အယ်ဒီတာပေါက်စတယောက်ငိုက်စိုက်ငိုက်စိုက်နဲ့ ဆရာကြီးအာလူးဆီကိုရောက်လာတယ်။(သတင်းစာထဲက ပေါက်ကရဆောင်းပါးတွေရေးတဲ့ ပေါက်စကိုပြောတာမဟုတ်ဘူးနော်၊ ဝါနုသေးတဲ့ အယ်ဒီတာမို့ လို့ အယ်ဒီတာပေါက်စလို့ ပြောတာ)
ဆရာကြီးအာလူး။ ။ “ဟေ့လူ၊ ခင်ဗျားကြည့်ရတာ စိတ်မချမ်းသာလိုက်တာ။ တခုခုကို စိုးရိမ်နေသလိုပဲ…”
အယ်ဒီတာ။ ။ “အေးဗျာ၊ အယ်ဒီတာလုပ်ရတာလည်း မစားသာဘူး။ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို တနေ့ တခြား ရွံရွံလာပြီ။ စိစစ်ရေးဝင်ရင်လည်း မိုက်မိုက်ရိုင်းရိုင်း အဆဲခံရသေးတယ်။ ဟိုဟာ မထည့်ရ၊ ဒီဟာမထည့်ရနဲ့ …”
ဆရာကြီးအာလူး။ ။ “ဘာတွေများမထည့်ရလို့ လဲ၊ ပြောစမ်းပါဦး”
အယ်ဒီတာ။ ။ “ဥပမာဗျာ၊ ကုန်ဈေးနှုန်းကျရင်တော့ ထည့်လို့ ရတယ်။ တက်သွားရင်ထည့်လို့ မရဘူး။”
ဆရာကြီး။ ။ “သူတို့က မှန်သားပဲ။ ခင်ဗျားကိုက ပိန်းတာ။ ဒီမယ်ကိုယ့်လူ၊ ထူးခြားမှုရှိမှ သတင်းလို့ ခေါ်တယ်။ လူတိုင်းသိပြီးသားကိစ္စက သတင်းမဟုတ်ဘူး။ ကုန်ဈေးနှုန်းတက်တာက အမြဲတမ်းဖြစ်နေတာ။ သတင်းမဟုတ်ဘူး။ ကျတာက တခါတရံမှဖြစ်လို့ သတင်း။ အဲလိုပဲ၊ မီးပျက်တာလဲ လူတိုင်းသိပြီးသား။ အထူးအဆန်းကိစ္စ မဟုတ်ဘူး။ မီးမှန်ရင်သာ သတင်း။ ခင်ဗျား ပိန်းလို့ အဆဲခံရတာ နည်းတောင်နည်းသေး။”
အယ်ဒီတာ။ ။ “ဒါဆိုရင် ဒင်းဒို့တတွေ ဘုရားတွေကို နေ့တိုင်း အယောင်ဆောင်သွားဖူးပြီး သူတော်ကောင်းယောင်ဆောင်နေတာကော။ အဲဒါက နေ့တိုင်းလေ။ ထူးခြားမှုမရှိဘဲ ဘာလို့ TV သတင်းထဲမှာ ထည့်လဲ။”
ဆရာကြီး။ ။ “ဟ..ထူးခြားတာပေါ့။ လူတွေဘုရားရှိခိုးရင်တော့ မဆန်းဘူး။ သတင်းမဟုတ်ဘူး။ ခွေးတွေဘုရားရှိခိုးတာ မြင်ဘူးလို့ လား။ အဲဒါသတင်းပေါ့ ။”
အယ်ဒီတာ။ ။ “မှားပါတယ်။ ဒါဆိုရင် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ သံဃာတော်တွေ၊ ကျောင်းသားပြည်သူတွေကို အကြမ်းဖက်နှိမ်နင်းတာကော။ အဲဒါကျ ဘာလို့ မထည့်လဲ။”
ဆရာကြီး။ ။ “ခင်ဗျားကလည်း၊ ပိန်းပြန်ပြီ။ သတင်းလောကမှာ ဆိုရိုးရှိတယ်။ လူကခွေးကို ကိုက်မှသတင်း။ ခွေးကလူကို ကိုက်တာ သတင်းမဟုတ်ဘူး၊ သူ့ သဘာဝ။ ကိုက်မှာပဲ။ မြဲမြဲမှတ်ထားကိုယ့် လူ။”
အယ်ဒီတာ။ ။ “မေးမိတာ မှားပါတယ်ဗျာ။”
ကောင်းကင်ကို
http://kaungkinko.blogspot.com/
မှကူးယူဖော်ပြသည်။