Tuesday, January 8, 2008

ပြည်သူများနှင့်တစ်သားတည်းဖြစ်သည့့်ကိုဇာဂနာရဲ့ အတွေးများ



ရေနွေးနဲ့ဖား

ကြားပေါက်လေးတစ်ခုတွေးမိတာလေးရေးပါရစေ။ကျွန်တော် တို့ဆေးကျောင်းရောက်ကာစ က ဖား ခွဲရပါတယ်။ဦးထွန်းမောင်ဆိုတဲ့ကုလားကြီးဆီကနေ ဖားအရှင်၃ကောင်တစ်ရာ နဲ့ဝယ်ရတာပါ။ပြီးတော့အဲဒီဖားတွေကို ပုံမပျက်အောင်
ကျွက်ကျွက်ဆူနေတဲ့ရေနွေးအိုးထဲထဲ့ပြီးသတ်ရပါတယ်။ကျွန်တော်တို့က ဘာသိမလဲ။ဖားတွေကို ရေနွေးအိုးကြီးထဲ ပစ်ထဲ့လိုက်တာ ကိုယ်တော်ချောတွေက ဆတ်ကနဲရေနွေးကိုခြေထောက်နဲ့တစ်ချက်ပဲ ထိပြီးခုန်ထွက်သွားလိုက်တာ ၃ကောင်လုံးလွတ်သွားရော။ကုလားကြီးကရီသလေ့။ဒီလိုသတ်ရတယ်ကွ တဲ့ဆိုပြီး ရေအေးတွေထဲ့ဖားကိုရေအေး ဇလုံထဲထဲ့လိုက်တာ ရွှေဖားလေးတွေက ရေအေးကန်ထဲပျော်လို့ ကူးခတ်နေလိုက်တာ။ဒီမှာတင်ကုလားကြီးက အပူချိန်ကိုဖြေးဖြေးချင်းတစ်ရစ်ချင်းတိုးလာ
လိုက်တာ ငါးဒီဂရီလောက်တိုးတော့လဲ ဖားလေးများကူးခတ်ဆဲ နောက်ထပ်ငါးဒီဂရီထပ်တိုးလဲ သကောင့်ဖား တွေက နေသာသေးတယ်ဆိုပြီးကူးခတ်ဆဲပဲ အပူချိန် ၆၀လောက်လဲရောက်ရော ဖားတွေ မလှုပ်နိုင်တော့ဖူး။ရှစ်ဆယ်လောက်လဲရောက်ရော
အားလုံး ဂန့် ဂန့် ဂန့် ဂန့်။ကျွန်တော်တို့လဲ ခုတော့ ဒီဝဍ်တွေလည်ပါပြီ။တစ်ရစ်ချင်းတရစ်ချင်း ကျပ်လာပြီ။ငါတို့တော့နေလို့ရသေးတယ်
ဘာမှ မဖြစ်သေးဖူးဆိုပြီး ဆက်ပြီးကူးမှာလား။ခုန်ထွက်မှာလား။အပူချိန်မြှင့်နေတဲ့လက်ကို ပြေးကိုက်ကြမလား။မျက်နှာကိုခုန်အုပ်ကြမလား။တစ်ခုခုတော့ ဆုံးဖြတ်ရတော့မှာပဲ။ဆုံးဖြတ်ပြီးရင်လဲဖြစ်အောင်လုပ်ရတော့မယ်။
မဟုတ်ရင်တော့
ရေနွေးအိုးထဲသေရတာသိတ်မတန်လှပေဖူး။


ပုရွက်ဆိတ်နဲ့ပရုတ်ဆီ

အငြိမ့်ခန်းရေးနေရင်းက သူများဘလောဂ်တွေလိုက်ဖတ်ရင်း သတိရမိတာလေးရှိလို့ဖောက်သည်ချချင်လာပါတယ်။
မှတ်မှတ်ရရ ၁၉၈၈ အောက်တိုဘာလ မှာ အဖမ်းခံခဲ့ရတုန်းကပေါ့။ထောင်ထဲမှာအခန်းဖော် လဲမရှိ အပြင်လဲမထွက်ရ လူ စကားမေ့သွားမှာစိုးလို့ အခန်းထဲရောက်လာတဲ့ကြွက်တွေ ပိုးဟပ်တွေ အိမ်မြောင်တွေ ပုရွက်ဆိတ်တွေနဲ့စကားလိုက်ပြောနေရတာ။သူတို့ကပြန်မပြောပေမဲ့ ကိုယ်ကတော့ ဇွတ် လိုက်ပြောနေရတာ။တဖြေးဖြေးနေရင်းနဲ့ပုရွက်ဆိတ်တွေကို ကျွန်တော် ကြည့်မရတော့ဖူး။ကြည့်ရစရာလဲတစ်စက်မှ မရှိဖူး။စဉ်းစားလေ။ဘဲ့နဲ့။ကိုယ့်မှာ စားစရာ ရှားပါးရတဲ့အထဲ ငါးခြောက်ဖတ်လေးတစ်ဖတ်လောက်သိမ်းထားတာ ဒီပုရွက်ဆိတ်တွေက ၀ိုင်း ခဲ ကြတယ်လေ။ထောင်ကပေးတဲ့ကြက်သားဖတ်လေးမနက်စာ ညနေစာ တစ်ဝက်စီ ခွဲထားတာ နေ့လည် အိပ်နေတုန်း ဒီအကောင်တွေက ၀ိုင်း အုံပြီးသမ ကြပြန်ပါရော။ဒီတော့ ကြည့်မရတာ အဆန်းလားဗျာ။သင်းတို့ကို နှိမ်နှင်းမှ ရမယ်ပေါ့။ဒါနဲ့ အစဉ်သင့်ရှိနေတဲ့ ပရုတ်ဆီနဲ့အဲဒီပုရွက်ဆိတ်တွေကို စည်းဝိုင်းထားလိုက်တာ အဲဒီကောင်တွေ ပထမ တော့ ငါးခြောက်ဖတ် မဲ နေရာ ကနေ ပြီးလို့ လှည့်ပြန်မယ်လုပ်တော့မှ ပရုတ်ဆီ တွေ့ပြီး နောက်ပြန်ဆုတ် အထဲမှာတင် ပတ်ပြေးနေတော့တာ ပရုတ်ဆီစည်းဝိုင်းထဲက ထွက်ဖို့ကို မစဉ်းစားတော့ဖူး။နောက်ဆုံး အချင်းချင်းပြန်ကိုက်ရင်းနဲ့အကုန်လုံး အမှုန့်လေးတွေ ဖြစ်သွားပါလေရောဗျာ။တစ်ရက်လဲမဟုတ် နှစ်ရက်လဲမဟုတ် ဘယ်နှစ်ရက်ပဲဖြစ်ဖြစ် ကျွန်တော် စမ်းသပ်ခဲ့တာ အကြိမ်တိုင်းအခါတိုင်း ပုရွက်ဆိတ်တွေဟာ ပရုတ်ဆီ စက်ဝိုင်းထဲက ထွက်ဖို့တစ်ခါမှ မစဉ်းစားပဲ အချင်းချင်းကိုက်ရင်းအမှုန့်ဘ၀နဲ့ပဲ ဇာတ်သိမ်းသွားခဲ့တာပါပဲ။
အဲဒါအများလဲ စဉ်းစားနိုင်အောင်လို့တင်ပြလိုက်ရတာပါ။ကျွန်တော် တို့ ဟာ ခု ပရုတ်ဆီ အ၀ိုင်းခံနေရတာပါ။သတိပြုမိရင်တော်ပါပြီဗျာ။

လောကနီတိ

လောကေလောက၌ ၀ီသံ အဆိပ်ကို ၀ီသံက္ကုတိ အဆိပ်ဟူ၍ န အာ ဟု မဆိုကုန်။သံဃသ သံဃာတော် ၏ ဓနံ
ဥစ္စာကို ၀ီသံက္ကုတိ အဆိပ်ဟူ၍ အာ ဟု ဆိုကုန်၏။
အဆိပ်သည် တစ်ဘ၀ ကိုသာ သတ်တတ်၏။
သံဃာတော် တို့၏ ဥစ္စာကား ဘ၀ပေါင်းများစွာကိုသတ်တတ်၏။
(လောကနိတိ)

သံ့ဃံ သရဏံ ဂစ္ဆာမိ

အကျဉ်းထဲက လွတ်လာပြီးတဲ့နောက် စမ်းချောင်းဗားဂရာတောရ နဲ့ မြောက်ဥက္ကလာ ပစ္ဆိမာရုံကျောင်းတွေရယ်မှာဆွမ်းကပ်လှူခဲ့ပါတယ်။အသားဟင်းနဲ့ဘုဉ်းမပေးရတာ ကြာပြီဖြစ်တဲ့ ကိုရင်လေးတွေကို ဖူးရတာ လွန်စွာကြည်နူးမိပါတယ်။အတူတူ ကုသိုလ်ရကြဖို့ သာဓုခေါ်နိုင်ကြဖို့ဖော်ပြပေးလိုက်ပါတယ်။ အမှန်အကန်အဖန်ဖန်သစ္စာရှိကြဖို့ သံဃံသရဏံ ဂစ္ဆာမိကြပါတော့ အနှစ်ဗလာ အခါခါမိုက်ကြဆဲဟာမို့ ပလာတာမကြိုက်တဲ့ နွားငမိုက်တွေမှာတော့ ဘုရားရိုက်တာသာခံကြပေရော့လို့ မလျော့မပို အသော့ဆိုလိုက်ပါရဲ့။


သင်္ကန်းဂုဏ်ရည်

(၁)
ဗုဒ္ဓဿ အ၀ဏ္ဏံ ဘာသတိ
ဓမ္မဿ အ၀ဏ္ဏံ ဘာသတိ
သံဃဿ အ၀ဏ္ဏံ ဘာသတိ
ရတနာသုံးပါးဦးထိပ်ထား
ပြစ်မှားစကားမပြောနှင့်
ပြစ်မှားသမှုမပြုနှင့်
(၂)
အတုလား အစစ်လား ခွဲခြားဖို့မလို
သူ့ကိုယ်မှာရောင်ဝါလျှမ်း
မြတ်သင်္ကန်းတွေ့ ရလျှင်
ဆဒ္ဒန်ဆင်ဘုရားအလောင်းသည်
ဘ၀ပေါင်းသင်္ချေအတိ
ပါရမီတော် ဖြည့်ခဲ့
သတိနဲ့ဆင်ခြင် ဥာဏ်အမြင်ပွားများ
ခန္တီတရားအရင်းစိုက်၍
လူမိုက်ကြီးသောနုတ္ထိုရ်
သင်လိုချင်သည့်အစွယ်နှစ်ချောင်း
လွှကောင်းကောင်းနှင့်ကိုယ်တိုင်ဖြတ်
ပေးအပ်၍ဆုပန်
ဣဒံမေပုညံ သဗ္ဗညုတ ဥာဏဿ
ပစ္စယောဟောတု။
(၃)
သုဘဒ္ဒါအရှင်မ
ဆက် သ လို့အကြောင်းဖန်
နားတောင်းပန်ပျော်ရွှင်မြူးပါတော့ တဲ့
လူထူးကြီး သောနုတ္ထိုရ်
အစွယ်ကိုပိုက် နန်းတော်တိုက်ဝင်
သခင်မဘုရား ရှုတော်မူဘုရား
တရားကြောင်းဆက်နွယ် ရန်သူကြီးအစွယ်ကို
နားဝယ်ဆင်သ ရွှင်ပြပြနှင့်
သခင်မ ကျေနပ်တော်မူပါတော့ တဲ့။
(၄)
ရွှေဝါရောင်တူ စွယ်နှစ်ဆူကို
မြင်မူထိတ်ထိတ် ရှေးအတိတ်ကို
တရိပ်ရိပ်တွေး တရိပ်ရိပ်ဆွေးပြီး
ကျေးဇူးကိုမထောက်ထား
မိုက်မှားမိလေခြင်း ဟု
ရင်တွင်းမှာ ဗြုံးကနဲ
နှလုံးကွဲ၍ နတ်ရွာစံလေသတည်း။
နန်းညွန့်ဆွေ
၂၃ အောက်တိုဘာ၂၀၀၇

ခရမ်းပြာမြင်းရိုင်းရဲ့သမိုင်းတွင်မဲ့ကဗျာ


ရှရီ နမော ဗုဒ္ဓါယ
အပြစ်ကင်းသော အစိုးရ ထူထောင်ကြ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
လွတ်လပ်မှုကို လိုပါ၏
ဓမ္မံ သရဏံ ဂစ္ဆာမိ
တရားမျှတမှုကို လိုပါ၏
သံဃံ သရဏံ ဂစ္ဆာမိ
ငြိမ်းချမ်းမှုကို လိုပါ၏။

ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
စစ်အာဏာရှင်အုပ်စု အလိုမရှိ
ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ
ကြံ့ဖွတ် လူသတ်သမား အလိုမရှိ
ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ
စွမ်းအားရှင် ခွေးသရမ်း အလိုမရှိ။

တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
‘တပ်’နှင့် သံဃာ၊ ရိုသဒ္ဓါ၊ ညီညာကြရာ၏
တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ
‘တပ်’နှင့် ကျောင်းသား၊ မေတ္တာထား၊ လေးစားကြရာ၏
တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ
‘တပ်’နှင့် ပြည်သူ၊ အောင်ပွဲယူ၊ ကြည်ဖြူကြရာ၏။

ရှရီ နမော ဗုဒ္ဓါယ
သန့်ရှင်းသော အစိုးရ ထူထောင်ကြ
ရှရီ နမော ဗုဒ္ဓါယ
အပြစ်ကင်းသော အစိုးရ ထူထောင်ကြ။ ။

အောင်ဝေး
(၂၇-၁၀-၀၇)

ရှရီ=ဂြီ(သက္ကတ)၊ သိရီ(ပါဠိ)=ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည်စုံသော

ကိုဇာဂနာ(ကိုသူရ)Blog မှကူးယူဖော်ပြပါတယ်
http://zarganar-windoor.blogspot.com/

Posted in |

0 comments: