နိုင်ငံရေးကို အဓိက ကြိုးကိုင်သူဟာ စီးပွားရေးပဲ ဖြစ်ပါတယ်၊ စီးပွားရေးကိစ္စဟာ လူထုနဲ့ ပိုမိုပြီး နေ့တိုင်း ထိတွေ့နေရတဲ့ အရာလည်း ဖြစ်ပါတယ်၊ ကုန်ဈေးနှုန်းတွေ တရိပ်ရိပ်တက်လာရင် လူထုရဲ့ ညည်းငြူသံတွေဟာ ပို ကျယ်လောင်လာပါတယ်၊ ကုန်ဈေးနှုန်းက တက်၊ အလုပ်လက်မဲ့တွေက များ၊ ဝင်ငွေကကျဆင်း၊ လူမှုဖုံလုံရေး အထောက်အပံ့ ဆိုတာကလည်း ကြားတောင်မကြားဖူး။ နောက်ဆုံး မခံနိုင်တဲ့အဆုံးမှာ လူထုရဲ့ ညည်းငြူသံတွေဟာ တောင်းဆိုမှုတွေ အဖြစ် ပေါက်ကွဲ ထွက်လာပါတယ်၊ ဒီတော့ လူထုဘဝ သာယာဝပြောရေးအတွက် အုပ်ချုပ်ရမယ့် အစိုးရဟာ ဆန္ဒပြ တောင်းဆိုနေတဲ့ လူထုကြီးကို ပစ်ခတ် သတ်ဖြတ်တာတွေ ဖမ်းချုပ်တာတွေ စတဲ့ ဖိနှိပ်မှုတွေ လုပ်လာပါတယ်၊ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ကုန်ဈေးနှုန်းဟာ တစ်ခါ တက်လာပြန်ပါတယ်၊ စီးပွားရေး ကျဆင်းကြပ်တည်းမှုကနေ စခဲ့ပြီး နိုင်ငံရေး အုံကြွမှုဆီ ရောက်ရှိသွားခဲ့တဲ့ အဆိုးသံသရာ စက်ဝန်းတစ်ခု ပါပဲ၊ ပစ်ခတ်ပြီး ဖမ်းချုပ်ပြီး အသံတိတ်အောင် လုပ်လိုက်တာဟာ ဝေဒနာခံစားနေရတဲ့ လူနာရဲ့ ဒဏ်ရာဒဏ်ချက်တွေကို ကုစားတာမဟုတ်ပဲ အော်ဟစ်နေတဲ့ ပါးစပ်ကို အတင်းပိတ်ထားလိုက်တာနဲ့ တူပါတယ်။
အမှန်ပြောရရင် လူထုအများစုဟာ နိုင်ငံရေးကို စီးပွားရေးထက်စာရင် ဒုတိယနေရာမှာပဲ ထားလေ့ရှိပါတယ်၊ ကျနော်တို့ မြန်မာတစ်နိုင်ငံထဲမှ မဟုတ်ပါဘူး၊ ဒါဟာ အာရှတိုက်ရဲ့ စရိုက်သဘာဝ တစ်ခုပါ၊ ဥပမာပြောရရင် ကျနော်တို့ နိုင်ငံက ဆယ်တန်းအောင်ပြီးတဲ့ ကလေးတွေ ကျောင်းသွားတက်ကြ။ အလုပ်သွားလုပ် နေကြတဲ့ စင်္ကာပူနိုင်ငံ မှာ နိုင်ငံရေးလွတ်လပ်ခွင့် သိပ်ရှိတာ မဟုတ်ဘူး၊ ဒါပေမယ့် စီးပွားရေးက သိပ်ကောင်းနေပြီး အခြေခံ စားကုန်သောက်ကုန်တွေရဲ့ ဈေးနှုန်းကသိပ်နည်းနေတော့ လူတွေက အစိုးရကို ဘာမှမပြောကြဘူး၊ နိုင်ငံရေး တည်ငြိမ်နေတယ်၊ ၁၉၈၈ မှာ လူထုအုံကြွမှု ဖြစ်ခဲ့တာကို ပြန်ကြည့်ရင် နိုင်ငံရေးလွတ်လပ်ခွင့်ကို တောင်းခဲ့တာ။ လူ့အခွင့်ရေးကို တောင်းခဲ့တာ မဟုတ်ပါဘူး၊ စီးပွားရေး သိပ်ကြပ်တည်းလွန်းလို့ အပြောင်းအလဲတခုကို လိုချင်တယ်၊ ဒါပါပဲ၊ နောက်မှ ဒီမိုကရေစီ ဆိုပြီး အော်ခဲ့ကြတာပါ၊ ၁၉၈၇ မှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတနိုင်ငံအဖြစ် ကမ္ဘာ့ကုလသမဂ္ဂကနေ လက်ခံခဲ့တာကို ပြန်ကြည့်ရင် မြန်မာနိုင်ငံဟာ ဘယ်လောက်တောင်မှ စီးပွားရေး ချွတ်ခြုံကျနေသလဲ ဆိုတာကို ကျနော်တို့တွေ ပြန်ပြောင်းတွေးတော ကြည့်နိုင်ပါတယ်၊ တိုင်းပြည်ရဲ့ အောက်ဆုံးအလွှာမှာရှိတဲ့လူထုဟာ ဘယ်လောက်တောင် ချို့ချို့တဲ့တဲ့ ဖြစ်နေရတယ်။ ဘဝတွေဟာ ဘယ်လောက်တောင် မွန်းကြပ်နေရတယ်ဆိုတာကို အားလုံး နားလည်နိုင်ကြမှာပါ၊ အခုဆိုရင် အဲ့ဒီအချိန်ကထက်တောင် ပိုဆိုးလာနေပါပြီ၊ တံတားဆောက်တာ။ ကျောင်းတွေဆောက်တာ ကောင်းပါတယ်၊ ဒါပေမယ့် ဒါတွေကိုထောက်ပြပြီး တိုးတက်တိုးတက်မှုလို့တော့ ပြောလို့မရပါဘူး၊ တိုင်းပြည်တပြည်ဆိုတာ လူတွေနဲ့ဖွဲ့စည်းထားတာပါ၊ လူထုရဲ့ပျော်ရွင်မှုကို အမှန်တကယ် ဖန်တီးပေးနိုင်ရမယ်၊ စားဝတ်နေရေးဖူလုံမှုကို ဖန်တီးပေးနိုင်ရမယ်၊ အခြေခံအကျဆုံး ဖြစ်တဲ့ ပညာရေးနဲ့ ကျန်းမာရေးကို ဖြည့်ဆည်းပေးနိုင်ရပါမယ်၊ ဒါဟာ အာဏာကိုရယူပြီး အစိုးရတရပ်လို့ အမည်ခံချင်ရင် ဒါဟာ အစိုးရတရပ်ရဲ့ တာဝန်ပဲ ဖြစ်ပါတယ်၊ ပညာရေး စနစ်ကောင်းပြီး ပညာတတ်တဲ့လူတွေကို အလုပ်ကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ရင် ဘာကြောင့်တနေ့တခြား စင်္ကာပူလို မလေးရှားလို ကိုရီးယားလို အခုဆိုရင် အာရပ်နိုင်ငံတွေ ဖြစ်တဲ့ ယူအေအီးတို့ ကူဝိတ်တို့လို နိုင်ငံတွေကို လူငယ်တွေထွက်ပြီး အလုပ်လုပ်ကိုင်သူတွေ တစ်နေ့တခြား များလာတာလဲ၊ စစ်မှုထမ်းဟောင်း သားသမီးတွေကိုတောင် ဒီမှာအလုပ်မပေးနိုင်လို့ မလေးရှားမှာ အစိုးရကတရားဝင် အလုပ်ရှာပေးကြတယ် မဟုတ်လား၊ ကျနော်တို့ နားလည်ရမှာက တံတားတွေဆောက်လိုက်လို့ ကျောင်းတွေဆောက်လိုက်လို့ တိုင်းပြည်တိုးတက်ပါပြီလို့ ပြောနေတာကို နားမယောင်မိဖို့ပါ၊ ရွှေကျောင်းပြောင်ပြောင် ဝမ်းဟောင်ဟောင်လို့ ဆိုတယ် မဟုတ်လား။
ရောင်းစား နေကြပြီလား
လက်ရှိအစိုးရလက်ထက်မှာ စက်မှုစွမ်းအား ခေတ်ကျော်လွှား ဆိုပြီး တီဗွီတွေ ရေဒီယိုတွေမှာ အသံကုန် ဟစ်နေပေမယ့် ဟိုးအရင် ဦးနုလက်ထက် ၁၉၅၂ လောက်က ပြည်တော်သာ စီမံကိန်းဆိုပြီး စက်မှုနိုင်ငံထူထောင်ဖို့ တည်ဆောက်ခဲ့တဲ့ သမိုင်း အင်းစိန်တစ်ဝိုက်က အထည်စက်တွေ ဂုံလျှော်စက်တွေ စတဲ့ စက်ရုံတွေဟာ ဘာမှ မထုတ်နိုင်တော့ပဲ =ဝင်းသူဇာ ဈေးဆိုင်တွေအဖြစ် ပြောင်းလဲကုန်ပါပြီ၊ အလုပ်သမားတွေနဲ့ ရုံးပိုင်းက လူတွေဟာလည်း အရောင်းဝန်ထမ်းတွေ ဖြစ်ကုန်ပါပြီ၊ ၁၉၈၈ မတိုင်ခင်တုန်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ လက်ထက်မှာ အဲ့ဒီစက်ရုံတွေဟာ လည်ပတ်နေတုန်းပါပဲ၊ ကုန်ပစ္စည်းတွေ ထုတ်နေတုန်းပါပဲ၊ အခုတော့ စက်ရုံတွေဟာရပ်တန့် ကုန်ပါပြီ။
စက်ရုံတွေ ရပ်တန့်သွားရုံလား၊ မဟုတ်ပါဘူး၊ လျှပ်စစ်မီး ပြတ်တောက်မှုကလည်း အတော့်ကို စိပ်လာပါတယ်၊ နှစ်ချီပြီး မီးပြတ်နေတာဟာ ဘာသဘောပါလဲ၊ စက်မှုလုပ်ငန်း ထူထောင်ဖို့ဆိုရင် လျှပ်စစ်ဟာ အခြေခံအကျဆုံးစွမ်းအင် အရင်းမြစ်ပါ၊ ရန်ကုန်က တချို့နေရာတွေဆို တနေ့ ၁ နာရီ ၂ နာရီလောက်ပဲ မီးရတော့တဲ့ အခြေနေမျိုးထိ ရောက်လာပါတယ်၊ တခါတလေ ၂ ရက် ၃ ရက် ပျက်သွားတာမျိုးလည်း ရှိပါတယ်၊ ဘာကြောင့် မီးပြတ်ရသလဲဆိုတာကို လူထုကို ရှင်းပြတာမျိုးတစ်ခါမှ မကြားရပါဘူး။
လူထုဟာ တနေ့တခြား ဆင်းရဲလာရုံတင်မကဘူး မွဲတေတဲ့ အဆင့်ကို လူများစုရောက်ရှိနေပြီ ဖြစ်ပါတယ်၊ ဖွဲ့စည်းပုံထဲမှာ စစ်တပ်ရဲ့ အခန်းကကို အရေးကြီးဆုံးနေရာမှာ ထားတယ်ဆိုတော့ စီးပွားရေးကိစ္စကိုလည်း တနည်းနည်းနဲ့ ဆက်လက် ခြယ်လှယ်နိုင်တယ်ဆိုတာ သိသာပါတယ်။
စီးပွားရေးအိပ်မက်ဆိုး
စစ်အေးခေတ်တိုက်ပွဲမှာ ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်ဝါဒတွေ ကျဆုံးခဲ့ရတာဟာ အဲ့ဒီဝါဒတွေကို ကျင့်သုံးနေတဲ့ တိုင်းပြည်တွေမှာ စီးပွားရေး နလံမထူနိုင်အောင် မွဲတေလာကြလို့ သူတို့ရဲ့ ဝါဒနဲ့ နိုင်ငံရေးစနစ်ကို ပြောင်းလဲခဲ့တာ ရှိသလို။ နိုင်ငံရေးစနစ်ကို မပြောင်းဘဲ တံခါးဖွင့် စီးပွားရေးဝါဒကို ကျင့်သုံးခဲ့တဲ့ တရုတ်လိုနိုင်ငံမျိုးလည်း ရှိပါတယ်၊ ပြောလိုတာက စီးပွားရေးမကောင်းရင် ဘယ်အရာမဆို ဘ
ရော မတတ်သူပါ အလုပ်လက်မဲ့တွေ ပိုများလာပါတယ်၊ မိသားစုဝင်ငွေကနည်းပြီး ကုန်ဈေးနှုန်းက အဆမတန် တက်နေတော့ လူတွေရဲ့ လူနေမှုအဆင့်အတန်းဟာ တဟုန်ထိုး ကျဆင်းနေပါတယ်၊ ဆင်ခြေဖုန်းရပ်ကွက်တွေထဲ ဆင်းကြည့်ရင် "ကျုပ်တော့ဗျာ ဆန်ကွဲဝယ်ပြီး နှစ်နပ် မစားနိုင်ဘူး၊ ဝဝ မဝဝ ဆန်ပဲတနပ်စာ ဝယ်စားမယ်ဆိုတဲ့ လူ့သိက္ခာကို ထိမ်းသိမ်းတဲ့ ဒေါသသံမျိုးကို ကြားရတတ်ပါတယ်၊ တနေ့တနပ် စားတာကနေ နောက်ဘာတွေ ဖြစ်လာမလဲ၊ စီးပွားရေးကြပ်တည်းမှုဟာ ဘဝတွေကို အလဲထိုးနေပါတယ်။
ထောက်ခံမဲလား။ လူမွဲဖြစ်စေမယ့်လက်မှတ်လား
မြန်မာ့သမိုင်း သင်ဖူးတဲ့ လူတွေအားလုံး အသိပါပဲ၊ ၁၉၃ဝ ဆရာစံရဲ့ တောင်သူလယ်သမား အရေးတော်ပုံဆိုတာ စီးပွားရေး ကြပ်တည်းမှုကနေ ဗြိတိသျှအစိုးရကို တော်လှန်ပုန်ကန်ခဲ့တဲ့ နိုင်ငံရေးတိုက်ပွဲပါ၊ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ လူထုအုံကြွမှုဟာလည်း စီးပွားရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ တိုက်ပွဲခေါ်သံတခုပါ၊ အစိုးရအနေနဲ့ အသံတွေကို တိတ်သွားအောင် ရက်ရက်စက် နှိပ်ကွပ်ခဲ့တာကလွဲရင် ဘာမှလိုက်လျောမှုတွေ မရှိခဲ့ပါဘူး၊ စီးပွားရေးကြပ်တည်းမှု ပြဿနာဟာ အရင်အတိုင်းပါပဲ။
မေလ ဖွဲ့စည်းပုံ အခြေခံဥပဒေအတည်ပြုရေး ဆန္ဒမဲပေးပွဲမှာ ထောက်ခံမဲပေးကြဖို့ ဆော်သြနေတာတွေကို သတင်းစာဆောင်းပါးတွေထဲမှာ နေ့တိုင်းနီးပါး ရေးနေကြတာ အားလုံးအသိပါပဲ၊ ထောက်ခံမဲမပေးရင် "အရူးလို့သဘောဆောင်တဲ့ ရေးသားမှုမျိုးကိုတောင် တွေ့နေရပါတယ်၊ ထောက်ခံမဲ ပေးလိုက်တာက လွယ်ပါတယ်၊ ဒါပေမယ့် ဒါကြီး အတည်ဖြစ်သွားရင် မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြန်ကောင်းလာလိမ့်မယ်လို့ ဘယ်သူ ကတိပေးရဲပါသလဲ။
ဒါက မေးနေစရာလိုတဲ့ ကိစ္စလားဗျာ၊ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ တက်လာတဲ့ အစိုးရအဖွဲ့က ဖြေရှင်းရမယ့် ကိစ္စပါဆိုပြီး လွယ်လွယ်နဲ့လမ်းလွှဲတဲ့ အဖြေမျိုး ပေးကြတဲ့လူမျိုးလဲ ရှိကြပါလိမ့်မယ်၊ အစိုးရက တဖက်သတ် ရေးဆွဲထားတဲ့ ဒီဖွဲ့စည်းပုံကို အာဆီယံကလည်း မကြိုက်ဘူး။ အီးယူ လို့ခေါ်တဲ့ ဥရောပသမဂ္ဂနိုင်ငံ တွေကလည်းမကြိုက်ဘူး၊ ဂျပန်နဲ့ အမေရိကန်နိုင်ငံတွေကလည်း ဗြောင်ပဲလက်မခံဘူးလို့ ထပ်ခါတလဲလဲ ပြောနေကြပါတယ်၊ စီးပွားရေး ပိတ်ဆို့မှုတွေ အထောက်အပံ့ရပ်ဆိုင်းမှုတွေကို တင်းတင်းကြပ်လုပ်ထားကြပါတယ်၊ သူတို့မကြိုက်လည်း ဘာအရေးလဲ၊ ဒါ ငါတို့ရဲ့ ပြည်တွင်းရေးကိစ္စပါလို့ ငြင်းမယ့်သူတွေလည်း ရှိကြပါလိမ့်မယ်။
ဒီနေရာမှာ ကျနော်တို့ နားလည်ရမှာက ကျနော်တို့ နေထိုင်တဲ့ခေတ်ဟာ စီးပွားရေးကို တနိုင်ငံနဲ့တနိုင်ငံ အမှီသဟဲပြု နေထိုင်ကြတဲ့ လိုဘယ်လိုက်ဇေးရှင်း (Globalization) လို့ ခေါ်တဲ့ခေတ်မျိုးဆိုတာ အားလုံးအသိပါပဲ၊ ဘယ်အစိုးရပဲ တက်လာတက်လာ။ ဘယ်သူပဲ အုပ်ချုပ်အုပ်ချုပ် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ပြီး စီးပွားရေးမလုပ်နိုင်ရင် စီးပွားရေးဟာဘယ်တော့မှ နလံထူနိုင်မှာ မဟုတ်ပါဘူး၊ ၁၉၈၈ မှာ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကျဆုံးသွားရတာဟာ တံခါးပိတ် စီးပွားရေးဝါဒ ကျင့်သုံးခဲ့လို့ စီးပွားရေး ချွတ်ချုံကြလို့ ကျဆုံးသွားရတာ ဖြစ်ပါတယ်၊ အခုစစ်အစိုးရလက်ထက်မှာ တံခါးဖွင့် စီးပွားရေးစနစ် ကျင့်သုံးပေမယ်လို့ စီးပွားရေးလုပ်ဖို့ ခိုင်မာတဲ့ အာမခံချက်ပေးတဲ့ ဥပဒေမရှိလို့ လူ့အခွင့်အရေးတွေ ဖောက်ဖျက်လို့ ဘယ်သူမှ မယ်မယ်ရရ လာပြီး ရင်းနှီးမြုပ်နှံမှုတွေ မရှိကြပါဘူး။
၂ဝ၁ဝ အလွန်ကနွံ
၂ဝ၁ဝ မှာအစိုးရသစ် တက်လာလ္ကို အသက်ရှုချောင် လာမလားလို့ တွေးနေသူတွေ ရှိကောင်းရှိကြမှာပါ စီးပွားရေးကောင်းဖို့ ဆိုတာ နိုင်ငံတကာနဲ့ အံဝင်အောင်နေဖို့ လိုပါတယ်၊ အာဏာကို ဓားမိုးပြီး ထိမ်းထားလို့ ရပေမယ့် စီးပွားရေးဆိုတာ ဓားထောက်ပြီး လိုသလိုခိုင်းလို့ မရနိုင်ပါဘူး၊ စီးပွားရေး ကျဆင်းခြင်းနဲ့အတူ အရောင်းအဝယ်တွေ အ လာမယ်၊ အလုပ်လက်မဲ့တွေ ပိုများလာမယ်၊ မိသားစုဝင်ငွေ ကျဆင်းလာမယ်၊ ကျောင်းမထားနိုင်တဲ့ ကလေးအရေအတွက် ပိုများလာမယ်၊ ကလေးအလုပ်သမားတွေ ပိုများလာမယ်၊ လူကြီးရော ကလေးပါ အာဟာရ ချို့တဲ့မှုတွေ ဖြစ်လာပြီး ကလေးတွေဟာ ဥာဏ်ရည်မမှီခြင်းလို ဆိုးဝါးတဲ့ ကျန်းမာရေးပြဿနာတွေ ပိုများလာမယ်၊ ဘာမှ အဆင်မပြေတော့ စိတ်ဖိစီးမှုနဲ့ စိတ်ကျရောဂါတွေ ပိုများလာမယ်၊ စာရိတ္တပျက်ပြားမှုဟာ အဆိုးဆုံးအနေအထားကို ရောက်သွားမှ ဖြစ်ပါတယ်၊ နိုင်ငံခြားမှာ ကျောင်းထားဖို့ ကြိုးစားသူတွေ တဖက်ကပိုများလာသလို လမ်းပေါ်မှာ တောင်းရမ်းစားသောက်ရသူတွေ ပိုများလာမှာ အမှန်ပါပဲ၊ ဒါတွေကို မြို့နေလူထုတရပ်လုံးနဲ့ လယ်သမားယာသမားတွေ အားလုံးပါ ခံစားကြရမှာ ဖြစ်ပါတယ်၊ အစိုးရကို ထောက်ခံအားပေးနေကြတဲ့ ကြံခိုင် ဖွံဖြိုးရေးအသင်းဝင်တွေကော လွတ်မှာတဲ့လား၊ သူတို့လဲအလားတူ ခံစားကြရမှာပါ၊ နိုင်ငံရေးကို လက်နက်အားကိုးနဲ့ အကြပ်ကိုင်လို့ ရပေမယ့် စီးပွားရေးကိုတော့ သေနပ်နဲ့ပစ်ချလို့ မရပါဘူး၊ ဒါကြောင့် မိဘပြည်သူများအားလုံး ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံမလား ကန့်ကွက်မလားဆိုတဲ့ မဲတစ်ပြားကို ခုနက ပြောခဲ့တဲ့ သားစဉ်မြေးဆက် ခံစားရမယ့် စီးပွားရေး သံသရာဆိုးကြီးကို ထည့်သွင်းစဉ်းစားပြီးမှ မဲထည့်ကြဖို့ပါ၊ မိမိကိုယ်တိုင် ခံစားနေရတဲ့ ဒုက္ခဆိုးကို နောင်လာ နောက်သားတွေကို အမွေပေးထားခဲ့မလား။ လေးလေးနက်နက် စဉ်းစားကြပါ။
မောင်နိုးသာအောင်