အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိအကြောင်း ဒါရိုက်တာနှင့် ဟာသသရုပ်ဆောင် ဇာဂနာ က ရုပ်ရှင်ဇာတ်ညွန်းရေးလျှက် ရှိသည်။ မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဖြစ်လာမည့် အမျိုးသား ခေါင်းဆောင်ကြီး၏ ဘဝဇာတ်ကြောင်းကို လူတူဇာတ်ကောင်များနှင့် ရသမွှန်း ရိုက်ကူးမည့် သူ၏ စိတ်ကူးကို ဥရောပ ရုပ်ရှင်သမဂ္ဂက ထုတ်ဝေသူလုပ်ရန် ကမ်းလှမ်းထားသော ကိစ္စ၊ မြန်မာပြည်တွင် ရိုက်ကူးခွင့် ရရှိရေး အတိုက်အခံ လုပ်သွားမည်ဟု ကြေညာချက် အပါအဝင် ထူးထူးကဲကဲလုပ်လိုသည့် သူ့ကို ဝေဖန်သံများ ထွက်နေသည့်အပေါ် ဇာဂနာက ရှင်းလင်း ပြောဆိုသွားသည်။ မဇ္ဈိမမှ ကိုနေသွင်က တယ်လီဖုန်းမှတဆင့် ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ ဗိုလ်ချုပ်အောင်ဆန်း ဇာတ်ညွန်း နောက်ဆုံး ဘယ်အခြေအနေ ရောက်နေပြီလဲ
ဖြေ။ ။ နောက်ဆုံးလို့ ပြောရမှာက ကျနော့်ဟာက အကုန်ပြီးနေပြီး။ အတ္ထုပ္ပတ္တိလို ရေးတာမဟုတ်ဘူး၊ ရသက နည်းနည်းပါတဲ့အတွက် ကျနော်က လှုပ်ရှားမှုတွေ၊ အက်ရှင် အခန်းလေးတွေ၊ ဝမ်းနည်းစရာ အခန်းလေးတွေ၊ စသဖြင့် အဲဒါလေးတွေကို သမမျှတအောင် ရောနေရလိုသာ ကျနော်က ကြာတာလေ။ ကျနော် ခွဲထားတဲ့အတိုင်း ဆိုရင် Scene အတိုင်းဆိုရင် နံပါတ် (၁) ကနေ နံပါတ် (၁၃၂) အထိ ရှိလုပ်ထားတယ်။ ဒါပေမယ့် ထိပ်ဆုံး Scene နံပါတ် (၁) နဲ့ နောက်ဆုံး (၁၃၂) က အတူတူပဲ ဖြစ်တဲ့အတွက် (၁၃၁) Scene လို့ ပြောလို့ရတယ်။ ဇာတ်ကားရဲ့ ကြာမြင့်ချိန်က (၁၃၁) မိနစ်လို့ ပြောလို့ရတယ်။ (၂) နာရီနဲ့ (၁၁) မိနစ်ကြာမယ်။
မေး။ ။ ထုတ်ဝေသူတွေက ကမ်းလှမ်းလာတယ်ဆိုတော့ အဲဒီအကြောင်း ဘယ်လောက် သိလို့ရမလဲ။
ဖြေ။ ။ ကျနော်ဆီက တိုက်ရိုက် ကမ်းလှမ်းလာတာက (၂) ဖွဲ့ ကမ်းလှမ်းလာပါတယ်။ ပထမတဖွဲ့ကတော့ ဥရောပက ရုပ်ရှင် ထုတ်လုပ်သူတွေ၊ အင်္ဂလန်က ရုပ်ရှင်အဖွဲ့ ဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့က အရင်ကလည်း မြန်မာပြည်နဲ့ ပတ်သက်လို့ ရုပ်ရှင်လုပ်ခဲ့ဖူးတယ်။ Beyond Rangoon ကို သူတို့တွေ လုပ်ခဲ့ဖူးတယ်။ နောက်ပြီးတော့ ဟောလီဝုဒ်က Beckman တို့ Charlie Wilson's War တို့ ရိုက်ခဲ့တဲ့ အဖွဲ့တွေက ကျနော်တို့ကို ကမ်းလှမ်းပါတယ်။ အင်္ဂလိပ်လို သူတို့ကိုပေးနိုင်ဖို့ သူတို့က မေတ္တာရပ်ခံပါတယ်။
မေး။ ။ သူတို့က ဘယ်လို ရိုက်ချင်တာလဲ။
ဖြေ။ ။ သူတို့က ဂန္ဒီဇာတ်ကားကြီး ရိုက်သလို ဗိုလ်ချုပ်အကြောင်းကိုလည်း တခမ်းတနားပေါ့လေ။ သူတို့က မြန်မာပြည် အကြောင်းကိုလည်း တော်တော်သိပါတယ်။ လွန်ခဲ့တဲ့နှစ် (၂ဝ) လောက်ကတည်းက မြန်မာပြည်အကြောင်းကို တော်တော်လေး လေ့လာထားလူတွေ ဖြစ်တယ်။ မြန်မာစကားလည်း နည်းနည်း ပြောတတ်တယ်။ နဂိုတည်း ဒီအကြောင်းကို စိတ်ဝင်စားတယ်။ မြန်မာလူမျိုးထဲက တယောက်ကမှ ထပြီးမလုပ်ကြသေးတဲ့ အတွက် စောင့်နေရတဲ့သဘော သူတို့ ကျနော့်ကို ပြောပါတယ်။ ဒီညနေကို သူတို့နဲ့ ကျနော် တွေ့စရာ ရှိပါတယ်။
မေး။ ။ ဒါဖြင့် ဇာတ်ဆောင်တွေက ဘယ်လိုဖြစ်မလဲ၊
ဖြေ။ ။ ကျနော်ကတော့ ကျနော် ဖြစ်စေချင်တဲ့အတိုင်း ချရေးထားပါတယ်။ အဲဒီအတိုင်းပဲ ကျနော်ကတော့ သူတို့ကို နည်းနည်းတော့ ခေါင်းမာမာနဲ့ ငြင်းရမယ်။ တစ်ကတော့ ကျနော်တို့ ဗိုလ်ချုပ်ကတော့ ဗမာလူမျိုးပဲ ဖြစ်ရမယ်။ အညာသားပဲ ဖြစ်ရမယ်။ ကျနော်ကတော့ ဒီလိုပဲ စိတ်ထဲမှာ သတ်မှတ်ထားတယ်။ ဆရာ သိန်းဖေမြင့်တို့လို၊ ဦးကျော်ငြိမ်းတို့လို၊ ဦးနုတို့လို အနီးစပ်ဆုံးတူတဲ့ ဗမာလူမျိုးတွေပဲ ကျနော်က ရွေးချင်တယ်။ ဦးနုဆိုလည်း မြစ်ဝကျွန်းပေါ်သားပဲ ကျနော်က ဖြစ်စေချင်တယ်။ ဆရာသိန်းဖေမြင့်ဆိုလည်း အညာသားပဲ ဖြစ်ချင်တယ်။ အဲလို တယောက်ချင်းစီရဲ့ character တွေကို ထုတ်ထားပြီး ကျနော် သူတို့ကို ပေးမှာပါ။ အဓိကပါတဲ့ လူတွေမှန်သမျှ ဥပမာ သခင်ဗစိန်ဆိုရင် သခင်ဗစိန် ရုပ်မျိုးပဲ ဖြစ်ရမယ်။ ကိုအုန်းဆို ကိုအုန်းရုပ်ကို ကျနော်ပြတယ်။ သခင်ဗစိန်ရဲ့ ဓာတ်ပုံကို ကျနော်ပြတယ်။ အဲလို တူတဲ့လူတွေ ရုပ်ရှင်နယ်ထဲမှာ ရှိရင် ခေါ်သုံးမယ်။ မရှိရင် အပြင်ကနေ လုံးဝ မျက်နှာသစ်တွေကို ခေါ်သုံးမယ်။
မေး။ ။ ဒီဇာတ်ညွန်းလေး ရေးဖြစ်သွားတဲ့ စေတနာကို ပြောပါဦး။
ဖြေ။ ။ အဲဒီ ဥစ္စာကတော့ ကျနော်လျာပြီးသား။ ဇာတ်ညွန်းရေးဖို့ ဆိုတာထက် ကျနော်တို့နိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်လို့ ပြစရာ လောက်လောက်လားလား ဘာမှ မရှိဘူး။ သူများနိုင်ငံမှာ ကြည့်လိုက်လို့  ရှိရင် ဂန္ဒီဆိုရင် ဟော်လီးဝုဒ်က လာရိုက်သွားပြီး ကောင်းလိုက်တဲ့ကား။ ကျနော် နောက်တကား ကြည့်ရတယ်။ ချန္ဒရာဘို့စ်ကို ကြည့်ရတဲ့အခါကျတော့ ဂန္ဒီတို့ ချန္ဒရာဘို့စ်တို့တောင် ကြည့်ရတယ်။ ဘာလို့  ဗိုလ်ချုပ်အောင်ဆန်း အကြောင်း မကြည့်ရလဲ ဆိုတဲ့အခါကျတော့ အဲဒီ Feeling ဝင်ပြီး၊ အဲဒီ ချန္ဒရာဘို့စ် ဇာတ်ကား ကြည့်ပြီးတဲ့အခါကျတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တာတွေ စုဆောင်နေတဲ့အခါမှာ ကျနော့် သူငယ်ချင်းတွေကလည်း ဝိုင်းအားပေးကြတယ်။ ဖြစ်အောင်ရေးကွာ ဆိုတော့။ ကျနော် လုံးလုံးလျားလျားကို ပစ်ပြီး ရေးတယ်။ ဒါပေမယ့် ဇာတ်ညွန်းဆိုတော့ ခက်တယ်လေ။ ရသ ပါနေတဲ့အခါကျတော့ တချို့ဟာလေးတွေမှာ ထိုးဇာတ်လေးတွေ လုပ်ရတာတွေလည်း ရှိတာပေါ့။ တကယ် အဲဒီစကားလုံးကို သမိုင်းမှာ ဗိုလ်ချုပ်တို့က ပြောချင်မှ ပြောခဲ့ဖူးမှာ။ ဒါမျိုးတွေကျတော့ ဇာတ်လမ်းဖြစ်အောင် ကျနော်တို့ လုပ်ယူရတယ်။ အဲဒီအခါကျတော့  အချိန်က တအားယူရတယ်။ ဗိုလ်ချုပ်အကြောင်း လေ့လာပြီးတော့ အသေးစိတ် အချက်အလက် စုဆောင်းနေရတာက တနှစ်လောက် အချိန်ယူပြီးတော့ တကယ် ချရေးတာကကျတော့ မကြာဘူး။ ဒါပေမယ့် စုဆောင်းနေတာတော့ ကြာတယ်။ ဘေးက ဝိုင်းပံ့ပိုးတယ်။ ကျနော့် သူငယ်ချင်းတွေ။
မေး။ ။ အင်္ဂလိပ်လိုရေးနေတာက ဘယ်လောက်ပြီပြီလဲ။ ရုပ်ရှင်အနေနဲ့ မြင်ရဖို့ ခန့်မှန်းခြေ ဘယ်လောက်ကြာဦးမလဲ။
ဖြေ။ ။ ကျနော်တို့ ဒီနေ့ညနေ တွေ့လို့ ဆွေးနွေးတာ အောင်မြင်သွားရင် ဒါဟာ တနှစ်အတွင်း အကောင်အထည် ဖော်ဖြစ်သွားမှာပဲ။ ဒီနှစ် တနှစ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဘက်က ဇာတ်ညွန်း (အင်္ဂလိပ်)လို ပြီးပြီးသား။ ကျနော် စရေးကတည်းက ကျနော့်မိတ်ဆွေ Vicky Bowman ကနေ သူဘာသာပြန် ထားပေးပြီးသား ဖြစ်တဲ့အတွက် ကျနော့်ဟာတွေအကုန်လုံး Draft (အကြမ်း) က ပြီးပြီးသား။
မေး။ ။ ဒီဇာတ်ကားကို စပြီး ဇာတ်ညွန်းရေးတဲ့ အချိန်မှာ ကိုယ်ပဲ ဇာတ်ညွန်းရေး၊ ကိုယ်ပဲ ဒါရိုက်တာ လုပ်ဖို့  အိပ်မက်ရှိဖူးလား။
ဖြေ။ ။ ကျနော် လုပ်ချင်တာပေါ့။ ဒါပေမယ့် အခုချိန်မှာ ကျနော်တို့က ဗိုလ်ချုပ်ကိုသာ အဓိက ထားရမှာပေါ့။ ကျနော့်ကိုယ်ကျနော် အဓိက မထားရတော့ဘူးလေ။ ဗိုလ်ချုပ် ရုပ်ရှင်ဇာတ်ကားကြီး အောင်အောင်မြင်မြင်နဲ့  မှန်မှန်ကန်ကန် ပီပီပြင်ပြင် ဖြစ်သွားဖို့ကို ဦးစားပေးရမှာကိုး။ ဇာဂနာ ဆိုတာကို ဦးစားမပေးသင့်ဘူး။ လုပ်တော့ လုပ်ချင်တာပေါ့။ ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်ကိစ္စကျတော့ မြန်မာပြည် တပြည်တည်းမှာ တော်ရိရော်ရိ တညင်က ဇီးသီးတော့လောက်မှာ သေနတ် (၂) လက်လောက်နဲ့ ဗိုလ်ချုပ်အကြောင်းရိုက်ရင် တော်တော် ကျက်သရေ တော်တော်တုံးမှာပဲ။ အခု ဗမာကားတွေ ရိုက်နေသလိုပေါ့။ ကျနော်တို့က အင်္ဂလန်လည်း သွားရဦးမယ်။ စစ်ပညာသင်ဖို့ အတွက်လည်း အမွိုင်ကိုလည်း သွားရဦးမယ်။ တရုတ်ပြည်လည်း သွားရဦးမယ်။ ဗမာပြည် စစ်မြေပြင်မှာလည်း တောက်လျှောက် တိုက်ရဦးမယ်။ ဆိုတော့ တော်တော် ခမ်းခမ်းနားနား ရိုက်မှ ဖြစ်မယ်။ ဗိုလ်ချုပ်က ဂန္ဒီထက်စာရင် အများကြီး လှုပ်ရှားမှု ရှိတယ်။ လက်နက်ကိုင် တိုက်လာတဲ့ပွဲတွေ။ တောထဲမှာ ပြန်တိုက်လာတာတွေ ရှိတာကိုး၊ အဲဒါတွေပြဖို့ မြန်မာပြည်ထဲမှာ ရှိတဲ့ မီးကျိုးမောင်းပျက် သေနတ် အစုတ်အပြတ်လေးနဲ့။ လူလေး လေးငါးခြောက်ယောက်လောက်နဲ့ ဆင်မရှိ၊ မြင်းမရှိတဲ့ တိုင်းပြည်မှာ ဘယ်လို လုပ်မှ ဖြစ်မှာမဟုတ်ဘူးလေ။ ငွေပင်ငွေရင်းရှိတဲ့ လူနဲ့မှ ဖြစ်မယ်လေ။ ဟောလီဝုဒ်တို့လို ဥရောပ ရုပ်ရှင်သမဂ္ဂကနေ ကမ်းလှမ်းလာတဲ့ အခါကျတော့ ကျနော်တို့က သူတို့နဲ့ ပူးပေါင်းပြီး လုပ်မှသာ ထည်ထည်ဝါဝါ၊ ခမ်းခမ်းနားနား ပေါ်ပေါက်လာလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်တယ်။ သူတို့ကို ပေးလိုက်ရမှာပဲ။ ပေးတဲ့အခါကျတော့ ကျနော်နာမည်တော့ ပါမှာပေါ့လေ။ ဒါရိုက်တာ မလုပ်ရတာ တခုပဲ။ ဒါပေမယ့် ဒါရိုက်တာမလုပ်ရလည်း ပြဿနာမဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ကျနော်တို့  သက်တမ်းမှာ ပေါ်ထွန်းသွားခဲ့တယ် ဆိုတာကို ကျနော်တို့ ဂုဏ်ယူရမှာပေါ့။
မေး။ ဒါဖြင့် ဖြစ်လာနိုင်တဲ့ အလားအလာတွေ အများကြီး မြင်နေရပါတယ်။ ဒီဇာတ်ညွန်းနဲ့ ပတ်သက်လို့ တော်တော်များများလည်း ဝမ်းပမ်းတသာနဲ့ ဝိုင်းပြီး အားပေးကြသံတွေလည်း ကြားပါတယ်။ တခြားတဖက်က ပြောင်းပြန် ဝေဖန်သံတွေရော ကြားမိသလား။
ဖြေ။ ။ ကြားပါတယ်။ ကျနော်တို့ကို တိုက်ရိုက်လည်း ပြောတယ်။ တချို့က ထင်နေတာပေါ့။ ဇာဂနာဆိုတဲ့ လူတယောက် ရေးတယ် ဆိုတဲ့အခါကျတော့ ဟာသဇာတ် ဖြစ်သွားမယ်လို့ ဘာတို့။ ဒါလည်း သူတို့ စိုးရိမ်တာ စိုးရိမ်ပါစေ။ ဒါပေမယ့် ကျနော်ရေးတဲ့ ဇာတ်ညွန်းတွေမှာ ဘယ်ဟာက ဟာသ ရေးရမလဲ။ ဘယ်ဟာက ရီရယ်လစ်ဇင်ကို ရေးရမလဲ ဆိုတာကို ကျနော်တို့က သိပါတယ်။ ဟာသ လိုတဲ့နေရာမှာ ဟာသ ထည့်ရမှာပေါ့လေ။ ဥပမာ ဗိုလ်ချုပ်က ဒေါ်ခင်ကြည်ကို သွားပိုးတဲ့အခန်း။ အဲဒါ ဟာသ ဖြစ်နေတာပဲ။ ဆရာ ဦးမြင့်စိုးရဲ့ စာအုပ်ထဲ ပါနေတာပဲ။ ဒါမျိုးတွေကို ကျနော်တို့က ဘွားကနဲ့ ကျတဲ့ဟာသကျတော့ ထည့်လိုက်ရမှာပဲ။ နောက်တခုက ဗိုလ်ချုပ်က တိုင်းပြည်ထဲက ထွက်ပြေးတဲ့အခါကျတော့ သင်္ဘောအတက်မှာ ဘာလုပ်ရမှန်း မသိတဲ့အခါကျတော့ စစ်ပုလိပ်တွေက ဝင်ရှာတာနဲ့ ဘေးနားက တရုတ်မကြီးဆီက ကလေးကို ကောက်ချီလိုက်တယ်။ အဲဒီကလေးက သူ့ကိုခွပြီး သေးတွေ ပန်းသွားတာ တကိုယ်လုံး သေးတွေရွဲသွားတဲ့ အခန်းက ဒါဟာသ ဖြစ်တာပေါ့။ ဒါက သဘာဝက ဖြစ်တဲ့ဟာသ။ ဒါမျိုးတော့ ပါမှာပဲ။ တမင်တကာ လုပ်ယူတဲ့ ဟာသဆိုတာတော့ ပါမှာမဟုတ်ပါဘူး။ တချို့ကျတော့ ဒီကောင်တွေ အလကားပါ။ ဆင်ခေါင်း တက်ကိုင်တယ်ဆိုပြီး ကျနော်တို့ကို ပြောကြတယ်။ ဖြစ်နိုင်ပါမလားပေါ့။ မြန်မာပြည် စစ်မြေပြင်ကြီး ဘယ်လို ပြန်ဖန်တီးမလဲပေါ့။ စစ်တောင်းတံတား တိုက်ပွဲ။ မဖြစ်နိုင်ဘူးပေါ့။ ကျနော်တို့က မဖြစ်နိုင်တာတွေပဲ ပြောပြီး ထိုင်နေကြရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ အဲဒီအတွက်ကြောင့် ကျနော်တို့က မေတ္တာ ရပ်ခံလိုက်တယ်။ မဖြစ်နိုင်ဘူးဆိုတာက မလုပ်သေးလို့ မဖြစ်နိုင်သေးတာ။ သွေးဇာတ်ကား ရိုက်တဲ့ ဂျပန်ကြီးက (၉) နှစ်လုံးလုံး ကြိုးစားပြီး (၁၁) နှစ်မြောက်တဲ့အခါမှ ဒီဇာတ်ကားကို ရိုက်ဖြစ်သွားတာ။ (၁၇) နှစ် ပြည့်တဲ့အထိ မြန်မာပြည်မှာ လာပြခွင့် မရသေးဘူး၊ ဘယ်လို လုပ်မလဲ။ ဒါပေမယ့် သွေးဇာတ်ကားကြီးတော့ အောင်မြင်အောင် လုပ်သွားတယ်။ အဲဒီ ဂျပန်ကြီး တယောက်လောက်တောင် ကျနော်တို့ ဗမာတွေက ဇွဲသတ္တိ မရှိကျတော့ဘူးလား။ ဟိုလူကြီးက တယောက်တည်းနဲ့ သွေးဇာတ်ကားကို ရိုက်သွားတာနော်။ ကျနော်တို့ က ဗမာလူမျိုး ဖြစ်ပြီးတော့ ကိုယ့်အမျိုးသား ခေါင်းဆောင်အကြောင်းကို မဖြစ်နိုင်တာတွေပဲ တွေးပြီး ထိုင်နေမယ့်အစား ဖြစ်နိုင်တာလေးတွေ စုပေါင်းပေါင်းပြီး လုပ်လိုက်ကြရင် မကောင်းဘူးလားလို့ ကျနော်က ပြောပါတယ်။ ဒါပေမယ့် ဘယ်လိုနည်းနဲ့ မဆို ကျနော်ကို ဒီကိစ္စနဲ့ ပတ်သက်လို့ အကြံပေးတဲ့လူတွေ အားလုံးကို ကျနော် ကျေးဇူးတင်ပါတယ်။
မေး။ ။ နောက်တခုက သမိုင်းရှုထောင့်ပေါ့။ သမိုင်းပညာရှင်တွေဘက်က တုံ့ပြန်သံတွေရော ကြားရလား။
ဖြေ။။ ကြားပါတယ်။ ကြားပါတယ် မဟုတ်ပါဘူး။ ကျနော် တိုက်ရိုက်လည်း ဆွေးနွေးပြီးပါပြီ။ ထားပါတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိကို စာအုပ်ထုတ်ဖို့ အတွက် ပြင်ဆင်နေကြတယ်။ သခင်တင်မြတို့၊ သခင်လှကွန်းတို့၊ ဗိုလ်ရဲထွဋ်တို့။ သူတို့ စာအုပ်က စာမျက်နှာ (၁၅ဝဝ) ကျော်လောက် ပါပါတယ်။ ရှားပါး ဓာတ်ပုံတွေလည်း ပါပါတယ်။ သူတို့ရေးတဲ့ ဥစ္စာနဲ့ ကျနော်ရေးတဲ့ဥစ္စာ နည်းနည်းတော့ လွဲတာပေါ့ဗျာ။ ကျနော်ရေးတဲ့ဥစ္စာ သူတို့ကို ပြပြီးသားပါ။ လူကြီးတွေကို မှားတယ် ကျနော် မှန်တယ်လို့ ပြောနေတာ မဟုတ်ပါဘူး။ သူတို့က အထုပ္ပတိကို ရေးတာ။ ကျနော်က ရုပ်ရှင်ဇာတ်ညွန်းကို ရေးတာ။ ကျနော် မထည့်ချင်တာကို အခန်းကို ထည့်ကို မထည့်ထားတား။ အတ္ထုပ္ပတ္တိ အနေနဲ့  ဒါပါကို ပါသင့်တယ်။ ကျနော် ဇာတ်လမ်းထဲမှာ ပါဖို့ မလိုတဲ့ဟာတွေ ထည့်ကို မထည့်ထားဘူး။ ရုပ်ရှင်က အကုန်လုံး လိုက်ရေးလို့ မရဘူးပေါ့။ ကျနော်တို့က စိတ်ဝင်စားနိုင်တဲ့ အခန်းတွေပဲ ကျနော်တို့ ရွေးထုတ်ထားတာ ဖြစ်တယ်။ သူတို့ကလည်း ကျနော် ပြပါတယ်။
မေး။ ။ တချို့ အခန်းတွေပေါ့။ ဒဂုံတာရာနဲ့ ပထမဆုံး စတွေ့တဲ့ အခန်းမျိုး၊ ဘယာကျော် ကောက်စားတဲ့ အခန်းမျိုးပေါ့။ အဲဒါတွေရော ပါလား။
ဖြေ။ ။ သိပ်များနေမှာ စိုးလို့လေ။ နောက် ဆရာသိန်းဖေမြင့်ရဲ့ မျက်နှာသုတ်ပုဝါကို အီးအီးပါပြီး ဗိုလ်ချုပ်က ဖင်ဆေးလာတဲ့လက်ကို သုတ်တာတွေလည်း ရှိပါတယ်။ အဲဒါမျိုးတွေတော့ မထည့်ထားဘူး။ မထည့်ထားတဲ့ အကြောင်းရင်းက ကျနော်တို့ ပိုင်းလိုက်တဲ့ အချိန်အရ တက္ကသိုလ် ကျောင်းသားသမဂ္ဂကို ဗိုလ်ချုပ် ရောက်လာတယ်။ နောက် နိုင်ငံရေး လောကကို ရောက်လာတယ်။ တော်လှန်ရေးထဲကို ရောက်ဖို့အတွက် စစ်ပညာသင်ပြီး မြန်မာပြည်ကို ပြန်တိုက်တဲ့အချိန်မှာ ကျနော်တို့ က ဇာတ်ကားရဲ့ တဝက်ကျိုးဖို့ လိုအပ်တဲ့အတွက် တက္ကသိုလ် ကျောင်းသားသမဂ္ဂ အခန်းတွေကို အမြန်ဆုံး။ ၆ scene၊ ၇ scene အတွင်းမှာ ကျောင်းသားသမဂ္ဂကို ဗိုလ်ချုပ် ရောက်သွားဖို့ ပိုနေရတယ်လေ။
မေး။ ။ အဖွင့်အပိတ် scene ကို အာဇာနည်ကုန်းနဲ့ ပြထားတဲ့ ကိစ္စက။
ဖြေ။ ။ ကလေးတွေဆီမှာ ဗိုလ်ချုပ်အောင်ဆန်းက ဘယ်တော့မှ ပျောက်မသွားဘူးဆိုတာ လိုချင်လို့။ အခုခေတ် ကျောင်းသားကလေးတွေက ဘာ music မှ မပါဘဲနဲ့  “ရာဇဝင် အတ္ထုပ္ပတ္တိလည်း ရှိရမယ်” အဲလိုလေး။ အဲဒါလေးနဲ့ စ။ အဲဒါနဲ့ပဲ ဆုံးချင်တာနဲ့။
မေး။ ။ အခု ဘလော့မှာ ဇာတ်ညွန်းတွေ အပိုင်း (၆) ထိပဲ ရှိသေးတယ်။ ထပ်တင်ဖို့ ရှိသေးလား။
ဖြေ။ ။ လောလောဆယ် သူတို့က ခဏ ရပ်ထားပေးပါလို့ ဆိုလို့။ မှန်တော့လည်း မှန်ပါတယ်။ ကျနော်က ရပ်မထားဘူးဆိုရင် သူတို့က အလုပ်နဲ့ ပတ်သက်ပြီး ဆွေးနွေးပြီပေါ့။ တခြား လူတယောက် ကနေပြီးတော့ အဲဒါကို ဒေါင်းလုတ်လုပ်ပြီး အင်္ဂလိပ်လို ပြန်ပြီး ပေးလိုက်ရင် သူတို့ ဂွမ်းသွားမှာပေါ့။ အဲဒါကို ခဏလေး သူတို့နဲ့ ဆွေးနွေးတုန်းမှာ ရပ်ထားပေးပါ ဆိုတော့ ကျနော် ရပ်ထားပေးတယ်။ ဒီနေ့ညနေ ဆွေးနွေးပြီးရင်တော့ တော်တော် အခြေအနေ ရောက်ပါပြီ။
မေး။ ။ နောက်တခု မေးဖို့ ကျန်နေတာက ဒီဇာတ်ကားနဲ့ ပတ်သက်လို့ ပိုးရှိတဲ့ သရုပ်ဆောင်တွေရော ရှိလား။
ဖြေ။ ။ ဒီကိစ္စနဲ့ ပတ်သက်လာရင် တော်တော် များတယ်ဗျ။ ကျနော်တို့က ရွေးရမယ်။ ရှိပြီးသား လူတွေထဲက ကျနော်တို့က မသုံးချင်ဘူး။ အခုက ရှိပြီးသား လူတွေထဲက ဒီကိစ္စနဲ့ ပတ်သက်လို့  လာလာပြီးတော့  ဒီတနက်လုံးပဲ သူတို့တွေ လှမ်းလှမ်းပြောနေတယ်။ ဒီမှာက သတင်း ပေါက်သွားတာကိုး။ အဲန်တီ ဒေါ်ဆွေဇင်ထိုက် တို့ကို ပြောပြလိုက်တဲ့အခါ ကျတော့ (ညနေလည်း သူတို့ပါမှာကိုး) နိုင်ငံခြားက လာတယ်။ သရုပ်ဆောင်ထဲက ရွေးမယ် ဆိုတဲ့အခါကျတော့ သရုပ်ဆောင်ထဲက ပါချင်တဲ့လူတွေက သူတို့ဟိုဟာ ဖြစ်ပါရစေတို့၊ ဒီဟာ ဖြစ်ပါရစေတို့။ လာလုပ်နေလို့။ ကျနော်ကတော့ ရှိပြီးသား သရုပ်ဆောင်တွေကို စိတ်မဝင်စားဘူး။
မေး။ ။ သူက မြန်မာပြည် မြေမှာပဲ ရိုက်မှာပဲလား။
ဖြေ။ ။ လုပ်ရမှာလေ။ သုံးကို သုံးရမယ်။ ကျနော်လည်း အတိုက်အခံ လုပ်မှာပဲ။ ကျနော်တို့ မြန်မာပြည်မြေမှာမှ မရိုက်ရင် ဘယ်မှာ သွားရိုက်မလဲနော့်။
မေး။ ။ ဒီကိစ္စကလည်း ပြဿနာတခု မဖြစ်နိုင်ဘူးလား။
ဖြေ။ ။ ဖြစ်မှာပဲ။ ကျနော်က အရင်ကတည်းက ကြိုတွက်ထားတာ ဖြစ်ဖို့ကို များတယ်။
မေး။ ။ ရုပ်ရှင်ကတော့ ပြီးပါပြီ။ စကားမစပ်ပေါ့ဗျာ။ စက်တင်ဘာ ခံစားချက်လေး အခုရင်ထဲ ဘယ်လိုနေသလဲ။
ဖြေ။ ။ အဲ့ဒါကတော့ ဆရာလွဏ်းဆွေရဲ့ ဘလော့မှာသာ ကြည့်လိုက်ပါတော့ဗျာ။ အဲဒီ ကဗျာတပုဒ် တင်ထားတယ်။ အဲဒါကို ကျနော် ဖတ်ပြမယ်။ အဲဒီကဗျာကတော့ ကျနော်တို့ အနုပညာရှင်တွေ၊ ပြည်သူတွေကို ကိုယ်စားပြုတဲ့ ကဗျာပါပဲ။ ကျနော် ဖတ်ပြမယ်ဗျာ။
စက်တင်ဘာ သုညခွန်
စက်တင်ဘာသွေး
ဒါဟာ ချောက်ချား ကြောက်လန့်အောင်
ဇာတ်လမ်းဇာတ်ကွက် ဆင်ထားတဲ့
ပုံပြင်တပုဒ် မဟုတ်ဘူး
အမှန်တကယ် ဖြစ်ခဲ့ ပျက်ခဲ့တယ်။
အမှန်တကယ်ကို
ဖြစ်ခဲ့ ပျက်ခဲ့တယ်။
ကြားဖူးနားဝထဲမှာ
သင်အံဖူးတဲ့အထဲမှာ
ဖြတ်သန်းလာသမျှထဲမှာ
ဒီစာမျက်နှာရဲ့
သွေးနံ့တွေက အညှီဆုံးပေါ့ …။
သူတို့ဟာ လူတယောက်ကို လက်ယဉ်ယဉ်နဲ့ သတ်နိုင်ဖို့
စနစ်တကျနဲ့ လေ့ကျင့်သင်အံခဲ့ကြတာ၊
သူတို့ဟာ သူတို့အလိုရမ္မက်အတွက်
ကိုယ့်သမိုင်းကို တံတွေးနဲ့ ရေးရဲတာ၊
သူတို့က သူတို့ရောက်နေတဲ့ အရပ်ဟာ
ချိုင့်ဝှမ်းမှန်း တောင်တန်းမှန်း မသိနိုင်လောက်အောင်
အတ္တတွေ ပိန်းပိန်နေခဲ့တာ၊
သူတို့ဟာ လက်တလုံးခြား လှည့်စားတတ်သလိုမျိုး
ဗြောင်လိမ်ဖို့လည်း ၀န်မလေးကြဘူး …
သူတို့ဟာ အံသြစရာကောင်းလောက်အောင်
အနှစ်နှစ်ဆယ်လုံးလုံး လုပ်ဇာတ်ကနိုင်ခဲ့ …။
သားသတ်မုဆိုးရဲ့ ရက်စက်မှုလား
အမဲလိုက်ခွေးတွေရဲ့ စိတ်ဆာလောင်မှုလား
အရိုးရှင်းဆုံး မေတ္တာတံတားတွေပေါ်မှာ
စစ်ဖိနပ်သံတွေ ပြင်းထန်သွားခဲ့ပြီ။
ဆရာတော် ဦးဥတ္တမဟာ
မျက်ရည်ယိုဗုံး ပိန်းပိတ်နေတဲ့ကြားမှာ
နံပါတ်တုတ်နဲ့ ခေါင်းကို အရိုက်မခံခဲ့ရဘူး …
သွေးစိမ်းရှင်ရှင်တွေ ဘုရားရဲ့မြေမှာ မစွန်းပေခဲ့ရဘူး။
ဆရာတော် ဦးဝိစာရဟာ
သေနတ်သံတွေကြားမှာ သင်္ကန်းတဖားဖားနဲ့ မပြေးရရှာဘူး
လက်ပြန်ကြိုးတုတ်ပြီး သေနတ်ဒင်နဲ့ အဆောင့်မခံခဲ့ရဘူး
ဘယ်သူ့လက်ချက်မှန်း မသိဘဲ ရေထဲမှာ အလောင်းမမျောခဲ့ရဘူး။
ဒါဟာ ဘာသာမတူ လူမျိုးမတူသူတွေရဲ့ လက်အောက်
ကျွန်သဘောက် ဖြစ်နေတုန်းကပေါ့…
ဒါဟာ တို့သမိုင်းထဲက ရဟန်းအာဇာနည်တွေပေါ့ …။
ဒါတွေလည်း အမှန်တကယ် ဖြစ်ခဲ့ပျက်ခဲ့တယ် …။
အရိုးသားဆုံး ဓမ္မရှင်တွေဟာ
ဘာအလိုရမ္မက်မှ မပါဘဲ
ဆန္ဒကို ဆန္ဒအတိုင်း
ရိုးရိုးသားသား ဖော်ထုတ်ခဲ့ကြတာ …။
အမွန်မြတ်ဆုံး မေတ္တာဓာတ်တွေဟာ
ဘယ်လို ကိုယ်ကျိုးဖက်မှုမှ မပါဘဲ
သူတို့စွမ်းဆောင်နိုင်သမျှ သူတို့ကယ်တင်ခဲ့ကြတာ …။
အခု
မေတ္တာသုတ် ရွတ်သံတွေကို ယမ်းခိုးတွေနဲ့ မှိုင်းတိုက်လို့ …
ရွှေဝါရောင် သင်္ကန်းတွေကို သွေးရောင်လွှမ်းစေခဲ့ကြ …
အပြစ်မဲ့ ပြည်သူတွေကို အမဲကောင်တွေလို သဘောထားပြီး
ရွှေတိဂုံရင်ပြင်ကို လူသတ်ကုန်းလို သဘောထားရဲကြ …
ဒါတွေဟာ အမှန်တကယ် ဖြစ်ခဲ့ ပျက်ခဲ့တယ်။
အခြေအနေတွေကို မျက်လှည့်ပြလိုက်သလိုမျိုး
တိတိကျကျ ပြောင်းပြန်လှန်ပြလိုက်နိုင်တဲ့
တဖက်ကမ်းခတ်
ကလိန်ဉာဏ်များကလည်း လက်ဖျားခါချင်စရာ …
မီဒီယာနည်းနားကို မီးကုန်ယမ်းကုန် အသုံးချတတ်ပုံများကလည်း သြချစရာ …
သူတို့ဟာ ဟစ်တလာလို
ကြီးကြီးကျယ်ကျယ် လိမ်ခဲ့ပြီး
သူတို့ဟာ နရသူမင်းလို
အာဏာကို ဘာသာနဲ့လည်း လဲရဲတယ် …။
ကြည့်ကြ …!!!
ပါးစပ်က ဘုရားဘုရား ဆိုခဲ့သမျှ …
ကို့ရို့ကားယား နိုင်လွန်းလှတဲ့ လက်တွေလေ၊
ဝါဆိုသင်္ကန်း ကပ်ပြဖူးတဲ့ လက်
ကထိန်သင်္ကန်း ကပ်ပြဖူးတဲ့ လက်
ဆွမ်းဆန်စိမ်းတွေ လောင်းလှူပြခဲ့တဲ့ လက် …
ဘုရားထီးတော်ကို မတန်မရာ တင်ပြဖူးတဲ့ လက်
အဲဒီလက်တွေမှာ …
ဘယ်သံသရာရောက်ရောက် ဖျက်မရနိုင်တဲ့
သွေးတွေနဲ့ …။ ။
http://lawkanat.blogspot.com/
မှကူးယူဖော်ပြပါသည်။
Tuesday, January 15, 2008
ဥရောပထုတ်ဝေသူတွေ ကမ်းလှမ်းတဲ့ ဇာဂနာရဲ့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ အင်တာဗျူး (မဇ္ဈိမမှ)
Posted On Tuesday, January 15, 2008 at at 1/15/2008 01:01:00 PM by moe pyay
Posted in
Labels:
ကဗျာ,
ဗိုလ်ချုပ်
|
0 comments:
Subscribe to:
Post Comments (Atom)