လွန်ခဲ့သော ၁၉၉၉ ခုနှစ် ပတ်ဝန်းကျင်က ဆောင်းပါးတပုဒ် ဖတ်ခဲ့ရဖူးသည်။ မြန်မာပြည် ဒီမိုကရေစီအရေးအတွက် ရန်ကုန်သို့ သွားရောက်ဆန္ဒပြသည့် အသက် ၂၇ နှစ်အရွယ် အင်္ဂလန်နိုင်ငံသူ ရေချယ်လ် ဂိုးဝင်းအကြောင်း ဖော်ပြ ထားသည့် ဆောင်းပါးလေးဖြစ်သည်။ သူမက လမ်းမီးတိုင်တွင် မိမိဘာသာ လက်ထိပ်ခပ်၍ ဒီမိုကရေစီ သီချင်းတပုဒ်ကို မြန်မာဘာသာဖြင့် သီဆိုခဲ့သည်။ ဤပြစ်မှုကြောင့် ထောင်ဒဏ် (၇) နှစ် ချမှတ်ခံခဲ့ရသည်။ (သို့သော် ၂-လအကြာတွင် လွတ်မြောက်လာခဲ့သည်။) သတင်းစာကြီးတစောင်၏ ဆောင်းပါးက ဤသို့ရေးခဲ့သည်။ "တချိန်တွင် မြန်မာနိုင်ငံတွင် မည်သည့် ဧည့်ခရီးသွားများ သွားနိုင်ကြပါတော့မည်နည်း။ ငါတို့ တနေ့နိုင်ရမည် (We shall over come one day) ဆိုသည့် အဲန်ဂျီအိုနှင့် တက်ကြွလှုပ်ရှားသူ အများအပြား သီဆိုလေ့ရှိကြသည့် သီချင်းလေးကို လေချွန်မိ၍ပင် မြန်မာပြည်တွင် ဖမ်းခံရဖွယ် ရှိသည်။" ဟု ရေးသားခဲ့သည်။ သို့သော်လည်း ၉ နှစ်အကြာတွင် အခြေအနေက ဤအတိုင်း ဖြစ်လာခဲ့သည်။
ယခုတော့ စစ်အစိုးရက မေတ္တာပို့သံကြားလျှင်ပင် ကြောက်နေပြီ။
"ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ…
ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ…
ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ…"
ရဟန်းများက ဗုဒ္ဓ၏ မေတ္တာဒေသနာ မေတ္တာသုတ်ကို ရွတ်ဆိုခဲ့ကြခြင်းကိုပင် ကြောက်နေပေပြီ။ ယောဂီဝတ်စုံဖြင့် ထွက်လာလျှင် ငါ့ကို ဆန္ဒပြနေကြပြီလားဟု ထင်နေသည်။ လက်၌ ပုရိတ်ကြိုးချည်ထားလျှင်လည်း အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုဟု ထင်နေသည်။ ဆရာတော် သံဃာတော်ကြီးများက ဒေ၀ဒတ်အကြောင်း တရားဟောသည်ကိုပင် သူ့ကို စောင်းမြောင်း ပြောဆိုနေသည်ဟု ထင်နေသည်။ တရားပွဲများ ပိတ်သည်။ တရားခွေများ လိုက်သိမ်းဆည်းနေသည်။
အလားတူ အတိုက်အခံ အဖွဲ့ဝင်များနှင့် တွေ့ဆုံ စကားပြောဆိုရမည်ကိုလည်း ကြောက်နေပြန်သည်။ ကြေငြာချက် အမှတ် (၁/၂၀၀၇) ဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောဆိုရေး ကိစ္စကိုပင် ကြိုတင် သတ်မှတ်ချက်များချကာ ခံစစ်လုပ်နေ ပြန်သည်။ အတိုက်အခံ ဒီမိုကရေစီ အင်အားစုများက ပြောထားပြီးဖြစ်သည်။ အနာဂတ်တွင် တပ်မတော်အတွက် ထိုက် တန်သည့် ဂုဏ်ယူစွာ တပ်မတော်သားဟု ခံယူနိုင်သည့် နေရာမျိုး ရှိလိမ့်မည်။ ယခု ဒီမိုကရေစီ ပြောင်းလဲရေး လုပ်ဆောင် နေကြသော ကိစ္စသည်လည်း စစ်တပ်ကို ချေမှုန်း ဖြုတ်ချရေးအတွက် မဟုတ်။ တိုင်းပြည်နှင့် နိုင်ငံသားများ မျက်နှာကို ထောက်ထား၍ အုပ်ချုပ်ပုံစနစ် ပြုပြင်ပြောင်းလဲမှုများ လုပ်ရန်သာ တောင်းဆိုနေကြခြင်း ဖြစ်သည်။ ဤသို့ တွေ့ဆုံရမည့် အရေးကိုလည်း ကြောက်နေပြန်သည်။
ယခု အင်တာနက်များကို ဖြတ်တောက် ပိတ်ဆို့နိုင်ရန် လုပ်နေပြန်သည်။ စည်းကမ်းများ တင်းတင်းကျပ်ကျပ် ထုတ်သည်။ ဂြိုဟ်တုစလောင်းများကို အဆမတန် အခွန်တိုးကောက်၍ လူအများမကြည့်နိုင်စေရန် လုပ်သည်။ မျက်စိပိတ် နားပိတ်ထားခြင်း အားဖြင့် လူအများက သူတို့ပြောသမျှ ယုံကြည်ကြမည်ဟု ထင်နေသည်လားမသိ။ သေချာသည်မှာ ပြည်သူအများက မြန်မာ့အလင်း သတင်းစာကိုလည်း ယုံကြည်မှု မရှိကြခြင်းပင်။ စစ်အစိုးရက မည်သို့ဝါဒဖြန့်ဖြန့် လူအများက လက်ခံကြတော့မည် မဟုတ်ပါ။
နိုင်ငံတကာ သံတမန်ရေး ဆက်ဆံရေးတွင်လည်း အညှိုးငယ်ရဆုံး အခြေအနေ ဖြစ်နေသည်။ အာဆီယံ အစည်းအဝေးတွင်လည်း သူ့အကြောင်း၊ နိုင်ငံတကာ အစည်းအဝေးများတွင်လည်း သူ့အကြောင်း၊ ယခုတော့ လုံခြုံရေးကောင်စီတွင်ပါ သူ့အကြောင်း ဖြစ်လာပြီ။
စင်္ကာပူနိုင်ငံ၏ ခေါင်းဆောင်ဟောင်း လီကွမ်ယူက စစ်အစိုးရ ခေါင်းဆောင်များကို "ငတုံးတွေ" (rather dumb) ဟု ပြောခဲ့သည်။ သံတမန်ရေးအရ ပြန်လှန် ကန့်ကွက်နိုင်ခြင်း မရှိခဲ့။ အကယ်၍ မိမိကိုယ်ကိုသာ ယုံကြည်မှုရှိပါက ဖြစ်သင့်သည်မှာ မြန်မာနိုင်ငံရှိ စင်္ကာပူ သံတမန်ကို ခေါ်၍ ကန့်ကွက်စာ ပေးရမည်။ နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်နစ်နာ သွားနိုင်ကြောင်း နည်းနည်းတော့ ကြိမ်းမောင်းရမည်။ ယခုတော့ ဟုတ်၍ ငုံ့ခံသလို ဖြစ်နေသည်။ တလောက စင်္ကာပူနှင့် ထိုင်းတို့ အနည်းငယ် တင်းမာမှု ဖြစ်ကြသည်။ ၂၀၀၆ စက်တင်ဘာတွင် ထိုင်းနိုင်ငံ၌ စစ်တပ်က အာဏာသိမ်းတော့ စင်္ကာပူက ဆရာကြီးလုပ်၍ ဒီမိုကရေစီ လက်ချာပေးသည်။ ထို့နောက် ၂၀၀၇ ဇန်န၀ါရီလတွင် ဖြုတ်ချခံရသူ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ကို စင်္ကာပူက ပုဂ္ဂလိက အလည်အပတ်ခရီး လက်ခံခဲ့သည့်အခါ ထိုင်းနိုင်ငံက ပြဿနာ ရှာတော့သည်။ စင်္ကာပူနိုင်ငံကို သံတမန်ရေးအရ ကြိမ်းမောင်းသည်။ ထိုင်းနိုင်ငံတွင် အာဆီယံ အစီအစဉ်ဖြင့် စစ်ရေးလေ့ကျင့်ရေး ဆင်းနေသည့် စင်္ကာပူ စစ်သားများ၏ အစီအစဉ်များကို ရပ်ဆိုင်းပစ်မည်ဟု ခြိမ်းခြောက်သည်။ တော်တော် တင်းတင်းမာမာ ဖြစ်ခဲ့ကြသည်။ လ အတော်ကြာမှ ပြန်ပြေလည်ခဲ့သည်။ သို့သော် ယုံကြည်မှု နည်းနေသော မြန်မာ စစ်ဗိုလ်ချုပ်ကြီးများက ဤသို့မလုပ်ရဲခဲ့ပါ။ ဆေးကုစရာ နေရာလေးလည်း ပျောက်သွားနိုင်သေးသည် မဟုတ်ပါလား။
တဖန် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်ဇ်က မြန်မာနိုင်ငံကို အာဏာရှင်များ၏ နောက်ဆုံး ကျွင်းကျန်သည့် ခံကတုတ်ကျင်းဟု အမည်တပ်ခေါ်ခဲ့သည်။ အမေရိကန် သမတကတော် လော်ရာဘုရှ်က ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး မလုပ်နိုင်လျှင် ဆင်းပေးဟု လူသိရှင်ကြား ပြောခဲ့သည်။ မြန်မာစစ်ဗိုလ်ချုပ်များက မည်သို့မျှ မတုံ့ပြန်ရဲပါ။ ငုံ့ခံနေကြသည်။ အနည်းဆုံး သံတမန်ရေးအရ ကန့်ကွက်မှုမျှပင် မလုပ်ရဲကြပါ။ ကိုယ်မှန်လျှင် ငုံ့ခံမည် မဟုတ်သော်လည်း၊ ကိုယ်က မှားတော့ ငြိမ်နေရသည်။ စစ်အစိုးရ၏ ယုံကြည်မှု အကြီးအကျယ် ကျဆင်းနေသည်ကတော့ သိသာလှသည်။
မြန်မာစစ်ဗိုလ်ချုပ်တွေက အိမ်တွင်သာ အလိုလိုက်ထား၍ ဆိုးနေသည့် အိမ်ကျယ်မျိုးနှင့် တူနေသည်။ မိမိ ကိုယ်တွင်း၌ ယုံကြည်မှုအားနည်း၍ အခြားကလေးများကို လိုက်ဗိုလ်ကျ အနိုင်ကျင့်တတ်သည့် ကလေးဆိုး (Bully) မျိုးနှင့် တူနေသည်။ သူ့ထက်ကြီးသူဆိုလျှင် ကြောက်သည်။ အိမ်အပြင်ကွင်းတွင်ဆိုလျှင် ကြောက်သည်။ သို့သော်လည်း မြန်မာ စစ်ဗိုလ်ချုပ်များက ကလေးဆိုးထက် ပို၍ အန္တရာယ်ကြီးသည်။ အင်အား ၄ သိန်းကျော်ရှိ စစ်တပ်ကြီးကိုင်ထားပြီး ဗိုလ်ကျနေသောကြောင့် ဖြစ်သည်။ နိုင်ငံကို ထင်ရာကျဲ ရောင်းစားပြီး၊ အရုပ်ကလေးများကို ဖျက်ဆီးချိုးဖဲ့လေ့ရှိသည့် ကလေးဆိုလို ဖျက်ဆီးနေသောကြောင့် ဖြစ်သည်။
စက်တင်ဘာ သံဃာ့လှုပ်ရှားမှု အပြီးတွင်တော့ စစ်အစိုးရ၏ ယုံကြည်မှုရေချိန်က အနိမ့်ဆုံး ဖြစ်နေခဲ့ပြီ။ မိမိဘာသာ အားတင်းပြောနေသော်လည်း မစွမ်းနိုင်တော့ကြောင်း သိနေသည်။ အချို့လှုပ်ရှားသူများကို မဖမ်းမဆီးရဲတော့။ အထူးသဖြင့် သီးလေးသီး အငြိမ့်ကခဲ့သူ ၀န်ထမ်းများကို အလုပ်ဖြုတ်ပြီးမှ ပြန်ခန့်သည်။ ပြည်သူများကလည်း ပို၍ ရဲရင့်လာကြသည်။ ဤပုံဖြင့် မိုးကြီးချုပ်၍ မရနိုင်တော့ကြောင်း သိလာကြသည်။ အထူးသဖြင့် ရေဒီယို အင်တာဗျူးများကို နားထောင်လျှင် ပိုသိသာသည်။ ပြည်သူများက ပို၍ ရဲရင့်ပြောင်မြောက်စွာ ပြောလာကြသည်။
စစ်အစိုးရက ဤအသံများကို မကြားလိုပါ။ ကုလားအုပ်က သဲထဲသို့ ခေါင်းဝှက်ထားလျှင် လုံလှပြီဟု ထင်နေသည့် အပေါက်မျိုး ချိုးနေသည်။ ဤနည်းဖြင့် ရေရှည် ရပ်တည်နိုင်လိမ့်မည် မဟုတ်သလို၊ အဖြေလည်း ရှာတွေ့လိမ့်မည် မဟုတ်ပါ။
အောင်သူငြိမ်း
မဇ္စျိသတင်းမှကူးယူဖော်ပြသည်
(http://www.mizzimaburmese.com/content/view/406/4/)