တို့ ရဲ့  အာဏာရှင်စနစ်ကို တော်လှန်မှုဟာ ခေတ်အဆက်ဆက် ပြောင်းပေမယ့် ၊ဆက်လက်တည်ရှိနေမယ်ဆိုတာ၊ ကျုပ်တို့ ကျောင်းသားတွေရဲ့ .သွေးဟာ မခြောက်သေးဘူးဆိုတာ ကမ္ဘာမြေကြီးကို တိုင်တည်ပြီး သိစေအပ်တယ်။ ဒီမဂ္ဂဇင်းမျက်နှာဖုံးဒီဇိုင်းဟာ သင်တို့  အာဏာရှင်တိုင်းကို တုန်လှုပ်ခြောက်ခြားပါစေသောဝ်။


(ဒီရန်ကုန်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်း မျက်နှာဖုံးဒီဇိုင်းလေးကို
ကြည့် ဖို့ နဲ့ ၊ အသေးစိတ် လျှို့.၀ှက်ပုံများကို ကြည့်ဖို့  ဒီမှာပါ။)
-----------------------------------------------------------------------
ပုံ (၁) - ၁၉၈၃-၈၄ခုနှစ်ထုတ် ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းစာစောင် ရှေ .့မျက်နှာဖုံးဒီဇိုင်း။















-----------------------------------------------------------------------------------------------

ပုံ (၂) - ကျဆုံးသွားသောကျောင်းသူကျောင်းသားများရဲ့ .့အခေါင်းအား သယ်ဆောင်လှည့်လည်နေသည့်ပုံ။












-------------------------------------------------------------------------------------------------

ပုံ (၃) - အာဇာနည်ဟုစာတန်းရေးထိုးထားသော ကျောင်းသူကျောင်းသား
တို့ ၏အုတ်ဂူ။









-----------------------------------------------------------------------------------------------

ပုံ (၄) - ကျောင်းသူကျောင်းသားများ စီတန်းလှည့်လည်နေကြပုံ။





------------------------------------------------------------------------------------------------

ပုံ (၅) - ဇူလိုင် (၇)ရက်နှင့် (၈)ရက်နေ့ တွင် ကျဆုံးခဲ့သောသူများအကြောင်း ကျန်ရစ်သူ ကျောင်းသူကျောင်းသားအပေါင်းအား ရှင်လင်းပြနေပုံနှင့်၊ အာဏာရှင်အား ကမ္ဘာမကြေဘူးဟု ဖေါ်ကျူးထားသော လက်သီးဆုပ်ပုံ။















-----------------------------------------------------------------------------------------

ပုံ (၆) - ၁၉၈၃-၈၄ ခုနှစ်ထုတ် ရန်ကုန် တက္ကသိုလ်နှစ်လည် မဂ္ဂဇင်း စာစောင် နောက်မျက်နှာဖုံး ဒီဇိုင်း။



၆၂ဆဲဗင်းဂျူလိုင်-၇၄ဦးသန့် -၈၄မဂ္ဂဇင်းမှ ၈၈ အက်ဆေး

ဆဲဗင်းဂျူလိုင်ကို ကျနော်တို့ ဘာလို့  မမေ့နိုင်ဘူးလို့ ပြောနေရတာလဲ။
လွန်ခဲ့တဲ့ ၄၆နှစ်ကြာ ကာလ ၊ကျနော်တို့ မမွေးခင်ကတည်းက ဖြစ်ပျက်ခဲ့တဲ့ အာဏာရှင်အုပ်စိုးသူက ပြည့်ရင်သွေး ကျောင်းသားတွေကို မောင်းပြန်သေနတ်တွေနဲ့ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ တဘက်သတ် လူသတ်ပွဲကြီး။
ကျနော်တို့ နောင်တော်ကျောင်းသားကြီးတွေ၊အမတော် ကျောင်းသူမတွေ စစ်အာဏာရှင်ကို စတင်စိန်ခေါ်ခဲ့တဲ့ပွဲ။
အဲဒါ ဆဲဗန်းဂျူလိုင်ပဲရယ်လို့ ကမ္ဗည်းတင် မော်ကွန်းထိုးခဲ့တာလို့ 
ကျနော်စတင်သိခဲ့ရတာက မှတ်မှတ်ရရ ၁၉၈၃-၈၄ခုနှစ်မှာ။ ကျနော်၁၃နှစ်သားအရွယ်ခန့်  ၁၉၈၃-၈၄ ရန်ကုန်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်း
မျက်နှာဖုံးကပုံတွေကို ခလေးပီပီ ထူးဆန်းတာလေးတွေ စိတ်ဝင်တစားကြည့်မိရင်း ကျောင်းသားတွေ တက္ကသိုလ်မြေမှာ စစ်တပ်ကပစ်သတ်လို့ သေခဲ့ကြရတယ်ဆိုတာ စသိခဲ့ရတယ်။
လူကြီးတွေပြောပြတဲ့အထဲက ( ဆဲဗင်းဂျူလိုင်။ဦးသန့် အရေးအခင်း)
ဆိုတဲ့ အထိမ်းအမှတ်နေ့  နှစ်ခုကို အဲဒီကြားခဲ့ရတဲ့နေ့ ကစလို့ 
ဦးနှောက်မှတ်ဥာဏ်ထဲ သံနဲ့ ရိုက်သွင်းထားသလို စွဲမြဲမှတ်ထားခဲ့မိတယ်။
အဲဒီမဂ္ဂဇင်းမျက်နှာဖုံးမှာ စစ်အာဏာရှင် မဆလ တပါတီအစိုးရကို
ဆန့် ကျင်တဲ့
သရုပ်ဖော် လျှို့ ဝှက် ပန်းချီပုံတွေကို တက္ကသိုလ်တက်နေကြတဲ့
ကျနော့တ၀မ်းကွဲ အကို အမ တွေက ယူလာပြရင်း ၊ပန်းချီပုံတွေကို
ရှု့ ထောင့် အမျိုးမျိုးကနေ ကြည့်ရှုကြရင်း ၊
တချို့ ပြောင်းပြန်ရေးထားတဲ့စာတွေကို လေးဒေါင့်ကြည့်မှန်လေးနဲ့ 
ထောင်ကာ အတည့်စာလုံးပေါ်အောင် စာဝှက်တွေ ဖော်ကာကြည့်ကြရင်း
ဥက္ကဌကြီးဦးနေ၀င်း။စစ်တပ်ကပစ်လို့ ကျောင်းသားတွေသေခဲ့ရ။ဦးသန့် အလောင်းကို
ဂူသွင်းဖို့ လုကြ။ ကျောင်းသားတွေဆန္ဒပြကြ။ ရပ်ကွက်တွေထဲမှာ
ကျောင်းသားတွေစားဖို့  ထမင်းထုပ်တွေ ကောက်ခံခဲ့ကြ။ဆိုတဲ့
လူကြီးသူမတွေပြောနေကြတဲ့ နိုင်ငံရေးနဲ့ ဆိုင်သောစကားတွေ၊အုပ်စိုးသူက မတရားဘူး။ကျောင်းသားတွေက
အုပ်ချုပ်သူတွေကို ဆန့် ကျင်ရဲကြပါလား။ဆိုတဲ့ အသိတွေ ခလေးအရွယ်ထဲက ကျနော့ အသွေးအသားထဲမှာ စွဲမှတ်ခဲ့မိတယ်။
ညညအတွေးတွေ အိပ်မက်တွေထဲမှာ လူကြီးတွေပြောခဲ့တဲ့ ဆန္ဒပြပွဲတွေအကြောင်း စိတ်ကူးနဲ့ မြင်ယောင်ပုံဖော်ကြည့်ရင်း
ကိုယ်တိုင်ဝင်ပါသွားသလို ခံစားရတယ်။စစ်တပ်က ပစ်လို့ အသက်ဘေးကလွတ်အောင်ပြေးခဲ့ရတယ်ဆိုတဲ့ ကျနော့ဆွေမျိုးထဲကတယောက်ရဲ့ ပြောပြခဲ့တာကို မှတ်ထားပြီး
ညည မအိပ်ခင်တွေးကြည့်ရင်း အိပ်မက်ထဲမှာ ပြေးရလွှားရတာတွေ
ပုံပေါ်လာရင်း သည်းထိတ်ရင်ဖို လန့် နိုးခဲ့ရတဲ့ညတွေဟာလည်း
ခလေးဘ၀မှာ ခဏ ခဏ ပါပဲ။ခလေးစိတ်နဲ့ ဆိုတော့ ဆန္ဒပြပွဲတွေဟာ
လူအုပ်များလို့ ပျော်စရာကြီးနေမှာလို့ တွေးခဲ့မိသလို။ပြေးရလွှားရရင်လည်း
စိုးထိတ်စရာ ရင်တုန်စရာကြီးနေမှာပဲ
လို့ တွေးခဲ့မိပြန်တယ် ။
----------------------------
အစကပြောခဲ့သလို နိုင်ငံရေးစကားတွေ၊အဓိကရုဏ်းစကားတွေ
စတင်နားယဉ် ကြားခဲ့မိတာက ၁၉၈၃-၈၄ရန်ကုန်တက္ကသိုလ်နှစ်လည် မဂ္ဂဇင်း မျက်နှာဖုံးပန်းချီပုံတွေ
ကြောင့်ပါ။
(စကားချပ်- အဲဒီမဂ္ဂဇင်းမျက်နှာဖုံးပုံ နောင်တော်-အမတော်တွေဆီမှာ အလွယ်တကူရှိရင် ဘလော့ဂ်စာမျက်နှာတွေမှာ ဖော်ပြပေးစေချင်ပါတယ်။မမြင်ဖူးသေးတဲ့
ကျနော်တို့ နောက် ကြီးပြင်းလာကြတဲ့ မျိုးဆက်သစ်တွေ ကြည့်စေချင်၊သိစေချင်လို့ ပါ။)
--------------------------------------------------------------------------------------

--------------------------------------------------------------------------------------
(ဒီပို့ စ် တင်ပြီး မကြာခင် နောင်တော်ကြီး ကိုနစ်နေမန်း၏ လုံ့ လပြု ဖော်ပြမှုကြောင့် ကျနော်တို့ မြင်ချင်နေတဲ့ မဂ္ဂဇင်းကပုံတွေ အသေးစိပ်သိရပါပြီ) (ကိုနစ်နေမန်းရေ-ကျေးဇူးကမ္ဘာပါ)
--------------------------------------
ကျနော်တို့ မြန်မာနိုင်ငံမှာ မတရားတဲ့။ရက်စက်ယုတ်မာတဲ့ အစိုးရတရပ်
အုပ်ချုပ်နေတာပါလားလို့  ကျနော်စတင်သိခွင့်ရတာဟာ ကျနော့မိဘ
ဆွေမျိုး မောင်နှမ တ၀မ်းကွဲတချို့ ရဲ့ ကျေးဇူးကြောင့်ဆိုတာ
ဒီနေရာကနေ အသိပေးချင်ပါတယ် ။
အမျှော်အမြင်ရှိတဲ့ ပညာတတ် နောင်တော်အမတော် ကျောင်းသားကျောင်းသူကြီးတွေက မဂ္ဂဇင်းတခု အရင်းပြုလို့ 
၁၉၈၃-၈၄ ခုနှစ်မှာ ထုတ်ဝေခဲ့တာဟာ တချက်ခုတ် နှစ်ချက်ပြတ်မက ရည်ရွယ်ချက်ရှိခဲ့ကြတယ်လို့ ကျနော်နောက်ပိုင်းထပ်မံလေ့လာတွေ့ ရှိခဲ့ရတယ်။
(၁) ၁၉၇၄ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ယူအန်အတွင်းရေးမှုးချုပ်
ဦးသန့် ဈာပန အရေးအခင်း (၁၀)နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ်
၁၉၈၄ခုနှစ်မှာ အဲဒီမဂ္ဂဇင်းကို အဓိပ္ပါယ်ရှိရှိ စွန့် စားမှု ရှိရှိနဲ့  ဆူးကြားကဘူးခါးတလုံးသီးသလို ထိလွယ်ရှလွယ် အနာခံပြီး၊ဆရာတွေ၊ကျောင်းသားတွေပူးပေါင်းပြီးထုတ်ဝေခဲ့ကြတာဖြစ်ပါတယ်။
(၂)ဦးနေ၀င်းခေါင်းဆောင်တဲ့ စစ်အာဏာရှင်စံနစ်အောက်မှာ
အမှန်တရားတွေပျောက်ကွယ်နေတဲ့ ကျောင်းသားလူငယ်ထု မျိုးဆက်သစ်တခုကြားမှာ နိုင်ငံရေးအသိတရားတွေ နိုးထလာအောင်
စွန့် စားခဲ့တဲ့ ထူးခြားတဲ့ ပေါင်းကူးတံတားတခုလို့  အဲဒီမဂ္ဂဇင်းကို
ကျနော် ဂုဏ်တင်ချင်ပါတယ် ။



(၃)အဲဒီ သက်မဲ့ရုပ်ငြိမ် မဂ္ဂဇင်းရယ်၊ သက်ရှိ ဥာဏ်ရှိ လှုပ်ရှားနေကြတဲ့ 
တက်ကြွတဲ့ ခေတ်လူငယ် ပညာတတ်တွေရယ်ကြောင့် မိဘပြည်သူတွေကြားမှာ အဲဒီအချိန်ကစလို့  လှုပ်လှုပ်ရှားရှားဖြစ်ကာ
မဂ္ဂဇင်းအကြောင်း တနိုင်ငံလုံး တီးတိုးတီးတိုး သဖန်းပိုးထိုးသလို ပြောဆိုကာ
စစ်အာဏာရူးတွေရဲ့ စောက်သုံးမကျတဲ့ လုပ်ရပ်တွေကို ပိုသိလာကြရတယ်။(၄)မီးလောင်ရာလေပင့် ဆိုသလို လူငယ်လူရွှင်တော်တွေဖြစ်တဲ့ ဇာဂနာဦးဆောင်တဲ့ ကျောင်းသားလူငယ်တွေက အငြိမ့်သဘင် ပြက်လုံးတွေကတဆင့်
မဆလ ကောင်စီတွေရဲ့  အစီအငေါ် မတည့်လုပ်ရပ်တွေကို ရဲတင်းစွာ
ဝေဖန်ပြောဆိုလာကြသလို ၊ ဦးနေ၀င်းရဲ့ အသုံးမကျတဲ့ လုပ်ရပ်တွေကို
ရပ်ထဲရွာထဲမှာ ဟာသ ဇာတ်လမ်းတွေအဖြစ် ပြည်သူတွေ ပြောရဲလာကြတယ်။ (၅) ၁၉၈၄ က စခဲ့တဲ့ နိုင်ငံရေး အသိပေးတဲ့ 
စာနယ်ဇင်းပညာကြောင့် နောင် ၄နှစ် ကြာတဲ့ ၁၉၈၈မှာ မဆလပြုတ်တဲ့အထိ တပြည်လုံး
အုံကြွခဲ့ရတဲ့ အကျိုးအမြတ်ရရှိခဲ့တယ်။
-----------------------------------------
အများထဲက ပမွှားတယောက် ၊ကျနော့်လို အညတရ တယောက်တောင်
မဂ္ဂဇင်းကြည့်လို့  နိုင်ငံရေးအသိတွေ သန္ဓေတည်ခဲ့ရတယ်ဆိုရင်..
တပြည်လုံးအတိုင်းအတာ ကျနော့လို ခလေးအရွယ်တွေပေါင်းများစွာလည်း
နိုင်ငံရေးစိတ်တွေ (သိစိတ်မှာရော၊ မသိစိတ်မှာရော) နိုးကြားနေခဲ့ကြ
၊ ၈လေးလုံးအရေးတော်ပုံ အပင်ကြီးဖြစ်ဖို့ ၊မျိုးစေ့တွေ မျိုးစေ့တွေဖြစ်တည်ခဲ့ကြတာလို့ ဆိုရင် ဘယ်သူငြင်းနိုင်မလဲ။
------------------------------------------------
မဂ္ဂဇင်း ဖတ်ခဲ့တုန်းက မှတ်မိသမျှ ပြောပြဦးမယ် ။မဂ္ဂဇင်းက ၀မ်းနည်းခြင်းအထိမ်းအမှတ် ထုတ်ဝေတာမို့ အနီမှိုင်းမှိုင်း ၊ အနက်ရောင်ရင့်ရင့် ၊ အပြာပုတ်ပုတ် စတဲ့ အရောင်ရိုင်းတွေသုံးထားတာ
မှတ်မိနေတယ်။ ရန်ကုန်တက္ကသိုလ်ရဲ့
ပြယုဂ်တွေ မျက်နှာဖုံး သရုပ်ဖော်ပုံတွေမှာ ရေးဆွဲထားတယ် ။
ထူးခြားတာက မပီဝိုးဝါးနဲ့  ၊ စိတ်ခြောက်ခြားထိုင်းမှိုင်းဖွယ် စိတ္တဇ ပန်းချီ
ခေါ်လေမလား၊ မော်ဒန်အတ် လက်ရာ သတ်မှတ်လေမလား။
အားလုံးဟာ ရှုပ်ထွေးလို့ ဘာက ဘာကို ဘယ်လို အဓိပ္ပါယ် ကောက်ရမလဲကို မျက်နှာဖုံးကြည့်သူတိုင်းကို ဝေခွဲမရဖြစ်စေခဲ့တယ်။
ပန်းချီဆရာနာမည် မှတ်မိသလောက် (မောင်မြင့်ဌေး)လား ၊ အဲဒီအမည်နဲ့ ခပ်ဆင်ဆင်တူတဲ့ နာမည်ပဲလား ၊ မျက်နှာဖုံးရဲ့ တနေရာမှာ ၊ သွေးတွေပေကျံနေသလို လက်မှတ်ထိုးထားတာ -လက်ဝဲပန်းချီစာလုံးရေးဟန်နဲ့ ဆိုင်းထိုးထားတာကို အခုထိ မြင်ယောင်နေမိသေးတယ်။
------------------------------
တ၀မ်းကွဲ အကိုနဲ့ အမက မဂ္ဂဇင်းထွက်ပြီး မကြာခင် တရက်မှာ
ကျောင်းကပြန်အရောက် ကျောင်းမှာ သူတို့ ကြားခဲ့ရတာတွေကို ဖောက်သည်ပြန်ချတယ် ။ မဂ္ဂဇင်းက ရှုပ်ထွေးနေတဲ့ပုံတွေ
ဘာဆိုတာရှင်းသွားအောင် အဖြေထုတ်ထားတဲ့ လျှို့ ဝှက်စာတွေ
(တနည်း-စိတ္တဇပန်းချီပုံနဲ့ စာဝှက်တွေကို ခက်ဆစ်အဓိပ္ပါယ်ဖွင့်ဆိုပြလိုက်တဲ့  ရှင်းလင်းချက်စာတွေ )
(ကျား-မ )အိမ်သာတွေထဲမှာ ကပ်ထားတာ။ ဖြန့် ဝေနေတာ
ရခဲ့ သိခဲ့ရတဲ့ အကို၊အမတွေက ကြားခဲ့မှတ်ခဲ့ပြီး
အိမ်မှာ ညစာစားပြီး တိတ်ဆိတ်ချိန် မဂ္ဂဇင်းမျက်နှာဖုံးရှေ့ မှာ ၀ိုင်းအုံလို့ 
ပဟေဠိ-အဖြေညှိသလို အိမ်သားတွေခေါင်းချင်းဆိုင်နေကြတာ
စာကျက်နေခဲ့တဲ့ ကျနော့ကိုတောင် ဆွဲဆောင်လွန်းလို့  လူကြီးတွေ
ကြည့်နေပြောနေကြတဲ့ကြားထဲ အတင်းဝင်တိုးလို့  စပ်စုမှတ်သားမိခဲ့တယ်။
တချို့ ပုံတွေက အတည့်ကြည့်ရင် အဖြေသိရသလို
တချို့ ကို ဇောက်ထိုး၊တချို့ 
ကိုဘေးတိုက် ကြည့်မှ အဖြေမှန်သိရတယ်။ တချို့ စာလုံးတွေကို ကြည့်မှန်နဲ့  ကပ်ထောင်ကြည့်မှ အမှန်မြင်ရတာရှိတယ်။
---------------------------------
မှတ်မိသမျှ ပြောရရင်-
ခုံတန်းလျားလေးပုံ ဆိုပါတော့။ သေချာကြည့်ရင်
ကျောင်းသားတွေက ဦးသန့် ခေါင်းတလားကို ပခုံးထမ်း သယ်လာတဲ့ပုံ။

ဘော်လုံးအားကစားလုပ်နေကြတဲ့ပုံ ဆိုပါတော့။ ပြောင်းပြန်ထောင်ကြည့်ရင် လက်သီးဆုပ်ပုံတွေ့ ရသလို၊သေချာမှန်ထောင်ကြည့်ရင် ( နေ၀င်းသိမယ်)
ဆိုတဲ့ စာတန်းကို
သွေးတွေစီးကျနေတဲ့ ပုံမျိုးတွေ့ ရတယ်။
နေ၀င်းဟာကျောင်းသားတွေကို
ရက်စက်စွာ သတ်ခဲ့တဲ့အတွက် နေ၀င်းတနေ့ ငါတို့ ကျောင်းသားတွေရဲ့ 
ဂလဲ့စားချေတာကို သိစေရမယ် ဆိုတဲ့ အဓိပ္ပါယ်လို့  ကျနော့မိဘတွေက ပြန်ရှင်းပြလို့ သိခဲ့ရတယ်။
ဘွဲ့ ဝတ်စုံနဲ့ ကျောင်းသားပုံဟာ ကြိုးပေးခံရလို့ ကျဆုံးသွားတဲ့ ကျောင်းသားခေါင်းဆောင်
ကိုတင်မောင်ဦးကို ဂုဏ်ပြုတာဖြစ်သလို သေချာကြည့်ရင် သူ့ ရင်ဘတ်ကို
လှံစွပ်နဲ့ ထိုးနေတဲ့ပုံ ပေါ်နေတာ
တွေ့ ရတယ်။
နောက်ပြီး - ရောင်စုံဆေးစက်လေးတွေ ချထားတာ သေချာကြည့်ရင်

ဆန္ဒပြချီတက်နေကြတဲ့ လူတန်းကြီးကို တသီတတန်းကြီးတွေ့ ရတဲ့
ပုံ ဖော်ထားတယ်။
---------------------
အဲသလောက်ပဲ ကျနော်မှတ်မိသမျှ ပြန်ပြောပြတာပါ ။အခွင့်အခါကြုံလို့ 
မဂ္ဂဇင်းမျက်နှာဖုံးပုံကို ကျနော့်ပြည်တွင်းက အိမ်မှာ သိမ်းထားတာ ရှိသေးတယ်ဆိုရင်(သို့ မဟုတ်) အင်တာနက်မှာ နောင်တော် အမတော်တွေရဲ့ ကျေးဇူးနဲ့  ပြန်ဖော်ပြလို့ တွေ့ ဖြစ်ခဲ့ ရင်
ပြန်ကြည့် ပြီး လျှို့ ဝှက်ချက်လေးတွေ ထပ်တွေ့ ဦးမယ်လို့ မျှော်လင့်ရပါတယ်။
(ဆက်ရန်---)

(သေချာကြည့်ရင် အာဇာနည်လို့ ရေးထားတာလို့ ကိုနစ်နေမန်းကပြောတယ်)
------------------------------------------------------------------------------------------

(မဂ္ဂဇင်းနောက်ကျောဖုံးပုံ)
-------------------------------
(ပန်းပွင့်တန်းကြီးကို ပြောင်းပြန်ပြန်ကြည့်ရင် မြန်မာဂဏန်းအက္ခရာ -၇- အဖြစ်မြင်ရတယ်)
(၇ ဇူလိုင်ကို ကိုယ်စားပြု ထုတ်ဝေတယ်ဆိုတာ ထင်ထင်ရှားရှား ဖော်ကျုးထားတာဖြစ်တယ်။)
--------------------------------------------------------------------------------------
သူရဲကောင်းအာဇာနည်အပေါင်းကို ကျနော်အိုးဝေအောင် ဒီနေရာကနေ ဦးညွတ်ဂါရ၀ပြုနေမိတယ်။

၇ ဇူလိုင် ကျောင်းသားအရေးတော်ပုံ မှတ်တမ်းဓါတ်ပုံများ

















www.myanmarisp.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

ဆဲဗင်း JULY -မမေ့နိုင်



-----------------------------------

(အေးမြဇင်၏ကဗျာ ပြန်လည်ဖော်ပြအပ်ပါသည်။)

အာဇာနည်အစွမ်း အံ့မခမ်းလျှက်။

သမဂ္ဂစိတ်၏ မွန်မြတ်စွမ်းရည်


သမဂ္ဂ အုတ်မြစ် မြေလှန်ပစ်လည်း

သမဂ္ဂ သန္ဓေ ရင်ဝယ်တည်ဆဲ ကိန်းနေမြဲ၏ ။

သမဂ္ဂ အမည် ဖျောက်ဖို့ရည်လည်း

သမဂ္ဂ စွမ်းအား ပြည့်တခွင်လုံး လွှမ်းလှို့ထား၏ ။

သမဂ္ဂ၏ သွေးစွန်းမြေကို ဖုံး ကာနေလည်း

ရဲစွေ့နီစွ သမဂ္ဂ၏ သွေးမြေဆီမှ ၀ိဥာဉ်တွေက

ရုန်းကန်ထကြွ နိုးနေကြကာ

ခွပ်ဒေါင်း အားမာန် ဖော်ကျုးဆောင်ပြ ရှိနေကြ၏ ။


သမဂ္ဂစိတ် တုံးခတ်ပိတ်ရန် ရည်ရွယ် ကြံလည်း

သမဂ္ဂ၏ ရဲရင့်မှန်လှ ဒေါင်းပျိုစိတ်က

မဟုတ် မခံ တုန့်ပြန်မြန်စွ

သမိုင်းအစဉ် ကောင်းစေ ဆန္ဒ ရှိနေကြ၏ ။


သမဂ္ဂ၀င် ကျောင်းသားတို့အား ဖိနှိပ်ထားလည်း

သမဂ္ဂ၏ ကျောင်းသူ၊ကျောင်းသား မောင်၊နှမ များက

တိုင်းပြည် လှရန် ကောင်းဖို့ရန်တွက်

အသက်ဘေးရန် မမှု ပြန်ကြ ၊

ကြောက်ခြင်းတရား ခ၀ါ ချ၍

တိုင်းပြည် ဖျက်ထား သကောင့်သား နှင့် စနစ်ဆိုးအား

တွန်းလှန်ရစ်ကြ ခေတ်အဆက်ဆက်မှသည်

ယနေ့ထိတိုင် ရှိနေကြ၏ ။


သမဂ္ဂ ပရ၀ုဏ်တ၀ိုက် ပြောင်းလဲလိုက်လည်း

သမဂ္ဂ၏ ခိုင်မြဲပုံရိပ် ထင်ဟပ်ရစ်နေ

ကမ္ဘာတည် တိုင်အောင် ရှိ၍ နေမြဲ ရှိနေမြဲ အံ့ ။


(၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ရှိ သမိုင်းဝင်ကျောင်းသား သမဂ္ဂ အဆောက်အအုံ အတွင်း နှင့် ကျောင်းပရ၀ုဏ်ထဲတွင် ကျဆုံးသွားကြသော ကျောင်းသူ၊ကျောင်းသား ကြီးများနှင့်တကွ ၊ မြန်မာပြည်လွတ်မြောက်ရေးသမိုင်းစဉ်တလျှောက်နှင့် ယနေ့ခေတ် အချိန်ကာလတလျှောက် မိမိတို့၏ အသက်နှင့်ဘ၀တို့ကို မွန်မြတ်သောစိတ်ထားဖြင့် ပေးလှုရစ်ခဲ့ကြကုန်သော သူရဲကောင်း အာဇာနည် အပေါင်းအား လေးမြတ်စွာ ဂုဏ်ပြု ဦးညွှတ်လျှက်)

အေးမြဇင် ၆၊၇၊၂၀၀၇


(ချစ်တဲ့မနောမြေ အလည်သွားရင်းရလာတဲ့ ပိုစတာပုံ)