ဆုံးရှုံးသွားမှ တန်ဖိုးထားရကောင်းမှန်း နားလည်ခဲ့လား?
ကိုယ့်ဘ၀ကနေ ထွက်သွားတော့မှ နှမြောတသ လွမ်းဆွတ်နေမလား?
သူ့တို့ရဲ့ပုံပြင်လေးတွေကို ဖတ်ပြီး ကိုယ့်စိတ်ကို ပျော့ပြောင်း(နူးညံ့) ကြည့်ရအောင်...
ပုံပြင် (၁)
မင်္ဂလာဆောင်ပြီး (၃)နှစ်
ခင်ပွန်းတစ်ယောက် ဘယ်ကဘယ်လို အတွေးရလာခဲ့သလဲ မသိဘူး သူနဲ့အတူ စာရွက်တစ်ရွက်မှာ တစ်ဖက်လူရဲ့ ဆိုးကျိုးတွေကို ချရေးဖို့ ကျွန်မကို အဖော်ညှိခဲ့တယ်။ ကျွန်မတို့ စာရွက်ကိုယ်စီယူပြီး စားပွဲစွန်းရဲ့ တစ်ဖက်တစ်ချက်မှာ သူ့ဆိုးကျိုး၊ ကိုယ့်ဆိုးကျိုးတွေကို မနားတမ်း ချရေးတော့တယ်။ တအောင့်နေတော့ ရေးတာကို ကျွန်မရပ်လိုက်တယ်။ ခင်ပွန်းက ဘောလ်ပင်ကိုကိုင်ပြီး ဆက်ရေးဖို့ တွေးတောနေတယ်။ ကျွန်မလည်း အားကျမခံ သူ့ဆိုးကျိုးတွေကို ဆက်ရေးပြန်တယ်။ ရေးစရာကုန်လို့ ခေါင်းမော့်ကြည့်တော့ ခင်ပွန်းက ခေါင်းငုံ့ပြီး သွင်သွင်ရေးနေတယ်။
ကျွန်မရဲ့ဆိုးကျိုးတွေ ဒီလောက်များနေသလား?
ကျွန်မ ဘာမပြော ညာမပြောဘဲ ဘောလ်ပင်ကို ပစ်ချ စာရွက်ကို ဆုတ်ဖြဲပြီး အိပ်ခန်းထဲ ဆောင့်ကြီးအောင့်ကြီး ပြေးဝင်ခဲ့တယ်။ ခင်ပွန်းက အိပ်ခန်းထဲလိုက်ဝင်ပြီး သူရေးထားတဲ့စာရွက် ကျွန်မကို ကမ်းပေးတယ်။ စာရွက်ကို ကျွန်မဆွဲယူပြီး ကြည့်လိုက်တော့ " ချစ်တယ်.. ချစ်တယ်.." ဆိုတဲ့ စာနှစ်လုံးကို စာရွက်အပြည့်ရေးထားတာ တွေ့လိုက်ရတယ်။

ပုံပြင် (၂)
ကျွန်တော်ရဲ့ သူမက စကားနည်းတယ်။
ချစ်သူဖြစ်ပြီး အိမ်ထောင်ကျတဲ့အထိ စကားကို သူကစပြောတယ်ဆိုတာ မရှိခဲ့ဘူး။ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြုံးရယ်တာမျိုးဆိုရင် ဝေလာဝေးပေါ့။ တစ်ခုခုဖြေရင်လည်း အသက်မပါသလိုဆိုတော့ ကျွန်တော်တို့ လင်မယားရဲ့ ပေါင်းသင်းဆက်ဆံရေးက သူစိမ်းနဲ့ သိပ်မကွာခဲ့ဘူး။ ကြာလာတော့ သူ့ကို ဘာကြောင့် လက်ထပ်ခဲ့ရသလဲဆိုပြီး ကိုယ့်ကိုယ်ကို မုန်းခဲ့မိတယ်။
အခုတစ်လော အလုပ်ကိစ္စနဲ့ ကျွန်တော် လအတန်ကြာ ခရီးထွက်ဖို့ အကြောင်းဖန်လာတယ်။ ခရီးထွက်မယ့်ညက သန်းခေါင်ယံမှာ ကျွန်တော်လန့်နိုးလာခဲ့တယ်။ ဘေးမှာအိပ်နေတဲ့ သူ့ကို မတွေ့လို့ ကျွန်တော်ထကြည့်လိုက်တော့ ဘုရားခန်းမှာ ငုတ်တုတ်လေးထိုင်ပြီး ဆုတောင်းနေတဲ့ သူ့ကိုတွေ့လိုက်တယ်။ "အရှင်ဘုရား... တပည့်တော်မရဲ့ ခင်ပွန်း သွားလမ်းလာလမ်း ဖြောင့်ဖြူးပါစေ။ ဘေးမသီရန်မခပါစေနဲ့ ဘုရား"
ကျွန်တော့်အချစ်ဆုံးကို ကျွန်တော်ရှာတွေ့ခဲ့ပြီဆိုတာ အနှစ် ၃၀ ကြာမှ ကျွန်တော် သိလိုက်ရတယ်။
ပုံပြင် (၃)
မှတ်မိပါသေးတယ်။ တစ်ခါက နင်မွေးထားတဲ့ ကြောင်ကလေး ပျောက်သွားလို့ နင်ရက်အတော်ကြာ ၀မ်းနည်းခဲ့တယ်။ နင့်ကို နှစ်သိမ့်ချင်တဲ့ငါ အရုပ်ဆိုင်မှာ နင့်အတွက် ကြောင်ရုပ်လေးတစ်ကောင် ၀ယ်ပေးခဲ့တယ်။
"ကြောင်က ပျောက်သွားပေမယ့် သူ့ဘာသာအိမ်ပြန်လာတတ်တယ်။ အခုတော့ ဒီအရုပ်ကိုပဲ ခဏအစားထိုးရတော့မှာပေါ့"
ရီဝေေ၀မျက်လုံးနဲ့ အဲဒီအချိန်တုန်းက နင်ပြောခဲ့တဲ့ စကားကို ငါသိပ်နားမလည်ခဲ့ဘူး။ နီးလိုက်ဝေးလိုက်နဲ့ ငါတို့ရဲ့အဖြစ်တွေက တစ်ခုခုကို မျှော်လင့်စောင့်စားနေသလိုပဲ။ သူ့ရင်ခွင်ထက်မှာ ပြုံးပျော်နေတဲ့နင့်ကို တွေ့လိုက်ရတဲ့ အချိန်ကျမှ နင့်စကားကို ငါနားလည်ခဲ့တော့တယ်။ တကယ်တော့ ငါဟာ နင့်အတွက် အစားထိုးစရာ အရုပ်ပဲဖြစ်ခဲ့တယ်။
ပုံပြင် (၄)
အဲဒီနှစ်က စီးပွားရေးမကောင်းလို့ အလုပ်ဖြုတ်တဲ့အထဲမှာ ကံမကောင်းစွာ ကျွန်တော်ပါသွားခဲ့တယ်။ အလုပ်လက်မဲ့ငါ့ကို ချစ်သူကလည်း စွန့်သွားခဲ့တယ်။ အဲဒီညက စိတ်ညစ်ညစ်နဲ့ ကျွန်တော်အရက်ဘား ရောက်သွားပြီး အဲဒီမှာသူနဲ့ ဆုံခဲ့တယ်။
သူနဲ့သိတဲ့ တစ်လ နှစ်လအတွင်း သူ့ရင်ခွင်မှာ ကျွန်တော်မူးလဲခဲ့တာ အကြိမ်ပေါင်း မနည်းခဲ့ဘူး။ မူးနေတဲ့ ကျွန်တော့်ကို သူဂရုတစိုက် ပြုစုခဲ့တယ်။ ခရစ်စမတ်ညက စားသောက်ဆိုင်တစ်ခုမှာ ကျွန်တော်တို့ ထမင်းအတူစားနေတုန်း သူ့ဘယ်ဖက် လက်သူကြွယ်က လက်စွပ်ကို အမှတ်မထင် ကျွန်တော်တွေ့လိုက်မိတယ်။
"လက်ထပ်ပြီလား"
"မဟုတ်ပါဘူး.. လှလို့ စွပ်ထားတာ"
သူ့စကားကို ကြားတာနဲ့ သူ့လက်ကိုဆွဲပြီး အနီးဆုံး လက်ဝတ်ရတနာဆိုင်ကို သွားခဲ့တယ်။ ကျွန်တော်စုထားတဲ့ ပိုက်ဆံနဲ့ သူ့အတွက် လက်စွပ်တစ်ကွင်း ၀ယ်ပေးလိုက်ပြီး "ဒီညတော့ ဘတ်စ်ကားနဲ့ပဲ ပြန်ရတော့မယ်" လို့ ကျွန်တော်နောက်တော့ သူမျက်ရည်ဝဲပြီး ခေါင်းငုံ့လိုက်တာကို တွေ့လိုက်မိတယ်။
ကျွန်တော်တစ်ခြားမြို့ကို ပြောင်းခါနီး သူနဲ့နောက်ဆုံးတစ်ကြိမ် တွေ့ဖြစ်တယ်။ ကျွန်တော်အင်္ကျီကော်လံကို သူဆွဲဆန့်ပေးရင်း နဖူးက ချွေးတွေကို သူသုတ်ပေးခဲ့တယ်။ "လိုအပ်ရင် သုံးဖို့ ယူသွားနော်" ဆိုပြီး ကျွန်တော့်အိတ်ထဲ ငွေတစ်ချို့ ထိုးထည့်ပေးတယ်။ ဒီလိုနဲ့ မြို့လေးနဲ့အတူ သူ့ကို ကျွန်တော်ခွဲခဲ့တယ်။
လေး၊ ငါးနှစ်ကြာတော့ ကျွန်တော်ကိုယ်ပိုင် ကုမ္ပဏီတစ်ခု ထောင်နိုင်ခဲ့တယ်။ အ၀တ်ဘီရိုကို ရှင်းလင်းပြီး မ၀တ်ဖြစ်တာ ကြာပြီဖြစ်တဲ့ ကုတ်အင်္ကျီကို ကျွန်တော်မီးပူတိုက်တော့ အင်္ကျီအိတ်ထဲက မာတာတာအရာတစ်ခုကို တိုက်မိတယ်။ ထုတ်ကြည့်မိတော့ လက်ကိုင်ပုဝါနဲ့ထုပ်ထားတဲ့ လက်စွပ်တစ်ကွင်းကို တွေ့လိုက်မိတယ်။ ခရစ်စမတ်ညက သူ့လက်မှာ ကျွန်တော်တပ်ဆင်ပေးခဲ့တဲ့ လက်စွပ်နဲ့ ပုံစံတူ လက်စွပ်တစ်ကွင်းကို တွေ့လိုက်မိတယ်။ လက်စွပ်တစ်စုံထဲက တစ်ကွင်းကိုပဲ အဲဒီညမှာ ကျွန်တော်ဝယ်ခဲ့တယ်ဆိုတာကို သတိရလိုက်မိတယ်။
အခုချိန်ကျမှ နောင်တ၊ တာဝန်မဲ့မှုနဲ့ အားနာမှုတွေက ကျွန်တော့်ရင်မှာ ပြည့်နှက်နေတော့တယ်။
ဒဏ်ရာ အနာတရတွေ ထင်ကျန်ခဲ့မှ ဘ၀အကြောင်း၊ အချစ်အကြောင်းကို နားလည်နိုင်မှာလား...? လူတစ်ချို့ရဲ့ ဘ၀က သဲအသွင်းခံရတဲ့ ကမာကောင်နဲ့တူတယ်။ စိတ်ပျက်ဝမ်းနည်းခြင်း အခက်အခဲတွေကို ပုလဲတစ်လုံးဖြစ်အောင် ပြောင်းလဲနိုင်ကြတယ်။