သန်တာရှည်လေးရဲ့အဆိုအက၊ အငိုအလှလေးတွေပြီးတာနဲ့ ..... ဟော .....
ပြောင်ရှည်ကိုယ်တော်မြတ် ..... ဘယ်ဇာတ်ကငှားလာလဲ မသိတဲ့ ဘုရင်အ၀တ်အစားတွေဝတ်ထားတော်မူပြီးသကာလ၊ လက်ထဲမှာ ရုရှားလုပ် အေကေ-၄၇ မောင်းပြန်ရိုင်ဖယ်စွဲကိုင်တော်မူလို့ပါလား .....
စိန်ပြောင်ရှည်ရဲ့ (ဗေထုံပေတပ်၊ ပတ်ဗေ ထိထိ ..) တီးလုံးအချိုးပြီးသည်နှင့် ..... ဗုံထောက်အလိုက်နှင့်ဆို .....
ပြောင်ရှည် ။ ။ “ တိုင်းမဟာနေပြည်တော်က ဗိုလ်သန်းရွှေလို့ခေါ်ပါသည်ခင်ဗျ၊ ဗိုလ်သန်းရွှေလို့ခေါ်ပါသည်ခင်ဗျား ....၊ ကလိန်ကကျစ် အလွန်တော်သည် .....၊ ပညာအရာမဟော်အလား .....၊ ကုလလောက်တော့ ပျင်းပါသည်၊ ..... ကုလလောက်တော့ ပျင်းပါသည်ခင်ဗျား ..။ ကျုပ်မှာတပ်ထား ..... ဒုံးတွေက များများ.... ဟား .. ဟာ .. ၊
သယ် !! .. အမှောင်မိုက်မဲ ...၊ ငါတစ်ယောက်တည်း၊ စမ်းတ၀ါးဝါး၊ လမ်းအမှားမှား နဲ့ လာလိုက်တာ ..၊ (၁၉) နှစ်ကျော်၊ အနှစ် (၂၀) ပျော်၊ မဟာကလိန်ကျ၊ အသာတကြည်နေပြမဲ့ ၊ ကြပ်ပြေးဆိုတာရောက်ပါပေါ့ ..။ .. ဟယ် !! .. ရောက်လျှင်ဆိုရင်ပဲ ..၊ မြေပြင်အခြေအနေ သိရအောင်၊ တောလိုက်တော်မူမယ်ဟေ့ .. ”
လျှာရှည် ။ ။ “ ဧရာဝတီ ..၊ ရာဇ၀င်ထဲက သတို့သမီး ..၊ သူတို့ရဲ့မိခင် ... ၊ ဧရာဝတီ ... (သီချင်းဆိုရင်း .. ရေခပ်ဆင်းစေ ..)၊ အင်း .. မာတာမိဘ၊ ကုသိုလ်ကံဆိုး၊ မျက်စိအစုံကိုးမရအောင် ဖြစ်ခဲ့ပါပေါ့ ..... ၊ အေးလေ .... ဒါကြောင့်လည်း..၊ မိအိုဖအိုတို့ ..၊ သောက်ရေသုံးရေအတွက်၊ ရွှေသမင်အပေါင်းနဲ့၊ နေညိုညို .. အချိန်မကုန်ရအောင် ...... ရေခပ်လိုက်ဦးမှပဲလေ ...... ။ ”
ပြောင်ရှည် ။ ။ “ အလို !! .. အရှေ့မှာ အရောင် တ၀င်းဝင်း တ၀ါဝါနဲ့၊ လူလော ..၊ နတ်လော .. ရဟန်းလော ..၊ စုရုံး ..စုရုံး .. လာနေ လိုက်တာ၊ ကြက်သီးများတောင် ထမိပါဘိ၊ ငါ့ဆီနီးလာရင်တော့ မလွယ်ချေဘူး ..၊ အဲဒါကြောင့် ..၊ ရဟန်းလူနတ်၊ သုံးလီမကပ်ရအောင်၊ တအားကုန်ပစ်ထည့်လိုက်မယ် ..၊ သေရော့လဟယ် ..။ (ဒိုင်း .. ဒိုင်း .. ဒိုင်း .. ) ”
လျှာရှည် ။ ။ “ အား !! .. သေပါပြီဗျာ .... (အဆိုတော်ဘိုဘိုရဲ့ .. သီချင်းလေးအတိုင်းလဲကျသွားကာ..) ငါဟာမြားဆိပ်တက်နေလား၊ ဆေးအမြန်ကုပေးပါ၊ မဲမဲတွေ့သမျှ သောက်ရမ်းပစ်တယ်၊ ဘုရင်ရူးရူးသူရယ်။ နင်ဘယ်ဥကပေါက်တာလဲ ..၊ ယုတ်မာသူကြီးရယ် .. ရယ် ..) အလို .. ဆိုနေ လို့မပြီးသေးပါဘူး .....၊ တရားမရှိ၊ အမှားမသိ၊ ၀ိဇ္ဇာအမှောင်ဖုံး ..၊ ဆင်ကန်းတောတိုးသလိုမျိုး ..ရက်စက်ပါပေ့၊ မည်သူကများလုပ်ရက်လေအား ..... အော် ... ကျွတ်ကျွတ်ကျွတ် ..... ။ ”
ပြောင်ရှည် ။ ။ “ အလို !! .. မှားပြီထင်ပါ့ ..၊ တရုတ်နဲ့စကားပြောဖို့၊ ကုလားစကားကျက်လာမိရဲ့သားဖြစ်ပြီ။ ဆေးရုံပို့ရအောင်တောကြီး မျက်မည်း၊ အမ်ဗြူးလဲ(န်) လည်းမရှိ၊ ရှိတော့လည်းဘာမှမထူး၊ဆေးရုံမှာဆေးစုံတာမဟုတ်၊ နာရေးကူညီမှုကိုခေါ်ရမလား ..၊ ဖုံး ဆက်ဖို့ဂျီအက်စ်အမ်လိုင်းကလည်း၊ ငါ့အမိန့်နဲ့ဖြတ်ထား၊ အွန်လိုင်းကလည်းသုံးမရ .... ၊ ခက်တော့နေပြီ၊ အဲ .. ပြောနေတာကြာတယ်၊ ဖြစ်ချင်တာဖြစ်၊ သေတာရေမျှော၊ နာတာထောင်ထည့်၊ ရှင်တာစစ်ကြည့်ရအောင်.. ၊ အနီးကပ်ကြည့်လေဦးမှ ..... ။ ”
လျှာရှည် ။ ။ “ မေတ္တာသန္တော အနန္တောလို့ မြတ်ရှင်စော၊ ဟောကြားခဲ့တာပဲလေ၊ မေတ္တာကိုအရင်းခံထား၊ သေရင်လည်းကောင်းရာ လားရအောင်၊ မေတ္တာပို့ရင်းပဲ အသေခံတော့မယ် .. ”
ပြောင်ရှည် ။ ။ “ အလို ..... လက်ချည်းဗလာ၊ တအားညင်သာ၊ ငါ့အားရန်မပြု၊ အများသူတစု၊ ပုံ့ပုံ့လေး၊ကြုံ့ကြုံ့ကွေးပြီးလဲနေပါလား၊ မဖြစ်ချေဘူး၊ အလျှောက်ကောင်း၊ အထောင်းသက်သာဆိုသလို၊ နဲနဲတော့ဟန်ဆောင်ပြီး၊ လူနာမေးချင်ယောင်ဆောင်ဦးမှ ..၊ အဲ .. မသိလို့ ပစ်မိတာပါနော် ..၊ စိတ်မဆိုးပါနဲ့ .. ကျုပ်ဗိုလ်သန်းရွှေဖြစ်ပေတယ်၊ သင်လိုရာပြော၊ လင့်ခရူဇာလား၊ ဖာစီတီးလား၊ အို ...... ကြိုက်တာပြော၊ ကျုပ်အာဏာမလုရင်ပြီးရော ..၊ လိုတာပေးမည်သာပ ။ ”
လျှာရှည် ။ ။ “ အရှင်မင်းကြီး၊ ကျုပ်ဘာမှမလို၊ မေတ္တာသာလိုပါတယ်။ ”
ပြောင်ရှည် ။ ။ “ မေတ္တာလား၊ ခေါ်ပေးမယ်လေ၊ ကျုပ်အခုစောင့်ကြည့်ခိုင်းထားတယ် ..။ ”
လျှာရှည် ။ ။ “ အဲဒီမေတ္တာမဟုတ်ဘူး၊ အသင်မင်းကြီးရဲ့ ရင်ထဲကမေတ္တာပြောတာ .. ”
ပြောင်ရှည် ။ ။ “ အင်း ... သေကာနီးတောင်ကျုပ်မှာ ရှိပါ့မလား မသိ .. ”
လျှာရှည် ။ ။ “ ကျုပ် .. ယမ်းဆိပ်တက်နေပြီ ..၊ အသင့်ထံမှာ ဇာဂနာပါသလား .. ”
ပြောင်ရှည် ။ ။ “ ဒီကောင့်ကိုခေါ်ဘူး ..၊ ဒီကောင်ကျုပ်ကိုစိတ်တိုအောင်အရမ်းလုပ်တာပ၊ မှန်တာချည်းပဲပြောတယ်၊ မနေ့တနေ့က မှပြန်လွှတ်လိုက်တယ်၊ အခုထပ်ပြောနေပြန်ပြီ .. ။ ”
လျှာရှည် ။ ။ “ ဟာ .. ဒီဇာဂနာပြောတာမဟုတ်ဘူး၊ ကျည်ဆွဲထုတ်ဖို့ ဇာဂနာ၊ ပြောရင်းနဲ့ အသက်ထွက်တော့မယ် .. ။ ”
ပြောင်ရှည် ။ ။ “ အဲ .. လွှတော့ပါတယ်၊ အဲဒါနဲ့ ဖြတ်ထုတ်မယ်လေ ..၊ ”
လျှာရှည် ။ ။ “ အောင်မလေး ... ပြောင်ရှည်ဘုရင်ရူးရဲ့ .. ၊ လွှနဲ့ရလွှနဲ့ဖြတ်၊ ဓါးနဲ့ရဓါးနဲ့ခုတ်၊ လက်သီးနဲ့ရလက်သီးနဲ့ထိုး၊ အဲဒီလိုဖြစ် နေပါပေါ့လား၊ သေအောင်သာသတ်လိုက်ပါတော့၊ ကျုပ်မျက်စိတွေပြာလာပါပေါ့လား .....။ ”
ပြောင်ရှည် ။ ။ “ ဟမ် ..၊ မှားပြန်ပြီ၊ ငါကိုကလျှာရှည်တာ ..၊ ကိုင်း .. ဖြစ်ချင်တာပြော ..၊ ကျုပ်လည်းအရူးမီးဝိုင်းသလိုဖြစ်နေပြီ .. ။ ”
လျှာရှည် ။ ။ “ အင်း ..ကောင်းပြီ ..... ၊ အသင်မင်းကြီး၊ ကျုပ်မိဘနှစ်ပါးသာ ရအောင်ခေါ်ပေးပါတော့ ..... ။ ”
ပြောင်ရှည် ။ ။ “ အို ... ၊ ဖြစ်တယ် .. ဖြစ်တယ်၊နှစ်ယောက်တည်းဆိုရင်ဖြစ်တယ်၊ လူများရင်သာမရတာ ..၊ ဘယ်မှာနေတာလဲပြော။”
လျှာရှည် ။ ။ “ ဟိုး ........ တောနက်ကြီးထဲက ညောင်ပင်ထီးထီးကြီးရဲ့အောက်မှာရှိတယ် .. ။ ”
ပြောင်ရှည် ။ ။ “ ရပြီ .. ၊ သိပြီ ..၊ အိုင်စီး ..၊ ယာဇနာရု၊ ပိုညား(လ်) .. ”
လျှာရှည် ။ ။ “ မရောက်သေးဘူး .. ၊ အဲဒီညောင်ပင်အောက်မှာရှိတဲ့ အုန်းမှုတ်ခွက်ကိုလှန်လိုက်၊ အင်း ... အဲဒီအုန်းမှုတ်ခွက်လှန် လိုက်ရင် ဘယ်ကိုသွားပါဆိုတဲ့လမ်းပြမြေပုံတွေ့မယ်၊ အဲဒီလမ်းညွှန်အတိုင်းလိုက်သွားရင် ..... ၊ ”
ပြောင်ရှည် ။ ။ “ ရောက်ပြီလား .. ”
လျှာရှည် ။ ။ “ နေဦး .. မရောက်သေးဘူး ..၊ အဲ .. အဲဒီအတိုင်းလိုက်သွားရင် ပိန္နဲပင်ကြီးတွေ့မယ်၊ အဲဒီအပင်ကြီးရဲ့အောက်မှာတဲ ငယ်လေးတွေ့မယ် ....... ။ ”
ပြောင်ရှည် ။ ။ “ အိုခေ .. ကဲ .. အခုပဲ သွားလိုက်မယ် .. ၊ ”
လျှာရှည် ။ ။ “ နေဦးလေ .. အဲဒီမှာ .. မှာ မှာ မှာ .... ”
ပြောင်ရှည် ။ ။ “ ဟဲ့ ..၊ ဒီနေ့ရောက်ပါဦးမလား ... ”
လျှာရှည် ။ ။ “ စိတ်မဆိုးပါနဲ့ မင်းကြီး၊ လုပ်အားပေးနဲ့ .. ထောက်ခံပွဲတွေ လိုက်ရလွန်းလို့ .. ဒီလိုနေကြရတာပါ ။ ”
ပြောင်ရှည် ။ ။ “ အမ် .... ”
လျှာရှည် ။ ။ “ အဲဒီကိုရောက်ရင်အရှင်မင်းကြီး ဒီအတိုင်းခေါ်လို့ရမှာမဟုတ်ဘူး၊ ကျုပ်ဂါထာပေးလိုက်မယ်။ အဲဒါကိုသာရွတ်ပေတော့။ ”
ပြောင်ရှည် ။ ။ “ ငါ့ လမ်းပြမြေပုံသာရှည်တယ်မှတ်တယ် ..၊ သူ့ဟာလည်းရှည်ပေသကိုး ..၊ ကဲ ... အဲဒါသင်ပေးပေတော့ .. ပြော .. ”
လျှာရှည် ။ ။ “ အင်း .. ဂါထာက ဒီလိုပါတဲ့ .. မှတ်ထား ..၊ (လူတွေနဲ့ ဝေး ..ဝေး ..၊ ဝေးတဲ့နယ်မြေ၊ တစ်နေရာ ..ရှိ ..ရှိ ..၊ ရှိရမယ် လေ၊ နက်ရှိုင်းတဲ့တောရဲ့ ရင်ခွင်မှာ ပျော်နေ ..၊ သဘာဝရဲ့ ရင်သွေးငယ်တွေ .. ဟေ ဟေ၊ သဘာဝရဲ့ရင်သွေးငယ်တွေ .... ) တဲ့ ..။ ”
ပြောင်ရှည် ။ ။ “ အင်း .. အဲဒါ ငါကြားဖူးသလားလို့ .. ၊ ထားလိုက်ပါတော့ .. ၊ အားလုံးဟာငါ့ကြောင့်ပဲနဲ့တူပါရဲ့ ..၊ အင်း .. ဒါကြောင့် .. မနှေးအမြန်တခဏ၊ ပြေးကာလေ .. ဟန်ပြမယ် ..၊ ကိုင်း ... ရွာစားရေ ..မတိမ်းမစောင်း၊ ဗိန်းမောင်းနဲ့သာပို့ပေတော့ ..။ ”
ဇာတ်စင်ဝဲယာမှာ မီးရောင်မှိန်သွားပြီး၊ နောက်ခံကားများအမြန်ပြောင်းစေ။ ....
ပြောင်ရှည် ။ ။ “ အင်း .. ပြေးလာလိုက်တာ၊ မောပါပေ့၊ အသက်ကလည်း (၇၀) ကျော်ပြီကိုး ..၊ ကိုင်း .. တဲ ..တော့တွေ့ပြီ၊ ဂါထာ ရွတ်မှ..၊ (လူတွေနဲ့ ဝေး ..ဝေး ..၊ ဝေးတဲ့နယ်မြေ၊ တစ်နေရာ ..ရှိ ..ရှိ ..၊ ရှိရမယ် လေ၊ နက်ရှိုင်းတဲ့တောရဲ့ ရင်ခွင်မှာ ပျော်နေ ..၊ သဘာဝရဲ့ ရင်သွေးငယ်တွေ .. ဟေ ဟေ၊ သဘာဝရဲ့ရင်သွေးငယ်တွေ .... ) .. ”
ထိုအချိန်တွင် .. တီးလုံးပြောင်းလို့ သီချင်းသံထွက်ပေါ်လာစေ ..... ။
မင်းသမီး ။ ။ “ ကိုကို ကျမကိုညာပြီးတော့ မခေါ်နဲ့ ၊ နာမည်ရှိတယ်မကြိုက်ဘူးသိရဲ့လား၊ ကိုကိုနဲ့ ကျနော်ပြိုင်ပြီးအရွေးခံမလား၊ ဘယ်နိုင်လိမ့်မလဲ .. ဒါလေးများ ..၊ အာ .. ဟား ဟား ဟာ .... ။ ”
ပြောင်ရှည် ။ ။ “ ရော ...... ခက်ချေပြီ၊ ဘာပြန်ခေါ်ရပါ့၊ စဉ်းစားစမ်း ....၊ ကြံစမ်း၊ဟုတ်ပြီ၊ ရွေးကောက်ပွဲငါမပေးတာ ..၊ အိုး ... ခေ၊ အဖြေရပြီ ၊ (၁၂) နှစ်မ၊ (၁၂) နှစ်မ ၊ အိုး .. ဟို .. အို ဟိုး ဟို ဟိုး ...... ”
မင်းသမီး ။ ။ “ အလို .. မိတ်ဆွေ ဟောင်းကြီးပါလား၊ သတိလဲထားဆက်ဆံမှပဲ၊ ဥာဏ်ကများပါဘိသနဲ့၊ အင်း .. ဂါထာရွတ်ဦးမှ ..၊ ဒါမှ သူ့စိတ်ရင်းကိုသိမှာ ..၊ (ကြယ်တွေစုံတဲ့ည ...၊ ဒို့အိပ်မက်လေးရယ် ..၊ တကိုယ်ရေ နေခဲ့ရ နေ့စဉ်ညတိုင်းကွယ်၊ ရင်ခုန်သံနဲ့ထုဆစ် ထားတဲ့ တိုင်းပြည်လည်း ..... ၊ ပိုလို့ မွဲသွားအောင် .. ဒါတွေမလုပ်ပါနဲ့ ..... ။) ”
ပြောင်ရှည် ။ ။ “ ဟိုက် ..... ဘာပြန်ဆိုရပါ့ ..၊ ဂါထာလည်းမရှိတော့ဘူး ..၊ ကြံစမ်း .. ကြံစမ်း ..၊ ဟုတ်ပြီ၊ ၀မ်း..တူး..သရီး..၊ (ငါ .. မင်းကိုသတ်ချင်တယ်၊ ငါမင်းကိုသတ်ချင်တယ်၊ ) ”
မင်းသမီး ။ ။ “ အော် .. ဟော ... ၊ သူဟန်ဆောင်တာတွေပေါ်ပြီ၊ အေးလေ၊ မေတ္တာသာထားလိုက်ပါတော့မယ်၊ .. အသင်မင်းကြီး၊ အဘယ်အကြောင်းကြောင့်၊ အခုလို လာခေါ်ရပါသနည်း .. ”
ပြောင်ရှည် ။ ။ “ သိပ်ခေါ်ချင်လွန်းလို့မဟုတ်ပါဘူး၊ မင်း .. သားလေ၊ ငါဟိုဝါးရုံကိုပစ်တာ၊ ကျည်ဆန်က ဘယ်နှယ့် . . . ၀ါးရုံကနေ စင်ပြီး၊ ပိန္နဲပင်ကိုမှန်၊ ပိန္နဲပင်ကတဆင့်ပြန်ကန်ပြီး၊ မင်းရဲ့သားကိုသွားထိတာ၊ တော်တော်ဆိုးတဲ့ ကျည်ဆံ ..၊ မျက်စိမရှိဘူးလားမသိ။ ထောင်ကိုချပစ်ဦးမယ်။ ”
မင်းသမီး ။ ။ “ အလို .. အလို !! ... ၊ ကြားရ ... နားဝမှာမသက်သာပါလား၊ သားတော်မောင်သုဝဏ္ဏသတင်းကိုလ၊ ချစ်သောမေရွှေ ရင်ဆို့ရပါရဲ့၊ ဘုရင့်ရာဇသံမှားဟားဟား ...၊ ဘုရင့်ရာဇသံမှား .. ဟား .. ဟား .. မှား ....၊ရက်စက်လိုက်ကြပါပေ့ ။ ” (မင်းသမီးငိုချင်းချ၊ ဆိုင်းကလည်း၊ ငိုချင်းချစေ .. )
ပြောင်ရှည် ။ ။ “ ဒါနဲ့ .. အသင့်ရဲ့လင်ယောင်္ကျားရော .. ”
မင်းသမီး ။ ။ “ ပြောင်းလဲတတ်တဲ့မင်းကို .. ဒို့ဘယ်လိုမှ နားမလည် ..၊ လင်သေလေသောဒီကမ္ဘာမြေကြီးထဲ အကျဉ်းကျလေရဲ့..၊ မေ့မရနိုင်အောင်ခါးသီးခဲ့လေရဲ့ ..၊ မင်း ..... ရက်စက်မှုတွေ၊ ကိုယ့်ရင်ထဲမှာညစဉ်အိပ်မက်ပေး၊ မှောင်နေတယ် ကိုယ့်ရဲ့ကမ္ဘာမှာအလင်းမရှိခဲ့ရင်လေ၊ ဒီမိုကရေစီသာ ဒို့ရဲ့ အလင်းတန်းလေး၊ ဘယ်ဆီကိုရောက်နေပြီလဲ၊ အိုး .. အိုး ... ဟိုး ..၊ ရက်စက်လေအား၊ (ထူးအိမ်သင်အလိုက်ကလေးနဲ့ပါ၊ ဆိုကရေးတီးထဲကလိုသီချင်း တွေပဲထိုင်ရေးနေရင်၊ ပရိတ်သတ်ပျင်းနေမှာစိုးလို့ .. ) ”
ပြောင်ရှည် ။ ။ “ အင်း .. ဒင်းတောင်မှ ဆိုနိုင်သေးတယ်၊ ငါလည်းဆိုတယ်ဟာ ..၊ (ကိုင်ဇာအလိုက်နဲ့ ..)
အားကိုးထိုက်တဲ့သူရယ် ကယ်ပါအုံးကွယ်၊
ငါ့ဘ၀တော့ ဒီတစ်ခါသေတော့မယ်၊
ဝိုင်းပြီးတော့လေ၊ သူတို့ပိတ်ဆို့တော့မယ်၊
ပြေးပုန်းစရာနေရာ ရှာမယ်။ ”
မင်းသမီး ။ ။ “ အဲဒီအတွက်တော့ တကယ်ကိုမပူနဲ့ကွယ်၊
ကျွန်မတစ်ယောက်လုံး ဒီမှာ ကျန်သေးတယ်၊
ရှင့်ဘက်ကသာ မရိုးမသားမလုပ်နဲ့ကွယ်၊
ကောင်းသွားလိမ့်မယ် တကယ်ပဲဟယ်။ ”
မင်းသမီး ။ ။ “ (Chrous ) အသေကြံမှာလား၊ ဒီတစ်ခါညာမှာလား၊
တကယ်ကိုကွယ်၊ ရှင်းရှင်းပြောဟယ်၊ ”
ပြောင်ရှည် ။ ။ “ တကယ်ကိုမညာပါဘူး၊ အကြံအဖန်မပါပါဘူး၊
ပါတယ်ဆိုရင် ပါးပါးလေးပါကွယ်၊ ”
မင်းသမီး ။ ။ “ အမှန်တကယ်လက်တွဲ၊ အောင်မြန်ရန်မလွဲရွှေပြည်တော် ခရီးနီးပါတယ် ၊ ”
အားလုံးရှုပ်ကုန်ပါပေါ့ ... ကဲပြန်ဆက်ချည်ဦးမှ ..
ပြောင်ရှည် ။ ။ “ အဲဒါကြောင့် .. သုဝဏ္ဏအလောင်းတော်တမလွန်မလားရအောင် .. ၊ ကိုင်း .. ရွာစား ..ဗိန်းမောင်းဗျာ .. ”
ဧရာဝတီမြစ်ကမ်းသို့ဖြတ်လမ်းကပြန်ရောက်စေ ..... ။
မင်းသမီး ။ ။ “ အလို .. အမေ ရွှေရင်ဆို့ရပါပေ့ သားရယ် ... ၊ ဘယ်နှယ့်လုပ်ကြံရမတုန်း .. အရပ်ကတို့ရေ .. ၊ မိဘကိုလုပ်ကျွေး၊ လူမမယ် သားတော်လေး၊ ခုတော့ ကိုယ်ကျိုးနည်းပါပေါ့၊ အေး .. ဒါကြောင့် .. ၊ တိုင်းအထက်လွှာ၊ နှိုင်းစက်စရာက၊ သိကြားသခင်၊ အခင်းမြင်ရင်ပဲ၊ မနှေးယခု .. အလေးပြုရအောင်၊ ရွာစား ...... ၊ သိကြားသံပင့်စေ ......။ ”
စိန်ပတ်ရှည် ။ ။ “ အလို ..၊ ထိုင်ရင်းငုတ်တုတ်၊ ငါလည်းမလုပ်၊ ဖင်အောက်က ဒန်းလော့ကြီး တဗြုတ်ဗြုတ်လှုပ်နေပါရောလား၊”
ပတ်မတီး ။ ။ “ ပန်သုကမ္ဗလာ၊ မြကျောက်ဖျာလုပ်စမ်းပါ။ ”
စိန်ပတ်ရှည် ။ ။ “ ဟဲ့ ..နင်ဘာသိလို့လဲ .. ငါ့ဘာသာငါ ဆိုင်းတီးနေတာ၊ သိကြားမင်းကြီးလုပ်ပေးစမ်းပါဆိုပြီးပြောင်ရှည်လာခေါ်လို့ သိကြားငုတ်တုတ်ဖြစ်ရပါရောလား ..၊ အဲ ... အဲ . ဘယ်ရောက်ကုန်ပါလိမ့် ..၊ အဲဒီ ဒန်းလော့က မြကျောက်ဖျာထက်ကောင်းတယ်ဆိုပြီး၊ ဗိုလ်သန်းရွှေပေါ့၊ ရွှေတိဂုံ ထီးတော်တင်တုန်းက ငါလူ့ပြည်ဆင်းတုန်းလာလဲ သွားတယ်၊ ခုတော့ နတ်သမီး ငါးရာနဲ့ ဒီဒန်းလော့နဲ့တော့ခက် ချေပြီ၊ မိဘုရားတွေက အာဇာနည် စမ်းစမ်း အားကျပြီး၊ ငါ့ဒန်းလော့ပေါ်တက်တက်ခုန်တယ်လေ၊ ဒန်းလော့ကြီးကအမြဲလှုပ်နေတော့၊ ငါလည်းလူ့ပြည်မှာ ဘာဖြစ်လို့ဖြစ်နေမှန်းမသိတော့ဘူး၊ အခုတော့ နတ်တွေ ဥပုသ်လမို့ ငါခဏလှဲတုန်းလှုပ်တယ်ဆိုတော့ထူးတာပဲ။ ကိုင်း .. အဲသဟာကြောင့်၊ လူ့ပြည်အရေး အမြန်အကဲခတ်လိုက်မဟယ် .....၊လာလေရော့ .. ၊ဟိုက်..ငါ့ဘလောက်ကြီးအဖျက်ခံလိုက် ရပြီကော ..၊ ”
ပတ်မတီး ။ ။ “ နတ်ပြည်အထိတောင်မလွတ်ပါလား .. ကဲ .. ကဲ ၊ ရှိတဲ့တန်ခိုးလေးပဲ ထုတ်သုံးလိုက်တော့ ... ။ ”
စိန်ပတ်ရှည် ။ ။ “ အေး ..၊ ဒါကြောင့်ပြောနေကြာတယ်၊ ကိုယ်တိုင်ဆင်းပြီး .. အကဲခတ်ရအောင် ..၊ ကိုင်း .. ရွာစား .. ကိုယ့်ဘာသာ ကိုယ်တီးလို့ဆင်းပြီးသွားမယ်ဗျား ..... ။ .. ( ငါ၏ တန်ခိုး၊ အလျှံတိုးလို့၊ မိုးယံထက်တင်၊သုံးဘက်မြင်၊ မြင်သူမှတ်ထား၊ ငါသိကြား ဆိုတာ ..၊ သိကြရော့ လဟယ် ..... )။ ”
ရိုးကနဲ့ရိပ်ကနဲဖြင့်စိန်ပတ်ရှည်သိကြား၊ လူ့ပြည်ရောက်သွားစေ ..... ။
စိန်ပတ်ရှည် ။ ။ “ ဟင် .. လောကတခုလုံးမှောင်လို့မဲနေပါလား ... ၊ ငါ့ကိုဘယ်သူမှဂရုမစိုက်၊ ဘယ်နှယ့်ဖြစ်ပါလိမ့်၊ သိကြားတော့ ကိုယ်ကျိုးနည်းပြီထင်ပါ့ .... ။ ”
အရပ်ရှစ်မျက်နှာတခွင်စူးစမ်းဆင်ခြင်ပြီးသကာလ .... ။
စိန်ပတ်ရှည် ။ ။ “ အော် .. သိပြီ ..၊ သိပြီ ၊ မီးမလာပဲအမှောင်ထဲနေလာတာကြာလို့၊ ငါသိကြားကိုယ်ရောင်ကိုယ်ဝါအရမ်းတောက်ပ သွားပြီးမျက်စိကျိန်းကုန်တာဖြစ်မယ်၊ မက်ဂါဝပ် နဲနဲလျှော့ပြမှ ..၊ ကိုင်း .. ဟိုရေအား၊ ဒီရေအား၊ သူများနူကလီယားတော့လည်းယား၊ ဟိုမရောက်၊ ဒီမရောက်ခပ်ဂေါက်ဂေါက်နဲ့၊ ရုရှားရောက်ပေါက်တောက်တောက်မဖြစ်ရလေအောင်၊ ၂ မဂ္ဂါဝပ်အလင်းဆောင်မဲ့ ...၊ အလင်းရောင်အစာကြေဆေး (အဲလေ .. ယောင်လို့) .. ၊ ငါသိကြားဖြစ်တော့သကိုး ..... ။ ”
အားလုံး ။ ။ “ ဟာ .. သိကြား .. သိကြား .. ”
စိန်ပတ်ရှည် ။ ။ “ မလန့်ကြပါနဲ့ ..၊ ငါသိကြားလူ့ပြည်ဆင်းပြီး၊ အမျိုးကောင်းသားတွေ ဒုက္ခရောက်နေလို့လာကယ်တာ၊ ဟော .... အခု သူတော်လောင်းလျာ သားမဟာ၊ ယမ်းဆိပ်တက် အသက်ထွက်က မခက်ပေဘူးလား၊ ဒါကြောင့် ငါသိကြားက ကူနိုင်သမျှ ကူရမှာပဲ၊ ဒါကြောင့် .. တစ်ခုသောဆုကိုငါပေးစွမ်းနိုင်ပါရဲ့ ၊ .. ဟိုတောင်း .. ဒီတောင်းတောင်းလွန်းရင်လည်း တရုတ်နတ်ကကြိုက်တာမဟုတ် ၊ ကုလားနတ်ကလည်း သိတဲ့အတိုင်း၊ ဂက်(စ်) ပိုက်လိုင်းသွယ်ပြီး၊ မီးနင်းဖို့စောင့်နေတာ၊ကျုပ်ကကြားကနေ ရနိုင်တာလေးလုပ်ပေးနေရ တာ၊ သိပ်တော့အားမကိုးနဲ့ .. ဟုတ်ပြီလား၊ ဒါကြောင့် နံပါတ်(၁) အနေနဲ့ .. သင်မျက်စိပြန်ကောင်းချင်သလား၊ (၂) သားအသက်ပြန် ရှင်စေချင်သလား၊ (၃) သင်တို့ရွှေမြန်မာပြည်ကြီးကောင်းစားတာမြင်ချင်သလား၊ ကိုင်း .... တစ်ခုကိုသာတောင်းပေတော့ ..... ”
မင်းသမီး ။ ။ “ မှန်ပါ .. လိုသော ဆုတစ်ခုကိုတောင်းရပါလျှင် ..၊ ရွှေမြန်မာပြည်ကြီးမှာ သားအသက်ရှင်လျက်ချမ်းသာ ပြုံးပျော်နေ တာကို မြင်ချင်စမ်းလှပါတယ် .. အရှင်သိကြားမင်း ... ”
စိန်ပတ်ရှည် ။ ။ “ အလိုလေး .. တော်ပါပေ့ .. တော်ပါပေ့ .. ၊ ဒါဆိုနတ်သဘင်မှာ ဒီဆုကိုတင်ပြရင် ..ကြိမ်းသေအောင်မြင်မှာ အမှန်ပဲ။ .. ဒါပေမယ့် .. ဒီဆုတကယ်ပြည့်မပြည့်ဆိုတာ မေတ္တာပွား၊ သစ္စာထားမှရမယ်၊ ဒါကြောင့် သစ္စာပြုပေတော့ ..... ”
မင်းသမီးသစ္စာပြုစေ ..... ။
မင်းသမီး ။ ။ “ မှန်ရာကိုသစ္စာဆိုပါမည်၊ အများပြည်သူတကယ်ကိုငတ်ပါသည်၊
နုံချာလှသောဘ၀မို့အားငယ်သည်၊
ဆင်းရဲတွင်းက ... လွတ်ဖို့မမြင်တော့သည်၊
မှန်ရာကိုသစ္စာဆိုပါမည် ..သိကြားသခင်တောင်ဖင်ထိုင်လဲပါပြီ၊
အမှန်ကိုမမြင်သော န-အ-ဖ ကြောင့်ခက်နေပြီ၊
မိုးနတ်မင်းကြီးလည်း သိမ့်သိမ့်တုန်သွားသည်။ (ကိုလွှမ်းမိုးရဲ့အလိုက်ကလေးပါဗျာ ..... )
စိန်ပတ်ရှည် ။ ။ “ ဟော ... သုဝဏ္ဏသာမအလောင်းအလျာ တစ်ဝက်တော့သက်သာလာပေါ့ .. ။ ကဲ .. ပြောင်ရှည် .. ဒီတစ်ခါ မင်းအလှည့် .. ဆိုစမ်း ..”
ပြောင်ရှည် ။ ။ “ အမလေး ၊ ဘုရားကယ်ပါ၊ ဘယ်လိုဆိုရပါ့မလဲ၊ သစ္စာဆိုဖို့ ကောင်းကွက်တစ်ခုမှ မရှိ၊ ဒါပေမယ့် .. အင်း .. ရွာဦးကျောင်းကဘုန်းဘုန်းပြောဖူးတာမှတ်မိပြီ၊ မကောင်းတာဆိုလည်းသစ္စာပဲတဲ့ ..၊ ကဲ ဆိုမယ်ဗျာ .. ။
(မှန်ရာကိုသစ္စာဆိုပါမည်၊ .. ဘုရားဌာပနာ အမှန်ကိုဖေါက်ပါသည်၊
သံဃာကိုလည်းအကြောင်းမဲ့သတ်ပါသည်၊ ငရဲအိုးနဲ့တော့ ဂျိုးကပ်ခါ နီးပြီ ...၊
မြေယာမကျန်တိုက်ကာယူပါသည်၊ တရုတ်ပြည်မှာ ပေါင်နှံထားပါသည်၊
မြန်မာပြည်ကြီး၊ မွဲသထက်မွဲစေသည်၊ ဆင်းရဲတွင်းထဲ ဆွဲလို့ခေါ်ခဲ့သည်။
မှန်ရာကိုသစ္စာဆိုပါမည်၊ ဘုရားသခင်ထံရွှေခွာဖူးပါသည်၊ ...
ကျွန်တော်ဟာလူဆိုး၊ ရသမျှခိုးပါသည်၊ ငရဲသို့ဆင်း...လို့ သွားရပေဦးမည် ...... ) ”
သုဝဏ္ဏသာမမေ့မြောနေရာက ထလာစေ ..... ။
စိန်ပတ်ရှည် ။ ။ “ ဟာ .. ကြည့်စမ်း၊ အခုမှ လုံးလုံးသက်သာသွားပြီ၊ ဒါ သစ္စာတန်ခိုးပဲ ..၊ ”
ပြောင်ရှည် ။ ။ “ အင်း .. ကျုပ်လည်း ဆိုးသမျှ၊ သုံးမရ .. ဖြစ်ခဲ့တာကြာပါပေါ့၊ ကိုင်း .. ဒါကြောင့် ..ရှေးမင်းတို့ထုံး .. နှလုံးမူရင်း၊ စိပ်ပုတီးကိုစလွယ်သိုင်း ..၊ မြိုင်ရပ်သို့ဝင်ပြီး၊ တရား ရရ .. မရရ .. လူဝတ်ကြောင်နဲ့ပဲအားထုတ်တော့မယ်၊ သင်္ကန်းကတော့ဒီတစ်သက် ရုံလို့မရတော့တာ၊ ... အင်း .. ချစ်သက်ဝေ ကြိုင်လေးကိုတော့၊ ဟောဒီလိုပဲ နှုတ်ဆက်လိုက်တော့မယ်၊
(ဒီအာဏာဟာ .. တကယ်ကိုမီးခဲကြီးပဲ ..၊ လူလူချင်းနှိပ်စက်တာမှားပေါ့ကွယ်၊ ကိုယ်မှန်တယ်ထင်တာလုပ်ခဲ့မိတယ်၊ တကယ်တမ်းကျ တော့မှားပေါ့ကွယ်၊ { ဒိုးရတော့မယ်ချစ်ရယ်၊ နှုတ်ဆက်ခဲ့ပါတယ်} ၂ .. ကိုယ်တကယ်မခံစားနိုင်တော့ဘူးချစ်ရယ် ... ။ ”
ဤတွင်နောင်ကမ္ဘာများစွာ၌ပွင့်တော်မူမည်ဖြစ်သော၊ သုံးလူ့ထွဋ်ထား အရိမေတ္တယျမြတ်စွာဘုရားရှင်သည်၊ ရှေးဘုရားအဆက်ဆက်၊ တရားဦးဟောသော၊ မိဂဓါဝုန်တောအုပ်ကြီးကိုအမှီပြုရင်း၊ ထိုဇာတ်တော်ကိုဤသို့ပေါင်းလေသည်။ “ ထိုစဉ်အခါကကျဆုံးလေပြီးသော အမျိုးကောင်းသားတို့သည်ကား ယခုအခါ ငါဘုရားခြေရင်းတွင် ၀ပ်ဆင်းနေကြကုန်သော၊ ရဟန္တာတွေဖြစ်ကြကုန်သည်။ မယ်တော် သည်ကား အောင်ဆန်းစုကြည် ၀ိသာခါမ ဖြစ်တော့သည်။ သိကြားသည်ကား ဘန်ကီမွန်းဖြစ်ပေသည်။ သူသတ်သမားသည်ကား ဗိုလ်သန်းရွှေဖြစ်လေတော့သည် ” ဟု တရားတော်ကို အဆုံးသတ်တော်မူလိုက်သည်ဆိုလျှင်ပဲ တရားနာ ရဟန်းရှင်နတ်လူ၊ ပရိတ်သတ်အပေါင်း သောတပန်၊ သဒါဂမ်၊အနာဂမ်၊ ရဟန္တာတွေဖြစ်ကြကုန်ပြီးသကာလ၊ ကျွတ်တမ်းဝင်ကြကုန်လေသည်။ ထို့အပြင် ..၊ တိရိစ္ဆာန်တို့သည် လည်း၊ ကောင်းရာသုဂတိဘုံသို့လားကြလေသည်။ သို့သော်ငြားလည်း၊ ကြံ့တို့ရဲ့အုပ်၊ ဖွတ်တို့ရဲ့အချုပ်ဖြစ်လေသော ဖွတ်ချုပ်ကြီးနဲ့ နောက်လိုက်များမှာတော့၊ တရားကိုကြားသော်ငြားလည်း၊ ရှေးဘ၀အလီလီကပြုခဲ့ဖူးသော အကုသိုလ်ကံအကျိုးအား တွေကြောင့်၊ ကံအကျိုးပေးလေသမျှ .. သံသရာမှာ ဆက်လက်ငရဲခံကြရလေတော့သတည်း ........ ။
စိန်ပတ်ရှည် ။ ။ “ မြန်မာပြည်တစ်ဝှမ်းမှာ မေတ္တာပို့သူတွေ ... အောင်ပါစေ ..၊
မင်္ဂလာရက်မြတ်ရောက်မဲ့နေ့ကိုလေ .. ကြိုပါလေ ..၊
ရွှေရေချမ်းလောင်းလို့ တောင်းဆုမေတ္တာဝေ ..၊
ကမ္ဘာကိုအမှီပြုတဲ့ လူထုအားလုံးကျန်းမာချမ်းသာပစေ၊
အောင်ပါစေဗျ ..၊ အောင်ပါစေ။ (အဘရွှေမန်းတင်မောင်ရဲ့ နာမည်ကျော် မေတ္တာပို့သီချင်းနဲ့အဆုံးသတ်ပေးလိုက်လေသည်။)
(ကွန်ပြူတာရှပ်ဒေါင်းသတင်း)
နေပြည်တော်တိုင်းမဟာရဲ့ ..၊ဆိုကရေးတီးပြိုင်ပွဲကြီးတွင် သုဝဏ္ဏသာမ ဇာတ်တော်ကြီးကိုအောင်မြင်စွာဖျော်ဖြေတင်ဆက်သွားရာ ..၊ ပရိတ်သတ်အပေါင်းသောင်းသောင်းဖျဖျအားပေးပြီးသကာလ၊ ၀က်ဝံများ၊ ဆိတ်များလည်း၊ သဘောတွေ့မနောခွေ့ကာ ..၊ ပြန်ပါလေစွ၊ ပြန်လေစွ ..၊ ဖြစ်ကြတော့သတည်း ။ ။
http://maungdai.blogspot.com
Saturday, January 26, 2008
ပြောင်လျှာရှည်တို့ကတဲ့ဇာတ် (၅)
Posted On Saturday, January 26, 2008 at at 1/26/2008 07:23:00 PM by moe pyay
Posted in
Labels:
ဇာတ်တော်ကြီး
|
0 comments:
Subscribe to:
Post Comments (Atom)