Monday, June 23, 2008

မောင်

ချစ်သူအတွက်...


ဂီတာအိုတောင် ပျိုရွယ်နေဆဲ တေးသံနဲ့ သီချင်းအသစ်ဖြစ်သေးရင် အကြင်နာဆိုတာ ဒီတစ်ယောက်နဲ့ပဲ ပြီးသင့်သလား....တဲ့။

အကြင်နာဆိုတာ ဒီတစ်ယောက်နဲ့ပဲ အဆုံးသတ်ရမယ်လို့တော့ ဘယ်သူကမှ ဥပဒေမထုတ်ထားပေမယ့် ကျွန်မရဲ့ အချစ်တွေကိုတော့ မောင်တစ်ယောက်တည်း ဆီမှာပဲ အဆုံးသတ်သွားချင်ပါတယ်။ မောင်နဲ့ ကျွန်မကြားမှာ ဟိုးအရင် ၁၅၀၀အချစ်ဆိုတာ မရှိခဲ့သေးခင် ကတည်းက မောင့်ကိုကျွန်မ စလိုက်နောက်လိုက်နဲ့ ကျွန်မရဲ့ နောက်ဆုံးအချစ်လို့ ခေါ်ခဲ့တယ်နော်။ ကျွန်မဘာလုပ်လုပ် သူငယ်ချင်းတွေအားလုံး သိပြီးမှ မောင်က နောက်ဆုံးသိတဲ့သူ ဖြစ်ဖြစ်နေခဲ့လို့လေ။ မောင်ကလည်း ကျွန်မ စနေတယ်ဆိုတာ သိခဲ့တာပဲ။ အဲ့ဒီအချိန်တွေအထိ ကျွန်မမောင့်ကို ၁၅၀၀အချစ်နဲ့ မချစ်ခဲ့သေးသလို မောင်လည်း ကျွန်မအပေါ်မှာ ရိုးရိုးသားသား ခင်ခဲ့တာပဲ မဟုတ်လား။

မောင်ရယ်... အချစ်ဆိုတာ ဆန်းကြယ်တယ်လို့ မောင့်ကို ချစ်မိတဲ့အချိန်မှာ ကျွန်မလက်ခံခဲ့တယ်။ ညတစ်ညမှာ မောင်နဲ့ ကျွန်မ စကားတွေ အများကြီး ပြောမိရာကနေ တစ်ယောက်ကိုတစ်ယောက် ချည်နှောင်မိသလို ခံစားခဲ့ရတယ်။ မောင်ကျွန်မကို ချစ်တယ်လို့ ခံစားမိသွာတဲ့ အချိန်မှာပဲ ကျွန်မလည်း မောင့်ကိုချစ်မိသွားပြီလို့ နားလည်ခဲ့တယ်။ ကိုယ့်ကိုယ်ကို ချစ်သူထားဖို့ အရည်အချင်း မရှိသေးဘူးလို့ ထင်ခဲ့တဲ့ ကျွန်မ၊ မောင့်ကို ငြင်းခဲ့မိသေးတယ်။ ဒါပေမယ့် မောင်စိတ်မကောင်းဖြစ်သွားပြီလို့ ခံစားမိတဲ့အချိန်မှာ ကျွန်မဘာကိုမှ မစဉ်းစားတော့ဘူး။ မောင်နဲ့ ထပ်တူတပ်မျှ ချစ်ခဲ့တဲ့အတွက် မောင့်ကို ကျွန်မ အကြွင်းမရှိ ရာနှုန်းပြည့် လက်ခံခဲ့တယ်။ ချစ်တုန့်ပြန်ခဲ့တယ်။

ကျွန်မဆိုတဲ့ မိန်းမက ချစ်သာချစ်တတ်တာပါ မောင်ရယ်။ တကယ်တော့ ကိုယ့်ချစ်သူအတွက် အလိုက်မသိတတ်ပါဘူး။ မောင်ကသာ ကျွန်မကို ဟိုးအရင်လို မဟုတ်တော့ဘူးဆိုပြီး ခေါ်တာတောင် ကြင်ကြင်နာနာ ခေါ်ခဲ့ပေမယ့် ကျွန်မကတော့ မောင့်အလိုကို မလိုက်လျောနိုင်ခဲ့ဘူး။ ရှက်တာရော၊ ကိုယ့်ကိုယ်ကို ထိန်းသိမ်းတာရော ပေါင်းစပ်လိုက်တဲ့အခါ ချစ်သူရဲ့ အလိုကို ကျွန်မလျစ်လျူရှုသလို့  ဖြစ်ခဲ့တယ်။ ကျွန်မ စကားတွေ အများကြီးမပြောတတ်ပါဘူး မောင်ရယ်။ မောင်လို့ ခေါ်ဖို့တောင် ပြောမထွက်ခဲ့ပါဘူး။ ကျွန်မ အဲ့ဒီလောက်ထိ ရှက်တတ်ခဲ့တယ်။ စာရေးနေတဲ့ ကျွန်မကို စကားမပြောတတ်ဘူးလို့ပြောရင် မောင်ကတော့ ယုံမှာ မဟုတ်ပါဘူးနော်။ ဒါပေမယ့် ကျွန်မ တကယ်ကို ထုတ်ဖော်မပြောပြတတ်ခဲ့ပါဘူး။

ကျွန်မ မောင့်ကို ပြောခဲ့ဖူးတယ်နော်။ ကျွန်မက ယောက်ျားတစ်ယောက် မြင်မြင်ချင်း ချစ်သွားရလောက်အောင်လည်း ရုပ်ရည်လှတဲ့သူ မဟုတ်ပါဘူး။ ယောက်ျားတစ်ယောက် ကိုယ့်အနားမှာ ပျော်အောင်လည်း ကျွန်မအလိုက်မသိတတ်ဘူး။ ကိုယ့်ကိုယ်ကို ချစ်သူရှိတဲ့ မိန်းကလေး ဆိုပြီးတော့လည်း ချစ်သူဆီမှာ တီတီတာတာပြောပြီး မချွဲနွဲ့တတ်ဘူး။ ချစ်သူဘ၀မှာကတည်းက ချစ်သူဆိုတာ တစ်နေ့မှာ ကိုယ့်အိမ်ထောင်ဘက် ဖြစ်လာမှာပဲဆိုတဲ့ စိတ်နဲ့လည်း မသေချာသေးတဲ့ အရာတစ်ခုကို မျက်စိမှိတ်ပြီး ကျွန်မဘ၀တစ်ခုလုံး ပုံအပ်ရလောက်အောင်လည်း ကျွန်မက မိုက်ရူးရဲပြီး အချစ်ဆိပ်တက်တတ်တဲ့ အရွယ်လည်း မဟုတ်ဘူး။ ကျွန်မရဲ့ ထိန်းသိမ်းမှုတွေ၊ ရှက်ရွံ့မှုတွေမှာ တစ်နေ့ကျရင် မောင်ကျွန်မကို စိတ်ပျက်ပြီး ငြီးငွေ့လာပါလိမ့်မယ်လို့။ ဒါပေမယ့် မောင်ကပြောခဲ့တယ်လေ။ အဲ့ဒါတွေက စိတ်ပျက်စရာမှ မဟုတ်ဘဲ။ ကိုယ့်စိတ်သာ အဓိကတဲ့။ မောင်ကတော့ ကျွန်မကို ချစ်နေမှာပဲတဲ့။ ကျွန်မ မောင့်ကို ကျေးဇူးတင်သလို ပိုပြီးတော့လည်း ချစ်ခဲ့ရပါတယ်။

မောင့်ကို ချစ်ခဲ့ကတည်းက တစ်နေ့ကျရင် ဝေးသွားရင်လည်း ဝေးသွားနိုင်တယ်လို့ ကျွန်မသိခဲ့ပေမယ့် တစ်နေ့ထက်တစ်နေ့ ကျွန်မမောင့်ကို ပိုချစ်မိတဲ့အခါ မဝေးချင်တော့ဘူး။ မောင့်ကို ကျွန်မအနားမှာပဲ ထားချင်တယ်။ မောင်ပြုမူ လှုပ်ရှားနေသမျှကို ကျွန်မကြည့်နေချင်တယ်။ မောင်နဲ့ စကားမပြောဖြစ်ခဲ့ရင်တောင် မောင့်ရဲ့ အသက်ရှူသံကို ကျွန်မကြားနေချင်တယ်။ ကျွန်မစိတ်တွေ ဘယ်လိုဖြစ်သွားရပြီလဲ တကယ်ကို မသိခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မအနားမှာ မောင်ရှိနေချိန်မှာ မောင်ပျော်နေမယ်ဆိုရင် ကျွန်မကျေနပ်ပါတယ်။ မောင်က သိပ်ကို ဖြူစင်လွန်းတယ်။ ချစ်သူလိုလည်း ချစ်ရသလို ကလေးလေး တစ်ယောက်လိုလည်း ကျွန်မဂရုဏာနဲ့ ချစ်မိတဲ့အခါ ကျွန်မနှလုံးသား တစ်ခုလုံး ၂၄နာရီ လှည့်ပတ်နေတဲ့ သွေးတွေဟာ မောင့်ကို ချစ်တဲ့ အချစ်တွေ၊ ကျွန်မရဲ့ ဦးနှောက်ထဲက အသိစိတ်တွေဟာလည်း မောင့်ကိုချစ်တဲ့ အချစ်တွေ၊ ကျွန်မရဲ့ တစ်နေ့တာအတွက် လုပ်ဆောင်သမျှ၊ လျှောက်လှမ်းနေသမျှ ခြေလှမ်းတိုင်းဟာလည်း မောင့်ကိုချစ်တဲ့ အချစ်တွေချည်းပါပဲ မောင်ရယ်။ မောင့်ကို ကျွန်မ ပြောမပြတတ်အောင် ချစ်ပါတယ်...။

မောင်ရယ်... ကျွန်မရဲ့ အိမ်ထောင်ရေး ရည်ရွယ်ချက်ဟာ ချစ်ရသူနဲ့ လက်ထပ်ရသူ တစ်ယောက်တည်း ဖြစ်ဖို့ပါ။ တစ်သက်မှာလည်း တစ်ယောက်တည်းကိုပဲ စွဲစွဲမြဲမြဲ သေတဲ့အထိ ချစ်သွားချင်ခဲ့တာပါ။ ဒါပေမယ့် အဲ့ဒီလို ဖြစ်မလာခဲ့ဘူး။ ကျွန်မရဲ့ အချစ်ဦးဟာ ခါးသက်ခဲ့တယ်။ အချစ်ဆိုတာကို ကျွန်မ မထိတွေ့ရဲတော့ပေမယ့် မောင့်ကိုတော့ ကျွန်မ မခွဲနိုင်အောင် ချစ်ခဲ့ရပြီလေ။ ကျွန်မပြောမှ သိနိုင်မယ့် မောင့်အတွက် မောင်သိအောင် ကျွန်မမပြောပြတတ်တာ ကျွန်မကံဆိုးတယ်။ အချစ်ဆိုတာ ပြောပြမှ သိမှာလားလို့တော့ မောင့်ကို မမေးရက်ပေမယ့် ကျွန်မမောင့်ကို ဘယ်လောက်ချစ်တယ်ဆိုတာ မောင်ခံစားမိမှာပါ။ စကားမပြောတတ်လို့ မောင်စိတ်အနှောင့်အယှက် ဖြစ်ရတဲ့အတွက်တော့ တောင်းပန်ပါတယ်မောင်ရယ်။

တကယ်တော့ မောင်နဲ့ ကျွန်မဟာ အကြိမ်တိုင်းလိုလို စိတ်ချင်းတိုက်ဆိုင်တတ်တာပါ။ မောင်နဲ့ ပတ်သက်လို့ ကျွန်မရဲ့ စိတ်ထဲမှာ ဖြစ်ပေါ်လာသမျှ မောင်ကဦးအောင် ကျွန်မထက်အရင် ကြိုသိခဲ့တဲ့သူပါ။ မောင့်ကို ကျွန်မ အရင်တုန်းကလို သူငယ်ချင်းတွေလိုပဲ ခေါ်ခဲ့ပေမယ့် တကယ်တမ်း ကျွန်မရင်ထဲမှာ မောင့်ကို မြတ်မြတ်နိုးနိုး ချစ်မိတဲ့အခါ တိတ်တိတ်လေး မောင်လို့ ခေါ်မိခဲ့တယ်။ နှုတ်ကနေ ထုတ်ပြောဖို့တော့ ကျွန်မ မရဲခဲ့သေးပါဘူး။ ဒီကြားထဲမှာ မောင်နဲ့ကျွန်မ တစ်ပတ်လောက် အေးအေးဆေးဆေး စကားမပြောဖြစ်ခဲ့ကြဖူးလေ။ စာကိုပဲ အာရုံစိုက်စေချင်လို့ မောင့်ကို ကျွန်မ စကားများများ မပြောဖြစ်ခဲ့ပါဘူး။ စာတမ်းတွေပြီးလို့ ပထမဆုံး စကားပြောဖြစ်တဲ့နေ့ကျရင် ကျွန်မစိတ်ထဲက တိတ်တိတ်လေး ခေါ်ခဲ့တဲ့ "မောင်"ဆိုတဲ့ စကားလေးတစ်ခုကို မောင့်ကို လက်ဆောင်အဖြစ် ပထမဆုံးအကြိမ် ခေါ်မလို့ပါပဲ။ ဒါပေမယ့် ဒီအချိန်ထိ မောင်နဲ့ကျွန်မ အေးအေးဆေးဆေး မတွေ့ရသေးဘူးနော်။

မောင်နဲ့ စကားကောင်းကောင်း မပြောရတဲ့ နေ့တွေမှာ ကျွန်မ မောင့်ကို လွမ်းရတယ်။ ရောက်လာနေကျ အချိန်တွေမှာ မောင်မရှိရင် ကျွန်မ အလိုလိုငိုနေမိတယ်။ အဲ့ဒီအကြောင်းတွေကို မောင်မသိခဲ့လို့ပဲ ကျွန်မ မောင့်ကို မချစ်ဘူးလို့ ထင်ရက်သလားမောင်ရယ်။ မောင်ပြောခဲ့သလို ကျွန်မစိတ်ထဲမှာ မောင့်ကို အချိန်ပိုပေးတာကလွဲလို့ မောင်ဟာ ကျန်တဲ့ သူငယ်ချင်းတွေနဲ့ ဘာမှမခြားပါဘူးဆိုရင် မောင့်အတွက်နဲ့ ကျွန်မဘာကြောင့် အဲ့ဒီလောက် ခံစားနေရမလဲမောင်ရယ်။ ကျွန်မစိတ်ကူးကို အကောင်အထည်ဖော်ဖို့ နှောင့်နှေးခဲ့တော့ အမြဲတမ်းအကြံဦးခဲ့တဲ့မောင်က အခုအချိန်မှာမှ အရင်လိုပဲ ခေါ်နေဦးမယ်ဆိုရင် ဘယ်အချိန်မှာ မောင်ဖြစ်စေချင်သလို ခေါ်စေချင်သလို ခေါ်မှာလဲတဲ့လား။ သတိရလို့ မနက်အိပ်ရာထကို စောင့်ပြီး ဖုန်းဆက်တယ်တဲ့လား။ မောင်သတိရသလို လွမ်းသလို ကျွန်မ မောင့်ကို သတိရနေတယ်။ လွမ်းနေတယ်ဆိုတာ မောင့်ကို သိစေချင်ပါတယ်။ ဒါပေမယ့် ကျွန်မ ဘယ်လောက် လွမ်းနေရပါတယ်လို့တော့ ကျွန်မနှုတ်ကနေ ဖွဲ့နွဲ့ပြီး နားဝင်ချိုအောင် မပြောတတ်ခဲ့ဘူးမောင်ရယ်။

မောင်နဲ့ ကျွန်မအတွက် နီးနီးစပ်စပ်နေဖို့ တစ်လလောက်ပဲ ရှိတယ်ဆိုတာကို ကျွန်မ နားလည်ပါတယ်။ အဲ့ဒီအတွက် အချိန်တိုင်းဟာ တန်ဖိုးရှိနေတယ် ဆိုတာလည်း ကျွန်မသိပါတယ်။ ဒါကြောင့်လည်း ကျွန်မ မောင့်ကို စောင့်နေတတ်ခဲ့တာပေါ့။ အခုလည်း စောင့်နေတုန်းပါပဲ။ အလိုမကျစိတ်နဲ့ ဖုန်းချပြီး အိပ်သွားတဲ့မောင့်ကို ဖြစ်နိုင်ရင် ချက်ချင်းနှိုးပြီး စကားတွေ ပြောချင်တယ်။ ဒါပေမယ့် ကျွန်မ မောင့်ကို မနှိုးရက်ပါဘူး။ မောင်ဘယ်တော့ ရောက်လာမလဲဆိုတဲ့ စိတ်နဲ့ မောင်ရောက်လာတဲ့အထိ ကျွန်မစောင့်နေမှာပါ။ ကျွန်မနှလုံးသားထဲက လှိုက်လှဲစွာနဲ့ မောင်လို့ ခေါ်နေခဲ့ပြီးသားပါ မောင်ရယ်။ မောင့်နားထဲကနေ ဖြတ်ပြီး နှလုံးသားထဲထိရောက်ဖို့တော့ ကျွန်မသတ္တိမွေးနေဆဲပေါ့။ စကားတွေ အများကြီး မပြောတတ်ပေမယ့် မြတ်မြတ်နိုးနိုးချစ်တယ် ဆိုတာတော့ ယုံပါမောင်ရယ်...။

မောင်ဟာ ကျွန်မရဲ့ အချစ်ဦးမဟုတ်ခဲ့ပေမယ့် အချစ်ဆုံးနဲ့ နောက်ဆုံးအချစ်တော့ ဖြစ်ချင်ခဲ့တယ်။ ကျွန်မကိုလည်း မောင့်ရဲ့ နောက်ဆုံးအချစ် ဖြစ်ခွင့်ပေးပါ။ ကျွန်မရဲ့ နှလုံးသားတစ်စုံကို မောင့်ဆီမှာ အပြီးအပိုင် အပ်လို့ ကျွန်မဘ၀ကိုလည်း မောင်နဲ့ပဲ တစ်သက်လုံး လက်တွဲသွားချင်တယ်။ ရင်ခုန်သံတောင် ထပ်တူကျခဲ့သေးတာပဲ။ ဘ၀နှစ်ခုကို တစ်ခုတည်းအဖြစ် ဘာလို့ထပ်တူမကျနိုင်ရမှာလဲ။ ကျွန်မကို နားလည်ပါမောင်ရယ်...။ မောင့်ကို ချစ်တဲ့အချစ်တွေ၊ လွမ်းတဲ့ စိတ်တွေနဲ့ ကျွန်မ မောင့်ကို စောင့်နေခဲ့ပါတယ်။ ကျွန်မနှလုံးသားထဲက မောင့်ကိုပေးမယ့် လက်ဆောင်တစ်ခုနဲ့ အတူတူပေါ့...။


ရွှေကိုဆင်တဲ့ ကျောက်မျက်တန်ဆာ




အောင်မြင်တဲ့ ယောက်ျားတစ်ယောက်ရဲ့ နောက်ကွယ်မှာ ထက်မြက်တဲ့ မိန်းမတစ်ယောက် ရှိနေတတ်တယ်တဲ့။ အဲ့ဒီစကားကို မောင်ကြားဖူးမယ် ထင်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် မိန်းမတွေဟာ ဘယ်လောက်ပဲ ထက်မြက်နေပါစေ ယောက်ျားတစ်ယောက်အတွက် အထောက်အပံ့သာ ဖြစ်ပြီး ဦးဆောင်သူ မလုပ်ကြဘူးဆိုတာ ထင်ရှားပါတယ်။ မဖြစ်နိုင်ဘူးဆိုတာတော့ ဘယ်ရှိမလဲ။ မိန်းမတွေမှာလည်း ကိုယ်ပိုင်အရည်အချင်းဆိုတာ ရှိပါတယ်။ ဒါပေမယ့် လက်ထပ်ပြီးတဲ့ မိန်းမတစ်ယောက်ဟာ ကိုယ့်ရဲ့ ကိုယ်ပိုင်အရည်အသွေးကို ကိုယ်တစ်ယောက်တည်းအတွက် အသုံးပြုတာ မဟုတ်တော့ဘဲ ကိုယ်မြတ်မြတ်နိုးနိုး ချစ်လို့ တစ်ဘ၀လုံး ပုံအပ်ထားတဲ့ ကိုယ့်ချစ်သူ၊ ကိုယ့်လင်ယောက်ျားအတွက် ပိုပြီး အထောက်အပံ့ဖြစ်အောင် သူ့ရဲ့ကိုယ်ပိုင်အရည်အသွေးပေါ်မှာ သွားပြီး ပေါင်းစပ်လိုက်တဲ့ သဘောပါပဲ။

ဒါပေမယ့် မောင်ရယ်...ကျွန်မလေ့လာမိသလောက် ပြောရရင် ယောက်ျားအယောက်တစ်ရာမှာ ကိုးဆယ့်ကိုးယောက်ဟာ ကိုယ့်ထက်ပိုပြီး ထက်မြက်တဲ့ မိန်းမတစ်ယောက်ကို ဘ၀လက်တွဲဖော်အဖြစ် မရွေးချယ်ချင်ကြပါဘူး။ အဲ့ဒီလို မိန်းမမျိုးကို မိတ်ဆွေ၊သူငယ်ချင်း၊စီးပွားဖက်၊ တိုင်ပင်ဖော်တိုင်ပင်ဖက် အဖြစ်သာ ယောက်ျားတွေရဲ့စိတ်က အထင်ကြီးလေးစားမှု ရှိချင်ရှိမယ်။ ချစ်သူတစ်ယောက်၊ အိမ်ထောင်ဖက်တစ်ယောက် အဖြစ်တော့ ရွေးချယ်ချင်တဲ့ ရာနှုန်းနည်းပါးပါတယ်။ ဒါဟာ ယောက်ျားတွေရဲ့ မသိစိတ်မှာ ဖုံးလွှမ်းနေတဲ့ အတ္တတစ်ခုပါပဲ မောင်ရယ်။ မဟုတ်ဘူးလို့ မောင်ငြင်းချင် ငြင်းလိမ့်မယ်။ ဒါပေမယ့် မောင်ကိုယ်တိုင် ရွေးချယ်ကြည့်ပါ။

မောင့်ထက်ရာထူးအရှိန်အ၀ါ၊ ပညာအရည်အချင်း၊ ငွေကြေးဥစ္စာ အရာရာမှာ သာလွန်နေတဲ့ မိန်းမတစ်ယောက်နဲ့ မောင့်ထက်အရာရာမှာ နိမ့်ကျပြီး မောင့်ကို အရာရာမှာ အားကိုးတဲ့ မိန်းမတစ်ယောက်ကို ယှဉ်ပြီး တစ်ဘ၀လုံးလက်တွဲဖို့ ရွေးချယ်ရမယ်ဆိုရင် မောင်ဘယ်သူ့ကို ရွေးမလဲ။ မောင့်ထက် သာလွန်တဲ့ မိန်းမတစ်ယောက်ကို မောင်ချစ်မိရင်သာ ချစ်မိပါလိမ့်မယ်။ တကယ်တမ်း ဘ၀ကို ရင်ဆိုင်ရတဲ့အခါ အဲ့ဒီမိန်းမရဲ့ အရှိန်အ၀ါအောက်မှာ တစ်သက်လုံးနေသွားဖို့ကို မောင်တွန့်ဆုတ်ပါလိမ့်မယ်။ တကယ်လို့ အဲ့ဒီမိန်းမကိုယ်တိုင်ကိုက အရာရာ မောင့်အလိုကျပါလို့ လိုက်လျောပြီး မောင့်သြဇာအောက်မှာ ကျိုးနွံစွာ ချစ်မယ့်သူဆိုရင်တောင် ပတ်ဝန်းကျင်က ထွက်ပေါ်လာနိုင်တဲ့ စကားတွေကို မောင်ရင်ဆိုင်ရဲမှာ မဟုတ်ပါဘူး။ ဘယ်ယောက်ျားမဆို မိန်းမတစ်ယောက်ရဲ့ ချစ်ခင်ယုယမှုကို လိုချင်ပေမယ့် ကိုယ့်ကိုအားကိုးပြီး ချစ်တာကိုပဲ လိုချင်တာပါမောင်ရယ်။ ကိုယ့်ကိုလွှမ်းမိုးပြီးချစ်တဲ့သူကိုတော့ ကြာရှည်လိုချင်မှာ မဟုတ်ပါဘူး။

မောင်ရယ်...ဘုရားတောင်မှ ပါရမီဖြည့်ဘက်ဆိုတာ ရှိသေးတာပဲ။ တကယ်တော့ လောကကြီးရဲ့ သဘာဝတရားတွေဟာ ညီမျှပါတယ်။ ကိုယ့်ရဲ့အတ္တကိုသာ ရှေ့တန်းတင်တဲ့ ယောက်ျားတွေရှိသလို ယောက်ျားတစ်ယောက်ကို ချစ်မိတဲ့အခါ အတ္တမာနတွေကို ချိုးနှိမ်ပြီး ချစ်သူ၊လင်ယောက်ျားအလိုကျ ကျိုးနွံစွာ နေနိုင်မယ့် မိန်းမတွေရှိတယ်။ သိပ်တော်တဲ့ ယောက်ျားတစ်ယောက်ရဲ့ လျှို့ဝှက်ချက်ဟာ သူ့ရဲ့နောက်မှာရှိတဲ့ သိပ်ပြီးထက်မြက်တဲ့ မိန်းမတစ်ယောက်ဆိုရင် အဲ့ဒီမိန်းမရဲ့ လျှို့ဝှက်ချက်ဟာလည်း ကိုယ့်ကိုယ်ကို ဘာမှမသိမတတ်တဲ့ တုံးတုံးအအမိန်းမတစ်ယောက်လို နှိမ့်ချထားနိုင်မှုပါပဲ။

မောင်တို့ ယောက်ျားတွေဟာ ကိုယ့်ချစ်သူ၊ ကိုယ့်ဇနီးမယားကို ကိုယ်တိုင်သာ ငါ့ချစ်သူတော်လိုက်တာ၊ ငါ့ဇနီးသိတတ်လိုက်တာလို့ ချီးမွမ်းချင်ချီးမွမ်းမယ်။ ကိုယ့်ကိုကျော်ပြီး သူများက ချီးမွမ်းတာကိုတော့ သိပ်မနှစ်မြို့တတ်ကြဘူးလေ။ အဲ့ဒီအတွက် မိန်းမတစ်ယောက်ဟာ ကိုယ့်ရဲ့ချစ်သူ သို့မဟုတ် လင်ယောက်ျားကိုသာ အမြဲရှေ့တန်းတင်ခြင်းအားဖြင့် ယောက်ျားတစ်ယောက်ရဲ့ အတ္တကို ရေလောင်းပေးခြင်းဖြစ်သလို ကိုယ့်အပေါ်မှာ ထားရှိလာမယ့် ယောက်ျားတစ်ယောက်ရဲ့ ချစ်ခင်ယုယမှုကိုလည်း မြေသြဇာထည့်ပေးခြင်းပါပဲမောင်ရယ်...။

နှစ်ပေါင်းကြာရှည်စွာ အောင်မြင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်နိုင်တဲ့ အိမ်ထောင်ရှင်မတွေ၊ ချစ်သူသက်တမ်းကြာရှည်စွာ ထိန်းသိမ်းထာနိုင်တဲ့ မိန်းမတွေရဲ့ အဓိကသော့ချက်ဟာ ချစ်သူ၊ လင်ယောက်ျားနဲ့ ပတ်သက်လာရင် ကိုယ့်ရဲ့ မျက်စိ၊နားတွေကို တစ်ဖက်သာ ဖွင့်ထားခြင်းပါပဲ။ ဒါဟာမိန်းမအများစု လက်ခံထားတဲ့ ယောက်ျားတစ်ယောက်ကို ထိန်းသိမ်းနည်းပေါ့။ တကယ်တမ်းတော့ အသေပိတ်လိုက်တာ မဟုတ်ပါဘူး။ မိန်းမဆိုတာ ကိုယ့်ချစ်သူ၊ လင်ယောက်ျားနဲ့ ပတ်သက်လာရင် မျက်စိနှစ်လုံး၊ နားနှစ်ဖက်၊ ပါးစပ်တစ်ပေါက်ဟာ နည်းပါသေးတယ်မောင်ရယ်။ ဖြစ်နိုင်ရင် အရပ် ၁၆မျက်နှာမှာ မျက်စိတွေနားတွေ ရှိချင်တဲ့သူပါ။ မိန်းမတစ်ယောက် စိတ်ဝင်စားမှုအရှိဆုံး အကြောင်းအရာဟာလည်း ကိုယ့်ချစ်သူ၊ ကိုယ့်ယောက်ျားအကြောင်းပါပဲ။

အဲ့ဒီလိုစိတ်မျိုးရှိတဲ့ မိန်းမတွေဟာ ဘာလို့များ မျက်စိတွေနားတွေကို တစ်ဝက်ပဲ ဖွင့်ကြသလဲလို့ မောင်မမေးချင်ဘူးလား။ ဘာကြောင့်လဲဆိုတော့ သာယာတဲ့အိမ်ထောင်ရေး၊ အေးချမ်းတဲ့ ချစ်သူဘ၀ကို လိုလားကြလို့ပါပဲ။ ဒါကြောင့်လည်း သိသမျှ၊ ကြားသမျှကို တစ်ဝက်သာ စိတ်ထဲထည့်ပြီး ကျန်တစ်ဝက်ကို မသိသလို နေလိုက်ကြတာပါ။ တကယ်မသိလို့တော့ မဟုတ်ကြပါဘူး။

တကယ်တော့ မောင်ရယ်... သိပ်ပြီးထက်မြက်တဲ့ မိန်းမတစ်ယောက်ဟာလည်း ကိုယ့်ကိုယ်ကိုနှိမ်ချပြီး ယောက်ျားတစ်ယောက်ရဲ့ နောက်ကွယ်က နေနိုင်ဖို့ဆိုတာ အဲ့ဒီယောက်ျားကို ချစ်မြတ်နိုးလွန်းလို့ပေါ့။ မဟုတ်ပဲနဲ့ ကိုယ့်အရည်အချင်းကို ကိုယ်ကိုယ်တိုင်အတွက် နှိမ့်ချပြီး သူတစ်ပါးအတွက် ပိုပြီးတောက်ပြောင်လာအောင် အရောင်တင်ပေးပါ့မလား။ မောင်စဉ်းစားကြည့်ပါ။ မိန်းမဆိုတာလည်း ပုထုဇဉ်ပါပဲ။ ထိုက်သင့်တဲ့ အတ္တတော့ ရှိကြတာပေါ့။

မိန်းမသားဘ၀ဆိုတာ ယောက်ျားတစ်ယေက်အတွက် ကိုယ့်အချစ်ကို ပေးအပ်ဖို့ ကြံရွယ်နေဆဲ၊ မပေးအပ်ရသေတဲ့ အချိန်မှာပဲ မိန်းမမာနဆိုတာ တင်းမာနိုင်တာပါ။ ယောက်ျားတစ်ယောက်ကို နှစ်နှစ်ကာကာ ချစ်မိသွားပြီးတဲ့နောက်မှာ အဲ့ဒီမာနတွေဟာ အလိုလိုဝပ်စဉ်းသွားတယ်။ ယောက်ျားတစ်ယောက်ကိုချစ်မိတဲ့ မိန်းမတစ်ယောက်ဟာ အိနြေ္ဒ၊ အရှက်သိက္ခာတွေနဲ့ စောင့်ထိန်းမှသာ ဆက်လက်တန်ဖိုးရှိစေတာပါ မောင်ရယ်။ အိမ်ထောင်ပြုပြီးတဲ့ မိန်းမတစ်ယောက်ဟာ အရှက်ကုန်တယ်ဆိုတဲ့ စကားကို မောင်ကြားဖူးမှာပေါ့။ အရှက်နဲ့ အသက်ရှင်ရတဲ့ မိန်းမတွေအတွက် ဒါဟာကိုယ်ချစ်တဲ့ ယောက်ျားတစ်ယောက်အတွက် တစ်ဘ၀လုံးစာ တန်ဖိုးမဖြတ်နိုင်တဲ့ ဘယ်တော့မှပြန်ရုပ်သိမ်းလို့ မရနိုင်တော့တဲ့ ပေးဆပ်မှုပါပဲ။

ဘယ်လိုမိန်းမမျိုးဖြစ်ပါစေ။ ချစ်သူရှိပြီးသား၊ အိမ်ထောင်ပြုပြီးသား မိန်းမတစ်ယောက်ရဲ့ စိုးရိမ်မှုဟာ ကိုယ့်ချစ်သူ၊ ကိုယ့်ယောက်ျားက ကိုယ့်အပေါ်မှာ ချစ်ခင်တန်ဖိုးထားမှု လျော့ကျသွားမှာကိုပါ။ လူဆိုတာ ဘယ်အရာကိုမဆို လိုချင်နေတုန်းခဏသာ တမ်းတမ်းစွဲ မက်မောတတ်ကြပြီး ကိုယ့်လက်ထဲမှာ ပိုင်ဆိုင်သွားပြီဆိုရင်တော့ အာရုံသိပ်မထားတတ်ကြတော့ဘူးလေ။ ဒါဟာ လူ့သဘာဝပဲ မဟုတ်ဖူးလား။ မရရှိသေးတာ၊ မရနိုင်တာကို ပိုလိုချင်တတ်ကြတယ်လေ။ မိန်းမတစ်ယောက်ရဲ့ ထိန်းသိမ်းမှုတွေဟာ အဲ့ဒီသဘောတရားပါပဲ မောင်ရယ်။

ဘယ်လောက်ပဲ ဖြောင့်မတ်ပါတယ်လို့ပြောတဲ့ ယောက်ျားတွေမှာလည်း ငုပ်လျှိုးနေတဲ့ အတ္တတွေရှိတယ်။ ဘယ်လောက်ပဲ ထက်မြက်ပါတယ်ဆိုတဲ့ မိန်းမတွေရဲ့ နိဂုံးဟာလည်း ယောက်ျားတစ်ယောက်ရဲ့ အတ္တကိုအရောင်တင်ပေးပြီး အရာရာကိုယ့်ကိုယ်ကို ချိုးနှိမ်လို့ ရွှေထည်ပစ္စည်းမှာ အလှဆင်တဲ့ ကျောက်မျက်ရတနာပါပဲ မောင်ရယ်။ ရွှေထည်ပစ္စည်းတစ်ခုမှာ အရောင်အသွေးစုံပြီး လှပဖို့ ကျောက်မျက်ရတနာတွေနဲ့ အလှဆင်ကြပေမယ့် တကယ်တမ်း အဲ့ဒီရွှေကို တန်ဖိုးတက်အောင် အခဲအဖြစ်ပြောင်းတဲ့အခါ ကျောက်တွေဟာ ဆွဲချွတ်ခံရတယ်။ အဲ့ဒီလို ဆွဲချွတ်ခံရလို့ ပွန်းပဲ့သွားတဲ့ ကျောက်တွေကိုတော့ ဘယ်သူကထပ်ပြီး အသုံးပြုချင်ဦးမှာတဲ့လဲ။ ဒါပေမယ့် အခဲမပြောင်းခင် အချိန်တုန်းကတော့ ပတ္တမြားနဲ့ဆင်တော့ ပတ္တမြားအဆင်၊ နီလာနဲ့ဆင်တော့ နီလာအဆင်၊ စိန်နဲ့ဆင်တော့ စိန်အဆင်ဖြစ်ခဲ့တယ်။ အဆင်ကိုလိုက်ပြီးတော့လည်း တန်ဖိုးကွာခြားခဲ့တယ်ဆိုတာကို ဘယ်သူမှငြင်းလို့ မရဘူးဆိုတာ သိထားစေချင်တယ်။

ဒီလိုသာ ပြောကြေးဆိုရင် မိန်းမတွေဟာလည်း ၀န်နဲ့ငြားတော့ ၀န်ကတော်၊ ရှင်ဘုရင်နဲ့ငြားတော့ မိဖုရားဖြစ်ကြတာပါပဲလို့ မောင်ပြောမယ်ဆိုရင် ပြောနိုင်ပါတယ်။ ရှင်ဘုရင်နဲ့ငြားတော့ မိဖုရားဆိုပေမယ့် ဘယ်မိန်းမကမှ မိဖုရားမဖြစ်ရဘဲ ၀န်ကတော်ဖြစ်ရလို့ သွေးပျက်တဲ့သူ မရှိပါဘူး။ အိမ်ထောင်ကျပြီးသား မိန်းမတစ်ယောက်ရဲ့ နံပါတ်တစ် အရေးပါမှုတစ်ခုက ကိုယ့်ယောက်ျားရဲ့ မြတ်နိုးတန်ဖိုးထားမှုပါ။ သာမာန်မောင်းမ တစ်ယောက်လောက်တောင်မှ ရှင်ဘုရင်ရဲ့ ချစ်မြတ်နိုးမှုကို မခံရတဲ့ မိဖုရားခေါင်တစ်ယောက်ရဲ့ဘ၀ဟာ ဘာများအဓိပ္ပါယ်ရှိတော့မှာလဲ မောင်ရယ်။ ကိုယ်ချစ်တဲ့ ခင်ပွန်းယောက်ျားရဲ့ စိတ်ထဲမှာ ကိုယ့်ကိုသာ အချစ်ဆုံး၊ တန်ဖိုးအထားဆုံးဖြစ်နေရင် မိဖုရားမဖြစ်ပဲ ၀န်ကတော်ဖြစ်နေလည်း နေပျော်ပြီးသားပါမောင်ရယ်။ ဒါဟာ မိန်းမတိုင်းရဲ့ ရိုးသားတဲ့ အတ္တတစ်ခုပါ။ ယောက်ျားတစ်ယောက်ရဲ့ လက်ထဲကို တစ်ဘ၀လုံး ပုံအပ်ပေးလိုက်ရတဲ့ မိန်းမတစ်ယောက်အတွက်လည်း ဒါဟာရှိသင့်တဲ့ အတ္တတစ်ခု၊ ရသင့်တဲ့ အခွင့်အရေးတစ်ခုလို့တော့ ကျွန်မမှတ်ယူတယ်။

ခေတ်စနစ်တွေ ဘယ်လိုပြောင်းပြောင်း မိန်းမနဲ့ယောက်ျား ရင်ဘောင်တန်းနိုင်တယ်လို့ ဘယ်လိုပြောပြော အခုအချိန်ထိ မိန်းမဆိုတာ ဆူးပေါ်ဖက်ကျလည်း ဖက်ပဲပေါက်သလို၊ ဖက်ပေါ်ဆူးကျလည်း ဖက်ပဲပေါက်တာ သဘာဝပေမယ့် ယောက်ျားတစ်ယောက်ကို မှီခိုရုံသက်သက် မဟုတ်သလို၊ ယောက်ျားတစ်ယောက်ရဲ့ စည်းစိမ်ဥစ္စာထဲမှာ ပါဝင်တဲ့ သက်ရှိရုပ်ထုတွေလည်း မဟုတ်ကြပါဘူး။ မိန်းမကောင်းမှန်တဲ့ ချစ်သူ၊ဇနီးမယားဆိုတာ ယောက်ျားတစ်ယောက်ရဲ့ အရည်အသွေးတွေကို ထပ်မံတောက်ပြောင်စေမယ့် အထောက်အပံ့၊ ဖြည့်ဘက်ဆိုတာ မောင်တို့ယောက်ျားတွေ နားလည်၊မြတ်နိုး တန်ဖိုးထားတတ်စေချင်တာပါ။ ။

Posted in Labels: |

2 comments:

  1. PARCHUU Says:

    ယောင်္ကျားတစ်ယောက်ဟာ မိန်းမယူတာက bestman တစ်ယောက်ကို ယူတာပါ။
    မိန်းမတစ်ယောက်ဟာ ယောင်္ကျားတစ်ယောက်ကို ယူတာက ကိုးကွယ်ရာ အားထားရာ တစ်ခုအနေနဲ့ ယူတာပါ။ ဦးတည်ချက်ခြင်း ကွာခြားကြတယ်လို့ ပါချူးထင်တယ်။

  2. moe pyay Says:

    ကျွန်တော့် အမြင်မှာတော့
    အိမ်ထောင်ပြုပြီဆိုတာနဲ့ 
    မိန်းမကော ယောင်္ကျားပါ ရည်ရွယ်ချက်တခုထည်းမှာပဲ
    ရှိသင့် တယ်ထင်ပါတယ်
    ငါက Leader မို့ လို့ 
    ငါက Best man မို့ လို့ ဆိုတာတွေက
    အိမ်ထောင်ရေးကိုသွေးကွဲစေတယ်ထင်တာပဲ.............
    စကားမစပ်...
    ကျွန်တော်က လူပျိုနော်.....:)
    ထင်တာကိုဝင်ပြောကြည့် တာပါ

    comment ရေးပေးလို့ , ကျေးဇူးပါ မကြီးရေ..