Saturday, January 26, 2008

၂၄.၁၀.၀၇ ည ၈နာရီ အာဏာရူးများ၏ ပြောဆိုချက်အား ချေပချက်

၂၄.၁၀.၀၇ ည ၈နာရီ မြန်မာ့ရုပ်မြင်သံကြားနှင့် မြ၀တီရုပ်သံတို့မှ ထုတ်လွှင့်ခဲ့သော သာသနာရေး ၀န်ကြီးသူရမြင့်မောင် (နံဘေးမှ အကြံပေး ရဟန်းလူထွက် သာသနာဖျက် အံ့မောင်) နှင့် အပေါင်းပါတို့၏ အင်းစိန်ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ အပါအ၀င် ဆရာတော်ကြီး ၁၃-ပါးတို့မျက်မှောက်၌ ဖတ်ပြခဲ့သော ရိုင်းစိုင်းကြမ်းတမ်းလှသည့် (ထောင်ထွက်ကဲ့သို့သော) စကားလုံးများပါဝင်သည့် ထုတ်လွှင့်မှုအပေါ် သံဃာတစ်ရပ်လုံးမှ အယုံအကြည်မရှိ ရှုတ်ချခြင်းနှင့်အတူ ယင်းသို့ ရေးသား ဖတ်ပြမှုများသည် သာသနာတော်အား စော်ကားခြင်းနှင့် သံဃာထုတစ်ရပ်လုံးအား စိန်ခေါ်မှုတစ်ရပ်သာ ဖြစ်ကြောင်း တုန့်ပြန်ပြောကြားလိုက်ပါရစေ။

ပီနန်ဆရာတော်ဟု ထင်ရှားသည့် ဆရာတော် ဦးပညာဝံသနှင့် မစိုးရိမ်တိုက်၌ ဆယ်စုနှစ်ပေါင်းများစွာ စာပေပို့ချခဲ့ပြီး သာသနာတော်အတွက် ကျေးဇူးများလှသော ဆရာတော် ဦးကောဝိဒ တို့အား သံဃာအတုအယောင်ဟု စွပ်စွဲခြင်း၊ ဆရာတော် ဦးကောဝိဒအား ထောင်ကျခဲ့ဘူးသူ (ထောင်ထွက်)ဟု ပြောဆိုခြင်းမှာ အလွန်ပင်ရိုင်းပျလှပါသည်။ ထို့အပြင် ရှေ့မှောက်၌ ငုတ်တုတ်ထိုင်နေသော အင်းစိန်ဆရာတော်အားလည်း (အရှင်ဘုရားလည်း ခေါ်ယင်လာ၊ မလာရင် ဒီလိုပဲ အပြောခံရမယ်လို့) ပရိယာယ်နဲ့ စော်ကားခြိမ်းခြောက်လိုက်ခြင်းသာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပျံလွန်သွားပြီးဖြစ်တဲ့ တိပိဋကဓရ အရှင်သုမင်္ဂလာ၊ ယခုလက်ရှိ မစိုးရိမ်တိုက်သစ်ဆရာတော် အရှင်ရာဇဓမ္မာဘိဝံသတို့နဲ့အတူ အင်းစိန်ဆရာတော်ကိုယ်တိုင် ထောင်ချခံခဲ့ရဘူးလို့ပါပဲ။ ဒါ့အပြင် ဆရာတော်ဦးပညာဝံသ တည်ထောင်ခဲ့တဲ့ သန္တိသုခ ကျောင်းတော်ကြီးကို မတရားသိမ်းပိုက်ခဲ့တာ ဘယ်အစိုးရအဖွဲ့အစည်းလဲဆိုတာ တစ်သာသနာလုံးက သိပြီးသားပါ။ လက်ရှိအစိုးရကို ဆန့်ကျင်တဲ့ စာရွက်စာတမ်းတွေ တွေ့ရှိလို့ အရေးယူကြစတမ်းဆိုရင် သာသနာပိုင်အဆောက်အဦအတွင်းရှိ စာအုပ်စာတမ်း (ပိဋကတ်တော်)များသာမက ပြည်သူပိုင်စာအုပ်များနှင့် တစ်ကမ္ဘာလုံးရှိ စာအုပ်စာတမ်းများကို မီးရှို့ဖျက်ဆီးလိုက်ရုံသာ ရှိပါတော့တယ်။ အကြောင်းကတော့ စစ်အစိုးရဆိုတာ သာသနာဖျက်အဖွဲ့ဖြစ်ရုံမျှမက ပြည်သူတစ်ရပ်လုံး တစ်ကမ္ဘာလုံးရဲ့ ဆန့်ကျင်ဘက် ဖြစ်နေလို့ပါပဲ။

၂လုံးထီ ၃လုံးထီဆိုတာ ဥပဒေနဲ့မညီတဲ့လုပ်ရပ်တွေပါဆိုရင် လက်ရှိဘယ်သူတွေ အုပ်ချုပ်နေပြီး ဘယ်လိုအရေးယူနေလို့ ဒီလိုဖြစ်နေရတာလဲဆိုတာရော စဉ်းစားကြည့်စမ်း ပါဦးလေ။

စစ်မှန်တဲ့ ဥပဒေဆိုတာ တစ်ချိန်ချိန်မှာ ပေါ်ပေါက်လာမှာ မြေကြီးလက်ခတ် မလွဲပါပဲ။ အဲဒီအချိန်ကျရင် ယခုကြေငြာဖတ်ပြခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်မှုမှန်သမျှ တာဝန်ရှိတဲ့ သာသနာရေးဝန်ကြီးနဲ့ အကြံပေး ဦးအံ့မောင်တို့ ဖြေရှင်းနိုင်ဘို့တော့ ကြိုတင်စဉ်းစားထားစေချင်ပါတယ်။ (သက်ရှိထင်ရှား ရှိနေကြဦးမယ် ဆိုရင်ပေါ့)။

အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အရှင်နန္ဒ မာလာဘိဝံသ၊ သီတဂူဆရာတော် အရှင်ဉာဏိဿရနဲ့ မစိုးရိမ်တိုက်သစ် ဆရာတော်၊ မြတောင်ကျောင်းတိုက် ဆရာတော်၊ မဟာဂန္ဓာရုံ (အမရပူရ) ဆရာတော် တို့ကိုလည်း လမ်းပေါ်ထွက်တာ သံဃာအတုအယောင်တွေသာဖြစ်တယ် ဆိုတဲ့ စာရွက်စာတမ်းတွေကို လက်မှတ်ထိုးခိုင်း၊ မရရင် ထုံးစံအတိုင်းလုပ်ဘို့ လမ်းညွှန်မှုပေးခဲ့တာ လက်မှတ်ထိုးခိုင်းလို့လည်း မရတော့၊ ထုံးစံအတိုင်းလုပ်ဘို့ လမ်းစရှာနေပြီဆိုတာပါ တစ်သာသနာလုံးက သိနေပါပြီ။ (လက်မှတ်ထိုးခိုင်းတာ ဆရာတော်ကြီးများက ငြင်းဆိုလိုက်တာ ဟုတ်မဟုတ် ဆရာတော်ကြီးများ အသိဆုံးပါ)။

နောက်ကွယ်က ကြိုးကိုင်တိုင်း လုပ်နေရတာဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးတွေ ဆိုတာကတော့ ပညာရှိ ရဟန်းရှင်လူများထက် လယ်ထွန်သမား လှည်းမောင်းသမားတွေက ပိုသိကြပါတယ်လို့ တုန့်ပြန်ယင်း...

ဘဒ္ဒန္တသာသနပိယ
မြန်မာပြည်

http://www.aoab.blogspot.com/

Posted in Labels: |

0 comments: