Saturday, July 19, 2008

အာဇာနည်နေ့ အမှတ်တရ

အာဇာနည်နေ့ အမှတ်တရ

19th July 2008


သူငယ်ချင်းတွေက မေးလာတယ်။ `ဇူလိုင် ၁၉´အတွက် စာမရေးတော့ဘူးလား´တဲ့။ စိတ်ကူးထဲမှာ ဘာရေးရယ်ဆိုတဲ့ အကောင်အထည်က မရှိဘူး။ ရေးချင်တဲ့စိတ်နဲ့ ကွန်ပြူတာရှေ့ထိုင်လိုက်တာနဲ့ အာရုံတွေက ၀ါးသွားတယ်။ အာဇာနည်တွေရဲ့အကြောင်းက တွေးရုံနဲ့ ရင်ထဲမှာ ဆို့နင့်လာတယ်။ အာဇာနည်တွေ အကြောင်း ကို ကျွန်တော့်ရင်ဘက်က အတွေးမခံဘူး။ မျက်ရည်တွေပဲ ဝေ့ဝေ့လာတယ်။ ၁၉၄၇-ခုနှစ်၊ ၄-လပိုင်း၊ ၁၉-ရက်နေ့၊ ၁၀-နာရီ ၄၇-မိနစ်က စပြီး ပြည်သူတွေ ငိုကြွေးလာခဲ့ကြရတာ။ ယနေ့အချိန်ထိ အာဇာနည်တွေ ဖောက်ခဲ့တဲ့လမ်းကနေ ငါတို့တွေ မလျှောက်လှမ်းကြရသေးဘူး။ ပြည်သူတွေ လျှောက်လှမ်းခွင့် မကြုံသေးဘူး။ အဲဒါတွေပါ ထည့်တွက်လိုက်တော့ အာဇာနည်နေ့မှာ မျက်ရည်တွေ တိုးလာခဲ့ရတယ်။

အာဇာနည်နေ့။ ဒီနေ့ဟာ တစ်တိုင်းပြည်လုံး ငိုကြွေးခဲ့ရတဲ့နေ့။ ကြေကွဲခဲ့ရတဲ့နေ့။ အိမ်မက်တွေ ပျောက် ဆုံးခဲ့ရတဲ့နေ့။ လက်ထဲရောက်လာတဲ့ ကောင်းကင်ဘုံကို ပုတ်ချခံခဲ့ရတဲ့နေ့။ ……နေ့။ ဒီနေ့ကို စာဖွဲ့ဖို့ စဉ်းစား ကြည့်တော့ သေနတ်ဒဏ်ရာတွေ ဗရဗွနဲ့ သွေးအိုင်ထဲ လဲနေတဲ့ အာဇာနည်များကို မြင်ယောင်တယ်။ လူယုတ် မာသေနတ်သမားကို လက်ကလေး ကာနေတဲ့ ငါတို့ရဲ့နိုင်ငံရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်းကို မြင်ယောင် လာတယ်။

အာဏာရူး ငစောဟာ ဗိုလ်ချုပ်နဲ့အာဇာနည်တွေကို သတ်ရင် သူဘုရင်ဖြစ်မယ်လို့ ထင်ခဲ့တယ်။ ဒါကြောင့် ယုတ်မာစွာ အပြတ်ရှင်းခဲ့တယ်။ ဒါပေမယ့် ဗိုလ်ချုပ်နဲ့အာဇာနည်တွေဟာ သတ်ရုံနဲ့သေမယ့်သူတွေ မဟုတ်ဘူးဆိုတာ ငစော ညာဏ်မမီခဲ့ဘူး။ ဗိုလ်ချုပ်မသေသေးပါဘူး။ ယနေ့အချိန်မှာတောင် သူ့စကားတွေက ရှင်သန်ခန့်ခန့် တည်နေသေးတယ်။

လာပြန်ပြီ။ အာဏာရူးတွေ။ ကလိမ်ကကျစ်ညာဏ်တွေနဲ့ ဗိုလ်ချုပ်နဲ့အာဇာနည်တွေကို သတ်ဖို့ ကြိုးစား နေပြန်ပြီ။ ဗိုလ်ချုပ်နဲ့အာဇာနည်တွေဟာ သတ်ရုံနဲ့သေမယ့်သူတွေ မဟုတ်ဘူးဆိုတာ ငသန်းရွှေတို့၊ ငမောင် အေးတို့လဲ သိကြပုံမပေါ်ဘူး။ သူတို့လဲ ငစောလမ်းစဉ်အတိုင်း နိဂုံးချုပ်ချင်ကြပြီနဲ့ တူပါတယ်။

`ကျွန်တော့်အမြင်အရတော့ မြန်မာတွေ ဗိုလ်ချုပ်ကို လေးစားတာဟာ လေးစားမှုအဆင့်ထက်ပိုပြီး ကိုးကွယ်မှုအဆင့်တောင် ရောက်နေပြီလား အောက်မေ့ရတယ်´။ နိုင်ငံခြားက ဆရာကြီးတစ်ယောက် သုံးသပ် ပြခဲ့တာပါ။ ဘယ်လောက်ထိတောင် သူဟာ လေးစားဖွယ်ကောင်းခဲ့သလဲ။ ကြည်ညိုဖွယ်ကောင်းခဲ့သလဲ။ ဗိုလ် ချုပ် ပြောသွားတဲ့စကားလေးအနည်းငယ်ကို ဖတ်ရုံမျှနဲ့ သိနိုင်ပါတယ်။ အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျွန် တော့်မှတ်စုထဲက ဗိုလ်ချုပ်စကားလေးတွေကို ဝေငှလိုက်ပါတယ်။

“ရဲဘော်တို့ မေးစရာ စကားရှိတယ်။ တကယ်လို့ အကြီးအမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ ကိုယ့်နိုင်ငံ ဆန့်ကျင်တဲ့ အကြီးအမှူးတွေဟာ ကြာကြာမနေနိုင်ပါဘူး။

အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇ၀င်မှာ ကြည့်လိုရှိယင် ဘယ်လောက်ကြီးတဲ့လူဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ်ကျတာ ချည်းပဲ။ ဒီလို မတရားတဲ့ အကြီးအမှူးတွေရှိယင် ရဲဘော်တို့ အပေါ်မှာလဲ တည်တယ်။ ဥပမာ မတရားတဲ့ အကြီးအမှူးတစ်ယောက်က ၀တ္တရားနှင့်မဆိုင်တဲ့ နိုင်ငံနှင့်လူမျိုးအကျိုးနဲ့ မပတ်သတ်တဲ့ အမိန့်မျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျ၊ မကျ၊ တရား၊ မတရား နိုင်ငံနှင့်လူမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလို ကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းယင် သူ့ထက်ကြီးတဲ့ အကြီးအမှူးကို ဖြစ်စေ၊ တစ်ခြား အကြီးအမှူးတစ်ယောက်ဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ်၊ မှားတယ် သိနိုင်မယ်။”
“လက်ဖွဲ့အနေနဲ့ဆောင်ပြီး သတ္တိနှင့် သစ္စာရှိလျှင် မောင်တို့ ခြေချရာအရပ်များသည် အောင်မြေချည်း ဖြစ်ရလိမ့်မည်။”

“ကျုပ်အဖို့ ပြောရယင် ရဲဘော်တို့ထဲကပဲဖြစ်ဖြစ်၊ အခု တပ်ထဲမှာရှိတဲ့ စစ်သားကလေးကစပြီး အားလုံး ရဲဘော်တွေထဲကပဲဖြစ်ဖြစ် ကျုပ်ထက် အရည်အချင်း၊ အကျင့်စာရိတ္တ၊ အလုပ်အကိုင်၊ နိုင်ငံချစ်စိတ်၊ အမျှော် အမြင်ရှိတယ်လို့ တွေ့တာနဲ့တစ်ပြိုင်နက် ကျုပ်ဟာ အဲဒီလို တော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့အားလုံး ကြိုးစားကြပါ၊ တော်အောင် ကြိုးစားကြပါ။”

“တစ်ခြား မှာကြားလိုတဲ့အချက်ကတော့ ပြောနေကျ စကားပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပါယ်လေးနက် အောင် ပြောပြလိုက်အုံးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဖို့ မဟုတ်။ လက်နက်အားကို တန်ခိုးပြဖို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနှင့် နားလည်အောင် ပြောပြတာပဲ။ ဒီစကားကို ကျုပ်ပြောတာဟာ စစ်တပ်ကို ကျုပ် ပြန်နှိပ်ချင်တဲ့ သဘောနဲ့ ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လဲ မတရားမလုပ်။ နိုင်ငံရဲ့ ရန်သူ တွေ မဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာ အားလုံးသဘောပေါက်အောင် ပြောပြခြင်းပဲ။”

“အမှန်ပြောရယင် လူတွေဟာ ပုထုဇဉ်တွေပဲ။ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင်တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့လူတွေကလဲ အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူတွေကို လက်နက် အားကို အာဏာအားကို လုပ်ချင်တယ် ပြောကြတယ်။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျတော့ အရင်တုန်းက ပြောတာတွေ မေ့ပြီး တစ်မျိုးလုပ်ကြတာပဲ။ ဒါ ထုံးစံအတိုင်းပဲ။ ငါတို့က ဒီလို မဟုတ်။ အားနည်းတဲ့အခါလဲ အားကြီးတဲ့လူကို မတရားယင် မကြောက်၊ အားကြီးတဲ့အခါလဲ အားငယ်တဲ့ လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင်တယ်၊ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အခြေခံဖြစ် တယ်လို့ ပြောတာပဲ။”
“ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတူ ဟုတ်တာနှင့် မဟုတ် တာ ခွဲခြားသိရမယ်။”

“ဇာတိမာန် ကောင်းကောင်း ထားတတ်ကြရအောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေဟာ လူဖျင်းတွေ၊ လူကြောက်တွေ၊ လူပိုတွေ၊ လူရိုင်းတွေ၊ လူ့ဂွစာတွေ၊ လူ့မတရားတွေလို့ ဒီကမ္ဘာက အထင်ခံရ အောင် မလုပ်ကြပါနှင့်။ ဗမာတွေဟာ ဒီလို မဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုး ရေးတရားနှင့်ပတ်သတ်ပြီး မှာချင်တာပဲ။”

နောက်ဆုံး တစ်ခုမှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓာတ်မထားကြဖို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ်၊ ဒီပြင်နိုင်ငံတွေမှာဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်ကြတာ မဟုတ်ဘူး။ တစ်ခြား စစ်သားမဟုတ်ပေ မယ့် နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံ၊ အမျိုးမျိုး စွန့်စားလုပ်ကြတဲ့လူတွေလည်း ရှိတယ်။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်ဓာတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တစ်ခု နားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။ စစ်တပ်ရဲ့အခွင့်အရေးကို မတရားချိုးဖျက်မယ်ဆိုယင် ကျုပ် အစွမ်းကုန် ကြိုးစားတိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေချင်တယ်။ ယနေ့ ဒီမှာ ပြောတာတွေအားလုံး စစ်သားတွေ သိပါစေ။ သိအောင် ပြောပြကြပါ။ အဲဒါ နောက်ဆုံးမှာကြားခြင်းပဲ။”

“ကျုပ်တို့ တိုင်းသူပြည်သားတွေဟာ သိပ်စိတ်ပျက်နေစရာ မလိုပါဘူး။ နောက်ထပ် စိတ်ပျက်စရာတွေ အများကြီး ရှိပါသေးတယ်။ နောက်ထပ် စိတ်ပျက်စရာတွေ အများကြီးရှိတယ်ဆိုပေမယ့် နောက်ဆုံးကျတော့ အောင်ဖို့ပါပဲ။”

“ကျွန်တော် သိပ်သဘောကျတာပဲ။ ဘုန်းကြီးတွေတောင် ခေတ်ပညာအတတ်တွေ တစ်ချို့သင်ကြား နေတယ်လို့ ကြားရတယ်။ ဘယ်ထိအောင် တော်တယ်၊ မတော်တယ်လို့တော့ မသိဘူး။ ဒီအတိုင်းသာ မှန်လို့ရှိ ယင် ဘုန်းကြီးများဟာ မိမိဘာသာရေးနဲ့လဲ မဆန့်ကျင်၊ တိုင်းပြည်အကျိုးရှိရာ ရှိကြောင်းအလုပ်တွေကို လုပ်ပေး ကြမယ်ဆိုယင် ဗမာပြည်ဟာ တိုးတက်ဖို့ နိမိတ်ပဲ။”

“နောက်ပြီးတော့ ပြည်သူတွေရဲ့အကျိုးကို တကယ်ကာကွယ်မယ့်သူတွေဟာ ပြည်သူတွေပဲ။ သည့်ပြင် လူတွေဆိုတာ ဒီလောက် မဖြစ်နိုင်ဘူး။”

“အဲဒါကြောင့် တိုင်းသူပြည်သားလူအများ၊ ခေါင်းဆောင်ဆိုတဲ့လူတွေကို ပြောလိုတာကတော့ တကယ် ကျွန် မဖြစ်ချင်ယင် ကျွန်မဖြစ်တဲ့နည်းလမ်းတွေ ရှာပြီးတော့ တကယ့်စွန့်စားမှုနှင့် တကယ့်အလုပ်တွေကို လုပ်ပြ ကြပါ။ အချောင်သမားအလုပ်တွေ၊ တပွဲထိုးဝါဒတွေ၊ ဒါမျိုးတွေနှင့် လုပ်မယ်ဆိုယင်တော့ ဗမာပြည် မစွန်နိုင်ဘူး ဆိုတာ တထစ်ချမှတ်ထားပါ။”

“ကျုပ်တို့ဟာ တိုင်းပြည်အကျိုးကို ရှေးရှုရမယ်။ လူတယောက်တလေ၊ တဖွဲ့တပါတီ၊ မုန်းရုံနဲ့ ကိုယ်ထင် တာကို လုပ်လို့ မဖြစ်ဘူး။ တိုင်းပြည်နာမှာကို ကြည့်ရမယ်။ ရာထူးတွေ သိပ်မလိုချင်နဲ့အုံး။ ဆာနေတဲ့လူတွေကို သိပ်မငြူစူကြပါနဲ့။ စားကြပါစေ။ သို့သော် သူတို့စားသလို ကိုယ်လိုက်စားချင်တာလဲ ခေါင်းဆောင်အစစ် မဟုတ် ဘူး။ ကိုယ့်ကိုယ်ကို တန်ဖိုးမထားတဲ့ လူညာခေါင်းဆောင်တွေပဲ။ ဘယ်သူဖြစ်ဖြစ် ခေါင်းဆောင်ဖြစ်ချင်ယင် ခေါင်းဆောင်လုပ်နိုင်တဲ့ အရည်အချင်းနဲ့ ပြည့်စုံပြီး လက်ရှိခေါင်းဆောင်တွေထက် တိုင်းပြည်ကောင်းအောင် ရွပ်ရွပ်ချွံချွံ လုပ်ကြပါ။”

“သူများနှာခေါင်းနဲ့အသက်ရှုပြီး တန်တန် မတန်တန် ရာထူး မလိုချင်ကြပါနဲ့။ ကိုယ့်ကိုယ်ကို တန်ဖိုးထား ကြပါ။ တိုင်းပြည်က အသိအမှတ်ပြုပြီး လိုက်လာတဲ့ ခေါင်းဆောင်မျိုး ဖြစ်အောင် လုပ်ကြပါ။ အရည်အချင်းလဲ မရှိ။ ဘယ်သူကမှ အသိအမှတ်ပြုလောက်အောင် စွန့်စားချက်လဲ မရှိ။
ကြီးကျယ်ချင်တဲ့လူတွေဟာ ဘယ်တော့ မှ ခေါင်းဆောင်မဖြစ်နိုင်ဘူး။

အဲဒီလူမျိုးတွေကိုတော့ ကျုပ်သဘောပြောမယ်ဆိုယင် ဘယ်တော့မှ လျှော့ဖယ် မပေးဘူး။ မညှာတန်း ကျုပ်တိုက်ဖျက်ပစ်မှာပဲ။ သို့သော်လဲ ကျုပ်ထက်သာတယ်လို့ ပြနိုင်တဲ့လူပေါ်ယင် ကျုပ်တို့တော့ ကိုယ့်ကိုယ်ကို တသက်လုံးခေါင်းဆောင်ဖြစ်အောင် ဘုရားသခင် ဖန်းဆင်းထားတယ်လို့ ယုံတဲ့လူ မဟုတ်ဘူး။ အဲဒီလို သာတဲ့လူကို ဖယ်ပေးဖို့ အသင့်ပဲ။ အဲဒါ နောက်ဆုံးစကားပဲ။”

တင်ပြသူ
လွင်ပြင်ရိုင်း
19, 07, 2008
MSMA

အာဇာနည်နေ့ ဂုဏ်ပြုသောအားဖြင့် လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲခဲ့ပုံနဲ့ BIA ဖွဲ့စည်းပုံ တင်ပြချက်

ဗိုလ်ချုပ်အောင်ဆန်းဟာ အင်္ဂလိပ်ကို တော်လှန်ဖို့ ၁၉၄၀ ခုနှစ်ကစပြီး ဂျပန်နှင့် ဘာကြောင့် ပေါင်းခဲ့ရ သလဲဆိုတာရယ်၊ နိုင်ငံရေး သက်သက်ဖြင့် အောင်ပွဲမရနိုင်၊ လက်နက်ကိုင် တိုက်ပွဲနဲ့ အထောက်အကူပြုမှသာ ပြီးဆုံးနိုင်မှာ ဖြစ်တယ်။ လွတ်လပ်ရေးတိုက်ပွဲ ဆင်နွဲဖို့အတွက် အမျိုးသား လက်နက်ကိုင် စစ်တပ် ထူထောင်ဖွဲ့စည်းရန် ဤခေတ်အမျိုးသားတာဝန် ကျွန်တော်တို့ မျိုးဆက်အပေါ် ကျရောက် တာဝန်ရှိတယ်လို့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ကျော်ဇောက အခုလို ရှင်းပြခဲ့ပါတယ်။

ဗိုလ်ချုပ်တို့ နိုင်ငံခြားထွက်ရတာဟာ ဗမာပြည် ဗြိတိသျှဆန့်ကျင်ရေး ၁၃၀၀ ပြည့်နှစ်(၁၉၃၈-၃၉)အရေးတော်ပုံ အတွေ့အကြုံ အရ လွတ်လပ်ရေး တိုက်ပွဲကို လက်နက်ကိုင်တိုက်ပွဲနှင့် ပေါင်းစပ်နိုင်မှ အောင်မြင်နိုင်မယ်ဟု ခေါင်းဆောင်များ သိလာကြတဲ့အတိုင်း မြန်မာအမျိုးသားလက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းရန် နည်းပညာနှင့် အကူအညီများယူရန် ထွက်ကြရာမှာ ဂျပန်ကို သွားတာမဟုတ်။ ထိုစဉ် တရုတ်ပြည်မှာ လက်နက်ကိုင် တော်လှန်နေသော တရုတ်ကွန်မြူနစ် ပါတီ (C.P.C) သို့ သွားကြခြင်း ဖြစ်သည်။ သူတို့ဟာ တရုတ်ကွန်မြူနစ် ပါတီနှင့် အဆက်အသွယ် အလွယ်တကူ ရနိုင်တဲ့ ရှန်ဟဲမြို့သွား သဘောင်္ကို မစောင့်နိုင်ဘဲ ဗြိတိသျှအဖမ်းခံရမှာ စိုး၍ အရင်ရောက်လာသော တရုတ်ပြည်အမွိုင်မြို့သွား သဘောင်္ကိုသာ စီးနင်းသွားကြသည်။ အမွိုင်မြို့တွင် ကူမင်တန်တရုတ်အစိုးရနှင့် ဂျပန်တို့ စိုးမိုးထားရာ နယ်စပ်ပင်လယ်ကမ်းခြေ အနီးတွင် သောင်တင်နေပြီး တရုတ်ကွန်မြူနစ် ပါတီလည်း ရှာမရ၊ ဆက်မရဖြစ်နေစဉ် ငွေကြေးလည်း ကုန်ကျကျပ်တည်းလာသဖြင့် ဗမာပြည်ကိုလှမ်းပြီး အကူအညီတောင်းရာ ထိုကိစ္စ ဗိုလ်လက်ျာက တိုးတိုးတိတ်တိတ် ငွေကြေးကောက်ခံရ၏။ ဗိုလ်ချုပ်တို့ တပ်ပေါင်းစု ဖွဲ့စည်းထားသော ဗမာ့ ထွက်ရပ်ဂိုဏ်းမှ ဂျပန်ကို လိုလားသော ဒေါက်တာ သိန်းမောင် တို့ သိရှိသွားပြီ (သူဟာ ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း တည်ထောင်သူဖြစ်တယ်) ၄င်းတို့က အမွိုင်တွင် လျှို့ဝှက် နေထိုင်နေသော လိပ်စာကို ဂျပန်များအား ပေးလိုက်ရာက ဂျပန်များက ဗိုလ်ချုပ်တို့ကို ရှာဖွေခေါ်ဆောင်ပြီး ကာနယ်ဆူဇူကီး(နောင်တွင် ဗိုလ်မိုးကြိုး) တို့လက်သို့ ရောက်ရှိသွားခြင်းဖြစ်သည်။



ဗိုလ်ချုပ်ဟာ ဂျပန်တို့ကို ယုံကြည်ရလောက်အောင် ရိုးအသူမဟုတ်ပါ။ ဂျပန်ကို မယုံကြည်ပါ။ ဂျပန်များက တရုတ်ပြည်မကြီးကို အတိအလင်း အင်အားကြီးစွာ ဖြင့် ကျူးကျော်တိုက်ခိုက်နေပြီကို မြင်တွေ့နေရပြီ ဖြစ်သည်။ ဗမာပြည်ကိုလည်း နောင် ဂျပန်တို့ ကျူးကျော်သိမ်းပိုက်လိမ့်မယ်လို့ မသဲမကွဲ ယူဆထားသည်ဟု နောက်ပိုင်း ဗိုလ်ချုပ်ရေးတဲ့ စာတန်းများ အရလည်း သိရပါတယ်။ သူသည် ဖြစ်ပေါ်လာသော လက်တွေ့အရ မလွဲသာလို့ ဂျပန်နဲ့ ပေါင်းလိုက်ရခြင်း ဖြစ်ဟန်ရှိပါသည်။ ဂျပန်တို့ထံမှ ရသမျှ အကူအညီကို လက်ခံပြီး နောက် လက်တွေ့ ဖြစ်ပေါ်လာမှု အပေါ်မှာကြည့်ပြီး တော်သင့်သလို ပြုမူလှုပ်ရှားဆောင်ရွက်သွားမည်ဟု သိပ်မရေရာသော ဆုံးဖြတ်ချက်အား ချလိုက်ရဟန်တူပါသည်။


BIA တပ်ကြီး ဖွဲ့ပြီ

၆ လက်မ ရှည်သော ဓားမြှောင်ပင် ကိုင်ခွင့်မရခဲ့သည့် မြန်မာအမျိုးသားတို့ အဖို့ လက်နက်ကိုင် တပ်တစ်တပ် ဖွဲ့စည်းတည်ဆောက်ရန်မှာ ထိုစဉ် (၁၉၄၁ခုနှစ်) က စဉ်းစားမရလောက်အောင် ခက်ခဲရလောက်အောင် ပြဿနာ ကြီး တစ်ရပ်ဖြစ်၏။ ထိုရာဇ၀င်သစ်ကို ရေးသားရန် တာဝန် ကျွန်တော်တို့ခေတ်တွင် ကျရောက်နေပါပြီ။ ၁၉၄၁ မေလလောက်က ဟိုင်နန်ကျွန်းတွင် စစ်သင်တန်း စပြီး တစ်ပတ်အကြာ လေ့ကျင့်ရေးအတွက် ကိုယ်ပိုင် လက်နက် ရိုင်ဖယ်များကို ဂျပန်ဆရာများက အခမ်းအနားဖြင့် ပေးအပ်ခဲ့ပါသည်။ ကျွန်တော်တို့ လက်နက်စကိုင် ရသောနေ့ ပင်ဖြစ်ပါသည်။ ၀မ်းမြောက်မှုဖြင့် စိတ်လှုပ်ရှားစွာ လက်ခံယူခဲ့သည်ကို မှတ်မိနေပေသည်။ "ဤလက်နက်ဖြင့် နယ်ချဲ့စနစ်ကြီးကို တိုက်ရဖို့သာလျှင် မဟုတ်လော၊ ဤလက်နက်သည် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်လပ်ရေး လက်နက်ကိုင် တိုက်ပွဲအတွက် မျိုးစေ့ပင်မဟုတ်လော'' ဟု ရေးသားခဲ့ပါသည်။ ကျွန်တော်တို့သည် ဗမာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရန် လက်မောင်းသွေးဖောက်၍ သစ္စာရေ သောက်ခဲ့ ကြသည်။ လွတ်လပ်ရေး ရသည်အထိ ဆုံးခန်းတိုင် တိုက်ပွဲဝင်သွားမယ်ဟု သစ္စာအဓိဌာန်ပြုခဲ့ကြသည်။ ကျွန်တော့်မှာ များစွာ စိတ်လှုပ်ရှား ကြည်နူးမိပါသည်။ ကျွန်တော်တို့သည် နယ်ချဲ့ကို တိုက်ရေးအတွက် စစ်ပညာလည်း ရရှိခဲ့ကြပြီ။ လက်နက်များလည်း ကိုင်ကြရပြီ။ နောက်ဆုံး ကျွန်တော်တို့ လိုလားချက်ကြီးဖြစ်သော လက်နက်ကိုင်တပ်မတော် ကြီးကို ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်ရာ များစွာ စိတ်ကြည်နူး ခံစားရပါသည်။ မြန်မာဘုရင်များလက်ထက်မှ ကိုလိုနီဖြစ်ခဲ့ရ သော နှစ်ပေါင်း (၁၀၀) ခန့်အတွင်း အဆက်ပြတ် နေခဲ့သည့် မြန်မာ့အမျိုးသား တပ်မတော်ကြီးကို တည်ထောင် နိုင်ခဲ့ပြီ။ ကျွန်တော်တို့၏ လွတ်လပ်ရေးတိုက်ပွဲ နောက်ဆုံးအောင်ပွဲအတွက် လက်နက်ကိုင် တပ်ကြီးကို ထူထောင် မိကြပြီး မကြာမီ အောင်ပွဲရလိမ့်မည်ဟု မျှော်မှန်းကာ များစွာ ကြည်နူး အားတက်မိကြပါသည်။ ထို အခမ်းအနားတွင် တက်ရောက်ကြသော စစ်သားသစ် ပရိသတ်များထဲမှ တချို့မှာ သောက်ကြစားကြ ကကြခုန်ကြ အလွန်ပျော်ရွှင်ကြပါသည်။ လူအုပ်တစ်အုပ်သည် ဗိုလ်ချုပ်အောင်ဆန်းအား ၀ိုင်း၍ ထမ်းကြပြီး ကကြ ခုန်ကြသည်။ မြှောက်လိုက် ချလိုက် လုပ်နေကြသည်။ ဗိုလ်ချုပ်မှာလည်း လူအုပ်ကြီးပေါ်တွင် မြောက်လိုက် ကြလိုက် ဖြစ်နေပါတော့သည်။

အာဇာနည်နေ့ ဂုဏ်ပြု အစီအစဉ်

ဆရာကြီး ပါမောက္ခ ဒေါက်တာသန်းထွန်းက မအအောင်လို့ သမိုင်းသင်ရတယ်လို့ ပြောပါတယ်။ နအဖက ကျွန်တော်တို့ တမျိုးသားလုံးကို အ အောင်၊ နုံ အောင် သမိုင်းကို ဖျောက်ဖျက်ထားပါတယ်။ စစ်အုပ်စုကြောင့် အရှေ့တောင် အာရှနိုင်ငံတွေမှာ ကျွန်တော်တို့ မြန်မာနိုင်ငံကြီးဟာ တဖြေးဖြေး အောက်တန်း နောက်တန်းကို ရောက်ရှိနေပြီ ဖြစ်လို့ မျိုးချစ်စိတ်ရှိသူ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံး သမိုင်း ဖြစ်စဉ် အမှန်ကို ဖော်ထုတ်ရင်း အာဇာနည်နေ့ကို ဂုဏ်ပြု ကြိုဆိုကြပါစို့။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကို ဂုဏ်ပြုထားတဲ့ မျိုးချစ် တပ်မတော် အရာရှိ တစ်ဦးပေးပို့လာတဲ့ ဂုဏ်ပြုဆောင်းပါးကို ကျွန်တော် ကိုဖိုးတရုတ်က စီစဉ် တင်ပြလိုက်ပါတယ်။

ကျွန်တော် ချစ်ခင်ကြည်ညိုလေးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် တပ်ထဲ မ၀င်ခင်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းရဲ့ နေထိုင်ပုံ စရိုက်နဲ့ စိတ်နေသဘောထားများကို သမိုင်းဝင်စာအုပ်စာတမ်းများမှ ဖတ်ရှုလေ့လာခွင့်ရတဲ့ အတွက်လည်းကောင်း၊ ဗိုလ်ချုပ်ပြတိုက်ကို သွားရောက် ကြည့်ရှုရမှာ လည်းကောင်း ဗိုလ်ချုပ်အောင်ဆန်းကို လေးစားဂုဏ်ယူမိပါတယ်။ တပ်ထဲဝင်ရောက်ပြန်တော့ လည်း တပ်မတော်သားတစ်ဦးရဲ့ ခက်ခဲကြမ်းတမ်းပုံ ကြုံတွေ့ရတာမို့ ဗိုလ်ချုပ်တို့ရဲ့ လွတ်လပ်ရေးရဖို့ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲရာမှာ ကျွန်တော်တို့ထက် ပိုမို ကြီးမားနိုင်တာကို တွေးတော မိရင်း ဗိုလ်ချုပ် အား တပ်မတော်ရဲ့ ဖခင် အရင်း တစ်ယောက်သဖွယ် ချစ်ခင်ကြည်ညိုလို့ မဆုံးဖြစ်မိပါတယ်။ ဒါကြောင့် ဗိုလ်ချုပ် နဲ့ ပတ်သက်လို့ သူရဲ့ အံ့မခန်းဖွယ် စည်းလုံးညီညွတ်မှု ရယူနိုင်တဲ့ အစွမ်းသတ္တိတွေကို ဖြစ်စဉ်များနဲ့ တကွ ဖော် ထုတ်ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါတယ်။ ဗိုလ်ချုပ် ရဲ့ စည်းလုံးညီညွတ်မှု ရယူတည်ဆောက်ပေးခဲ့တဲ့ ပထမဖြစ်စဉ် ကတော့ ရဲဘော် သုံးကျိပ်ဝင် ခရီးစဉ်ဖြစ်ပါတယ်။ သခင်ကိုယ်တော်မှိုင်းဦးစီးတဲ့ ပါတီမှ ၂၁ဦး၊ သခင်ဘစိန် သခင်ထွန်းအုပ်တို့ ဦးစီးတဲ့ ပါတီမှ ၈ ဦး၊ ကြားလူတဦး၊ စုစုပေါင်း ၃၀ဦးပါဝင် လေရာ နှစ်ပါတီ စည်းလုံးညီညွတ်ရေး ရယူဖို့ ဗိုလ်ချုပ်စွမ်းဆောင်ခဲ့ပါတယ်။ တဖန် ၁၉၄၆-၄၇ လွတ်လပ်ရေး အကြိုကာလတွင် ပြည်သူ့ရဲဘော်အဖွဲ့နှင့် ဆိုရှယ်လစ် ပါတီတို့အကြား သဘောထားကွဲလွဲနေကြရာမှ ပဋိပက္ခအသွင်သို့ ပြင်းထန် လာခဲ့ရာ အားလုံးက စေ့စပ်လို့ မရတော့ဘဲ အခြေအနေရှိတယ်လို့ စိုးရိမ်နေကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက မေမြို့က အနားယူပြီး ပြန်လာတဲ့အခါ အေးအေးဆေးဆေး တည်ငြိမ်စွာဖြင့် ပြည်သူ့ရဲဘော်နှင့် ဆိုရှယ်လစ် ပါတီတို့ကို စည်းလုံးညီညွတ်မှု ရှိဖို့ ပြတ်သားစွာ ပြောဆို တည်ဆောက်ပေးခဲ့ပါတယ်။ ၁၉၄၇ခု ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ပင်လုံမြို့မှာလည်း ရှမ်းပဒေသရာဇ် စော်ဘွားများကို ဗိုလ်ချုပ်ရဲ့ မေတ္တာစေတနာဖြင့် စည်းရုံးဆောင်ရွက်နိုင်ခဲ့လို့ အင်္ဂလိပ် သံတမန်ကပင် အံ့သြခဲ့ရပါတယ်။ အင်္ဂလိပ်နဲ့ ဂျပန်တို့ကို ဗမာ့တပ်မတော် က လက်နက်ကိုင်တော်လှန်ခဲ့ရာမှာဗိုလ်ချုပ်ရဲ့ ရဲရင့် ပြတ်သားမှုကြောင့် ဗမာ့တပ်မတော်ကို ဖျက်သိမ်း အရေးယူခံရမဲ့ အရေးမှ ကယ်တင်နိုင်ခဲ့ပါတယ်။ ဂျပန်ပြည်ကို ရောက်ခါစ ဗိုလ်ချုပ်ရဲ့ တည်ငြိမ်ခိုင်မာတဲ့ အကျင့်စာရိတ္တကြောင့် ဂျပန်ဗိုလ်ချုပ်များကပင် လေးစားခဲ့ရပြီး ၁၉၄၅ ခုနှစ် မြန်မာပြည်သို့ ပြန်ဝင်လာတဲ့ ဗြိတိသျှအမှတ်(၁၄)တပ်မတော် တပ်မှူးကြီး ဗိုလ်ချုပ် ဆလင်းက မိတ္ထီလာမှာ ဗိုလ်ချုပ်နဲ့ တွေ့စဉ် ဗိုလ်ချုပ်ရဲ့ ပြတ်သားတဲ့ စကားကြောင့် အံ့သြလေးစားခဲ့ပါတယ်။ အလားတူ အင်္ဂလိပ်ဗိုလ်ချုပ်လူဝီမောင့်ဘတ်တန် ကလည်း ဗိုလ်ချုပ်အား သစ္စာဖောက်လို့ စွပ်စွဲနေကြတဲ့ အင်္ဂလိပ်များရဲ့ တင်ပြချက်ကို လက်မခံဘဲ ဗိုလ်ချုပ်နဲ့ ဆက်လက် လက်တွဲကာ ဗမာ့တပ်မတော် တရားဝင် ဖွဲ့စည်းခွင့် ရရှိခဲ့ပါတယ်။ နိုင်ငံခြားသားစာရေးဆရာကြီး တစ်ဦးက မြန်မာနိုင်ငံတော်ကို စည်းလုံးညီညွတ်မှု အကောင်းဆုံးဖြစ်အောင် လုပ်နိုင်တဲ့ ပုဂ္ဂိုလ် (၂) ဦးသာ ရှိတဲ့အနက် တစ်ဦးမှာ ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပါကြောင်း ဂုဏ်ပြုမှတ်တမ်းတင်ထားတာကို တင်ပြရင်းနဲ့ ဗိုလ်ချုပ်အား ဦးညွတ်အလေးပြုရင်း ဂုဏ်ပြုလိုက်ရပါတယ်။


တချက်လေးသာ ညီညွတ်ပါ

19th July 2008


ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းရှိ အုဌ်ရိုးနီနီ ထုထည်ကြီးကြီး ထည်ဝါပြီးခန့်ငြားတဲ့ အတွင်းဝန် ရုံးကြီးဟာ ၁၉၄၇-ခုနှစ် ဇူလိုင်လရဲ့ မိုးဖွဲဖွဲအောက်ဝယ် အထင်းသား..။ ရုံးချိန်အတွင်းဖြစ်လေတော့ သက်ဝင်လှုပ်ရှားလျှက်..။ အထူးသဖြင့်တော့ လွတ်လပ်ရေး..၊ ဟုတ်တယ်.. ဗမာပြည်လွတ်လပ် ရေးအတွက် သူတို့တတွေ တိုင်ပင်ညှိနှိုင်းနေကြ.. ဆွေးနွေးနေကြတာဖြစ်လို့ သူတို့နှလုံးသားများ သည် ပိုမို လှုပ်ရှားလျှက်ရှိမည်မှာ ဧကန်ပင်..။ မကြာတော့တဲ့ အနာဂတ်တွင်…

အတွင်းဝန်ရုံးထဲက ဂငယ်ပုံ စားပွဲကြီးထိပ်မှာတော့ ဘန်ကောက်လုံချည်၊ ပိုးသားပျော့ ရင်ဖုံး၊ ပန်းနုရောင် ခေါင်းပေါင်းနဲ့
ထိုင်နေသူတစ်ယောက်..။ သူကား အခြားမဟုတ်..၊ စကားကို တစ်တစ်ခွခွ.. အားရပါးရပြောတတ်တဲ့ဗိုလ်ချုပ်အောင်ဆန်း
-လို့ ပြည်သူတွေ သိထားကြတဲ့ သခင် အောင်ဆန်း..။

လက်ဝဲဘက်မှာတော့ သခင်မြ..၊ ဦးဘ၀င်း.. စတဲ့ ၀န်ကြီးတွေ..။ လက်ယာဘက်မှာတော့ ၀န်ကြီး ဦးဘဂျမ်း..၊ ပျော်ဘွယ် ဦးမြ စသူတို့က ထိုင်လျှက်..။ အချို့ကား တိုင်းပြည်အတွက် တာဝန်နဲ့ ခရီးထွက်နေကြရတဲ့အတွက် ရုံးမတက်ရောက်နိုင်..။ သို့တစေ တိုင်းပြည် လွတ်လပ်ရေး.. ဆိုတဲ့ ခေါင်းစီးအောက်မှာ တစိတ်ထဲရှိကြသဖြင့် အကြောင်းမဟုတ်..။ ဒါ့ကြောင့် လုပ်စရာကိစ္စ တွေကို ဆက်လက်လုပ်ကိုင်ကြသည်..။

အစည်းအဝေးတွင် အတွင်းဝန် ဦးအုန်းမောင်ကား ဌာနတွင်းအစီရင်ခံစာကို ဖတ်ပြ တင် သွင်းနေသည်..။ အချိန်ကား ၁၀း ၃၅ မိနစ်ခန့်..။ မထင်မှတ်ပဲ အစည်းအဝေးခန်းမထဲသို့ စစ်သား လေးယောက် လက်နက်ကိုယ်စီနဲ့ စားပွဲထိပ်တွင် ထိုင်နေသည့် ဗိုလ်ချုပ်ဆီဦးတည်ဝင်လာသည်..။ အမှန်မှာ အစည်းအဝေးခန်းမတွင်းသို့ မည်သူမှ လက်နက်ကိုင်ဆောင်ခွင့်မရှိ..။

ထို့ကြောင့် ဗိုလ်ချုပ် အောင်ဆန်း-က ထ၍တားမည်အပြု..။ စကားသံပင် မသဲကွဲလိုက်..။ “ပစ်” ဆိုတဲ့ အမိန့်နဲ့အတူ..။ ရုံးခန်းတခုလုံး ရုတ်သဲသဲဖြစ်ကာ.. ယမ်းငွေ့.. ယမ်းနံ့.. သွေးညှီနဲ့တို့ ဖြင့် လွှမ်းမိုးသွားလေတော့သည်..။ ဗိုလ်ချုပ်ကား ထိုင်နေသော ခုံမှ ကျသွားသည်..။ ဗိုလ်ချုပ် ထိုင်သည့် ထိုင်ခုံမှ ကဒေါင်းလည်း ကျည်ထိသဖြင့် ပဲ့ထွက်သွားသည်..။ အားလုံး သွေးအိုင်ထဲတွင် မြင်မကောင်းရှုမသာ..။ လုံခြုံရေးတာဝန်ကျ ရဲဘော်ကိုထွေး-လဲ သေနတ်သံကြားသဖြင့် ပြေးတက် လာရာ.. လမ်းမှာတင် ခွေကျသွားရှာသည်..။ မိနစ်ပိုင်းလေးအတွင်းမှာပင်.. အခြေအနေတွေက မယုံကြည်နိုင်စရာ..။

အဆုံးမှာတော့ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဝင်း၊ မန်းဘခိုင်၊ စပ်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ် ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေး တို့ ကျဆုံးခဲ့ရသည်..။ ၁၉၄၇-ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်၊ နံနက် ၁၀း ၃၇ မိနစ်အချိန်..။ ဗမာတပြည်လုံး ကြိမ်မီးအုံး ဖြစ်ခဲ့ရသည်..။ ထို့ကြောင့် ၁၉၄၈-ခုနှစ်၊ ဇန်န၀ါရီလ (၄) ရက်နေ့ ဗမာပြည်လွတ်လပ်ရေးရပြီးသည့်အချိန်မှစပြီး ဇူလိုင်လ (၁၉) ရက်ကို “အာဇာနည်နေ့” အဖြစ် အသိအမှတ်ပြုကာ ကျင်းပခဲ့ကြသည်..။

ဗိုလ်ချုပ်တို့လိုမျိုး ပထမတန်းစားခေါင်းဆောင်တွေ ကျဆုံးခဲ့ရလို့ ဦးနု-တို့လိုမျိုး ဒုတိယ တန်းစား ခေါင်းဆောင်တွေနဲ့ တိုင်းပြည်ကိုလည်ပတ်ရတဲ့အခါ ၀င်သင့်တဲ့ နိုင်ငံတကာ အသိုင်း အ၀ိုင်းသို့ မ၀င်ခြင်း.. (ဓနသဟာယအဖွဲ့မ၀င်ခြင်းကို ဆိုလိုပါသည်။)၊ တိုင်းရင်းသားအရေးကို မှန်ကန်စွာ မဖြေရှင်းပေးနိုင်သဖြင့် ပြည်တွင်းစစ်ကို အဆုံးမသတ်နိုင်ခြင်း..၊ ၁၉၅၈-ခုနှစ်တွင် ပါလီမန်အတွင်းမှာ အတိုက်အခံတွေ တားမြစ်နေတဲ့ကြားက ဥပဒေကိုပြင်ကာ တိုင်းပြည်ကို စစ်တပ်အတွင်း ထိုးအပ်ခြင်း.. စတဲ့ ပြင်လို့မရတဲ့ အမှားတွေကို ကျူးလွန်ခဲ့ပါတယ်..။

အကျိုးဆက်ကတော့ အမျိုးသားဖက်ဆစ် စစ်အာဏာရှင်တို့၏ လက်ထဲသို့ တိုင်းပြည်ကျ ရောက်ကာ သယံဇာတ ပေါကြွယ်ဝတဲ့ တိုင်းပြည်မှသည် ကမ္ဘာ့အဆင်းရဲဆုံး..၊ လူ့အခွင့်အရေး အချိုးဖောက်ဆုံး..၊ သတင်းလွတ်လပ်ခွင့် မရှိဆုံး..၊ ဘိန်းအထွက်ဆုံး.. ဆိုတဲ့ဂုဏ်ထူးတွေနဲ့ ပြည့် နှက်နေရခြင်းပါပဲ..။ ဒါ့အပြင် ယနေ့အခါမှာတော့ “အာဇာနည်နေ့” ကို ခန်းနားစွာ ကျင်းပရမဲ့အစား ဖက်ဆစ်ပီသစွာ အာဇာနည်နေ့ကိုပင် ဖျောက်ပစ်နေပါပြီ..။

ပြည်သူတွေလဲ ပင်ပန်းလှပါပြီ..၊ ငတ်လှပါပြီ..။ ဖက်ဆစ်စစ်တပ်ရဲ့ သဘောထားမှန်ကို ပြည်သူပြည်သားတွေရော..၊ ပြည်တွင်းပြည်ပ အတိုက်အခံအင်အားစုတွေရော နားလည်သဘော ပေါက်ကြမယ်-လို့တော့ ထင်ပါတယ်..။
ဒါ့ကြောင့် အတိုက်အခံ အင်အားစုများအနေနဲ့ ညီညွတ်ကြပါ..၊ အာဏာ တနေ့ရနိုး..၊ လွှဲနိုးနဲ့ မျှော်ကိုးမှုတွေကို ရပ်တန်းက ရပ်ကြပါတော့..။ အိန္ဒိယနိုင်ငံမှာ ဂန္ဓီ-က အကြမ်းမဖက်ရေး လမ်းစဉ်ကျင့် သုံးသလို ချန်ဒရာ ဘော့ရှ်-တို့လို ပြတ်သားတဲ့ ခေါင်းဆောင်တွေကြောင့် လွတ်လပ် ရေး ရတယ်-ဆိုတာကိုလဲ မမေ့ကြပါနဲ့..။

တဘက်က ဒေါ်အောင်ဆန်းစုကြည်က အကြမ်းမဖက်ရေးလမ်းစဉ်ကို လျှောက်လှမ်းသလို.. တဘက်ကလည်း လုပ်သင့်လုပ်ထိုက်သည်များကို ပြတ်ပြတ်သားသား လုပ်ကိုင်ဖို့ လိုအပ်ပါတယ်-လို့ အသိပေးတိုက်တွန်းရင်း.. “တချက်လေးသာ ညီညွတ်ပါ” ဆိုတဲ့ ဆောင်းပါးဖြင့် “အာဇာ နည်နေ့” ကို ဂုဏ်ပြု မှတ်တမ်းတင်ပါကြောင်း…

နီသွေး
ဇူလိုင် (၁၈) ရက်၊ ၂၀၀၈
(အာဇည်နည်ခေါင်းဆောင်ကြီးများအား အလေးထားဦးညွတ်ပါ၏)
(၀န်ခံချက်- ဟိုဟိုဒီဒီ ဖတ်ဖူးသမျှလေးတွေကို မှီးကာ ရေးသားခြင်းဖြစ်ပါကြောင်း..)

0 comments: