Tuesday, January 8, 2008

မြန်မာပြည်က ဖိုးသုညကြီးများ


အခုတလော သတင်းစာဂျာနယ်တွေထဲမှာ နအဖ ရဲ့ ဝါဒဖြန့် သတင်းဆောင်းပါးတွေ ဖတ်ရတာ အံ့သြလွန်းလို့ ကိုယ့်မျက်စိတောင် ကိုယ်မယုံနိုင်အောင် ဖြစ်ရပါတယ်။ ဆောင်းပါးရေးသူတွေရဲ့ အဆင့်အတန်းကတော့ စံတင်လောက်ပါတယ်။ ပညာကောင်းကောင်း မသင်ခဲ့ရတာလား၊ ပညာဗဟုသုတ နဲတာလား၊ တခုခုပဲ။ တချို့ ဆောင်းပါးတွေဆိုရင် မဟုတ်မှလွဲရော နအဖ ကို လူထုက အထင်သေးလာအောင်၊ ထောက်ခံမှု လျော့နဲကျဆင်းသွားအောင် တမင်သက်သက် ပူးသတ်နေတာလားလို့ ထင်ရပါတယ်။

နအဖ ပြန်ကြားရေးဝန်ကြီးဌာနဟာ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ရုပ်ရှင်၊ ရေဒီယိုနဲ့ ရုပ်မြင်သံကြား စတဲ့ မီဒီယာပေါင်းစုံကနေ နအဖ စစ်အစိုးရ ထောက်ခံရေး၊ ဒီမိုကရေစီစနစ် ဆန့်ကျင်ရေး၊ ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်ရေး၊ အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဆန့်ကျင်ရေး၊ အမေရိကန်နဲ့ အနောက်အုပ်စုဝင် နိုင်ငံများ ဆန့်ကျင်ရေး ဆိုတဲ့ မူဝါဒတွေနဲ့ စိတ်ကြိုက် ဝါဒဖြန့်နေတာ အနှစ် ၂ဝ နီးနီး ရှိလာခဲ့ပါပြီ။ မြန်မာပြည်သူတွေကို နအဖ ဦးဆောင်မှုနောက် ပါလာအောင်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နောက် ပါမသွားအောင် အောက်လမ်း၊ အထက်လမ်း နည်းလမ်းပေါင်းစုံနဲ့ ရေးလိုက်ရတဲ့ ဆောင်းပါးတွေ၊ ဆိုလိုက်ရတဲ့ သီချင်းတွေ၊ ရိုက်လိုက်ရတဲ့ ရုပ်ရှင်တွေ ထောင်နဲ့ချီပြီးတော့ ရှိနေလောက်ပြီ ထင်ပါတယ်။

အနှစ် ၂ဝ အတွင်း နိုင်ငံ့ဘဏ္ဍာငွေ ကုဋေပေါင်းများစွာ အကုန်အကျခံ၊ အချိန်တွေ၊ လူတွေ အကုန်သုံးပြီး ပြိုင်ဘက်မရှိ ဝါဒဖြန့်ချိရေး လုပ်ခဲ့တာပါ။ ဒီလို တဦးထဲ ပြေးရတဲ့ ပြိုင်ပွဲမှာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဝါဒဖြန့်ချိရေး ယန္တရားကြီးဟာ ပြည်သူလူထု သူတို့ဘက် ပါလာအောင် အခုထိ မစည်းရုံးနိုင်သေးပါဘူး။ အပြည်ပြည်ဆိုင်ရာက ထောက်ခံမှုဆိုတာကတော့ အိပ်မက်တောင် မမက်နိုင်သေးတဲ့ အဆင့်ပါ။ သူတို့ပြောသလို ပြောရရင် မျိုးစေ့မမှန်လို့ အပင်မသန်တာပါ။

၂ဝဝ၃ ခုနှစ်မှာ ခရီးသွားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အဖွဲ့ကို လုံခြုံရေး စစ်သားတွေနဲ့ ငွေပေးငှားထားတဲ့ လူမိုက်တွေ အသုံးပြုပြီး စစ်ကိုင်းတိုင်း ဒီပဲယင်းအရပ်မှာ ဒုတ်တွေ၊ ဓားတွေနဲ့ ရက်ရက်စက်စက် ဝိုင်းရိုက်ခဲ့ပါတယ်။ အခုတခါ အစိုးရက ဓာတ်ဆီနဲ့ လောင်စာဆီ ဈေးနှုန်းတွေ ရုတ်တရက် ဈေးတက်ပစ်လိုက်လို့ ပြည်သူလူထုတွေ ကျပ်တည်းကုန်တော့ လမ်းမပေါ်ထွက် ဆန္ဒပြလာကြတယ်။ ပြည်သူတွေကို စောစောစီးစီး တိုင်ပင်အသိပေးခြင်းလည်း မရှိ၊ သနားညှာတာခြင်းလည်း မရှိဘဲ ညတွင်းချင်း အဆမတန် ဈေးတက်ပစ်တော့ အစိုးရက နောင်ကျမှ ဘာဆင်ခြေတွေ ပေးနေပါစေ၊ ပြည်သူတွေ ဒုက္ခရောက်အောင် တမင်သက်သက် အကွက်ဆင် အနိုင်ကျင့်တာလို့ ပြည်သူက မြင်ပါတယ်။ ငတ်ကုန်လို့ လမ်းပေါ်ထွက် ဆန္ဒပြလာတာ မဆန်းပါဘူး။ နယ်ချဲ့ကိုလိုနီ အစိုးရခေတ်တုန်းကလည်း ဆန္ဒပြတာပါပဲ။

အဲဒီအချိန်က ထောင်ဒဏ် ၃ လထက် ပိုမကျနိုင်ပေမဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင်တဲ့ နအဖ အစိုးရလက်ထက်မှာ ဒီလိုဆန္ဒပြတာမျိုးကို ထောင်ထဲမှာ တသက်လုံး နေသွားရလောက်အောင် ကြီးလေးတဲ့ ပြစ်ဒဏ်ပေးပါတယ်။ ဒါကို မကြောက်မရွံ့ လမ်းပေါ်ထွက်လာတယ် ဆိုတာကိုက ပြည်သူတွေ တကယ်တမ်း ကျပ်တည်းကုန်လို့ဆိုတာ သိဖို့ကောင်းပါတယ်။ ဒီလိုဆန္ဒပြတဲ့ ကိုမင်းကိုနိုင်တို့၊ ကိုထင်ကျော်တို့၊ မစုစုနွေးတို့ကို ပြည်သူက နောက်က လက်ခုပ်တီးထောက်ခံမှု ရှိနေတာကိုလည်း မြင်ရော၊ အကြောက်လွန်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်တွေနဲ့ ငွေပေးခေါ်ထားတဲ့ လူမိုက်တွေ အသုံးပြုပြီး လမ်းမပေါ်မှာ နေ့ခင်းကြောင်တောင် ရက်ရက်စက်စက် ဝိုင်းရိုက်ကြတော့တာပါပဲ။ ဒီပဲယင်း လူသတ်ပွဲမှာတုန်းက ညဘက်မို့ လူမမြင်ပါဘူး။ အခုလုပ်တာက ရန်ကုန်မြို့လယ်ခေါင်မှာ လူတွေရှေ့၊ မီဒီယာတွေရှေ့မှာ လုပ်တော့ တမြို့လုံး မြင်၊ တကမ္ဘာလုံး မြင်သွားတယ်။ နအဖရဲ့ သိက္ခာ ရေစုန်မျောရပြန်တယ်။

မီဒီယာတိုက်ပွဲမှာ နအဖ အခြေမလှ အရှက်တကွဲ ဖြစ်နေတာ ကြာပါပြီ။ အခုမှ မဟုတ်ပါဘူး။ မဆလ ခေတ်ကတည်းကပါ။ လူထုကို သတင်းဦး၊ သတင်းမှန်တွေနဲ့ ဝေးအောင်လုပ်ပြီး ကိုယ့်ဝါဒ ဖြန့်ချိရေးတွေနဲ့ပဲ ထိတွေ့ခိုင်းနေတာပါ။ အခုလည်း တခြားနည်း မလုပ်တတ်တော့ ‘ဘီဘီစီ လိမ်နေသည်၊ ဗီအိုအေ ညာနေသည်၊ အာအက်ဖ်အေ ရန်တိုက်ပေးနေသည်’ ဆိုတာတွေ သတင်းစာမှာ နေ့တိုင်း ထည့်ရေးနေရတာကိုက နအဖ အစိုးရ အခြေမလှဖြစ်နေတာကို ပြနေတာလေ။ ဘယ်နိုင်ငံ၊ ဘယ်အစိုးရများ ဒီလိုလုပ်တာ ကြားဖူးလဲ။

၂ဝဝ၇ ခုနှစ် စက်တင်ဘာလမှာ သံဃာတော်တွေ ကံဆောင်သပိတ်မှောက် လှုပ်ရှားမှုအတွင်း ကုန်သည်ကြီးများ ဟိုတယ်ပေါ်မှာ တည်းခိုနေတဲ့ နိုင်ငံခြားသား တိုးရစ်တွေက ဟိုတယ်ပေါ်က လှမ်းမြင်နေရတဲ့ အဖြစ်အပျက် သတင်းတွေကို ဗီဒီယို ဓာတ်ပုံတွေရိုက်ပြီး နိုင်ငံခြား သတင်းဌာနတွေကို ပို့လို့ သတင်းတွေ ပေါက်ကြားကုန်ရတာဆိုပြီး ‘ဒီကောင်တွေ ကမ္ဘာလှည့်ခရီးသွား မပီသဘူး၊ တိုးရစ်စစ်စစ်တွေဟာ အိမ်ရှင်နိုင်ငံအပေါ် ဒီလိုမလုပ်ရဘူး၊ အိမ်ရှင်နိုင်ငံရဲ့ ပြည်တွင်းသတင်းတွေ နိုင်ငံခြားကို မပို့ရဘူး၊ သတင်းထောက်တွေ လုပ်တဲ့ အလုပ်မျိုး တိုးရစ်တွေ မလုပ်ရဘူး’ ဆိုပြီး မကျေမနပ်နဲ့ ဆောင်းပါးတွေ ရေးနေပါတယ်။ နောင်ဆို တိုးရစ်တွေကို မြန်မာပြည်ဝင်ခွင့်ဗီဇာ လျှောက်ကတည်းက တိုးရစ်စစ်စစ်ဖြစ်ကြောင်းနဲ့ ‘အစိုးရဆန့်ကျင်တဲ့ လှုပ်ရှားမှုဖြစ်ခဲ့ရင် ဝေးဝေးရှောင်ပါ့မယ်၊ ဓာတ်ပုံ မရိုက်ပါဘူး၊ သတင်းမပို့ပါဘူး’ လို့ ခံဝန်ချက်တွေများ လုပ်ခိုင်းမလား မသိဘူး။ ဒီပုံနဲ့တော့ မြန်မာပြည်နဲ့ မဆန့်အောင် တိုးရစ်စစ်စစ်တွေ လာတော့မှာပဲ။

သံဃာလူထု လှုပ်ရှားမှုအတွင်း ဂျပန်သတင်းထောက် နာဂါအိဟာ ရန်ကုန်မြို့လယ်ခေါင် အနော်ရထာ လမ်းမပေါ်မှာ သေနတ်နဲ့ အနီးကပ်ပစ်ခံရတာ မျက်မြင်သက်သေ လူ ၅ ထောင်လောက် ရှေ့မှာ ဖြစ်ခဲ့တာပါ။ ၃-၄ ပေလောက်အကွာကနေ တမင်ပစ်ထဲ့လိုက်တာပါ။ ဗီဒီယိုမှတ်တမ်းလည်း တကမ္ဘာလုံးက ကြည့်ပြီးပါပြီ။ ဒါကို အစိုးရက ‘နာဂါအိကို တမင်ပစ်တာ မဟုတ်ပါဘူး၊ အဝေးကလာတဲ့ ကျည်ဆံ မတော်တဆ ထိတာပါ’ ဆိုပြီး လိမ်ပါတယ်။ ‘ပုဒ်မ ၁၄၄ လည်း ထုတ်ထားပါတယ်၊ Aid to Civil Power ကို အဲဒီနေ့ နေ့လယ်ကပဲ စစ်တပ်ကို အပ်လိုက်ပြီ၊ ဝင်ခွင့်ဗီဇာလျှောက်တုန်းက သတင်းထောက်လို့မှ သူက မပြောတာ၊ (ပြောရင်လည်း ဘယ်ဝင်ခွင့်ပေးမလဲ) သူက အဲဒီနေရာကို သွားတာကိုး၊ သူ့အပြစ်နဲ့သူ ခံရတာ’ လို့ ဖြစ်အောင် ကြံကြံဖန်ဖန်လိမ်တော့ တကမ္ဘာလုံးက နအဖ အစိုးရကို ရွံတာ ဆန်းသလားဗျာ။

‘ပုဒ်မ ၁၄၄ ဘယ်တုန်းက ထုတ်တာလဲ၊ Aid to Civil Power ဘယ်တုန်းက အပ်တာလဲ၊ နိုင်ငံခြားသားဧည့်သည် တိုးရစ်တွေ၊ သံတမန်တွေ သိအောင် တရားဝင် ထုတ်ထားတာလား၊ ဘယ်အစိုးရ မီဒီယာမှာ ပြောထားလဲ၊ လေယဉ်ကွင်းတို့ ဘာတို့မှာ ကျေညာသလား၊ ဒီလို သေနတ်နဲ့ပစ်မယ် ဆိုတာကို လူတိုင်းသိအောင် အစိုးရမှာ ပြောဘို့ တာဝန်မရှိဘူးလား၊ Aid to Civil Power မှာ ဒီလို စည်းမဲ့ကမ်းမဲ့ မောင်းပြန်သေနတ်နဲ့ လူအုပ်ထဲကို မကောင်းသူထိပ် ကောင်းသူထိပ်ဆိုပြီး ပစ်ထဲ့လို့ရသလား၊ ရပ်ကွက်ထဲ ညအမှောင်ထဲမှာ ဆိုက်ကားတစီးနဲ့ ဘယ်သူဘယ်ဝါမှန်းမသိ ကာဖျူးအမိန့် ပုဒ်မ ၁၄၄ ထုတ်လိုက်ပြီလို့ လိုက်အော်တာ တရားဝင်သလား’။ မြန်မာလို မတတ်တဲ့ နိုင်ငံခြားသား ဧည့်သည်တွေ၊ သံတမန်တွေက ဘယ်လိုသိမှာလဲ၊ ကျနော်တို့ ရန်ကုန်မှာ နေတဲ့သူတွေတောင် အိပ်ပျော်နေတုန်းမို့ မကြားလိုက် မသိလိုက်ဘူး၊ အစိုးရကထုတ်တဲ့ ဒီလိုအမိန့်မျိုးကို သတင်းစာနဲ့ ရုပ်မြင်သံကြားက တရားဝင် မကျေညာသင့်ဘူးလား။

ဒီလို လူထုနဲ့ သံဃာတော်တွေကို အင်အားသုံး အကြမ်းဖက်လိုက်ရတဲ့ အနိဋ္ဌာရုံတွေ ဖြစ်ကုန်ရတာဟာ နအဖ အစိုးရ ဝါဒဖြန့်ချိရေး တာဝန်ယူထားတဲ့ ဆရာကြီးတွေ လုပ်နေတာ မအောင်မြင်လို့ ဝါဒဖြန်ချိရေးမှာ အရှုံးပေးလိုက်တာလို့ပဲ မြင်ပါတယ်။

နောက်ထပ် ဒီ့ထက်ပိုဆိုးတဲ့ အကျိုးဆက်က ဗိုလ်သန်းရွှေ ခေါင်းဆောင်တဲ့ နအဖ အစိုးရဟာ ‘လမ်းညွှန်ချက် ၇ ချက်နဲ့အညီ မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံ ဖြစ်အောင် တည်ဆောက်နေပါတယ်’ လို့ ကမ္ဘာကို ပြောပြောနေပေမယ့် တကယ်တမ်း ဒီမိုကရေစီစနစ် ဖော်ဆောင်ဘို့ကို လုံးဝ စိတ်မဝင်စားဘူးဆိုတာ ကမ္ဘာက သိသွားပါတယ်။ ရှေ့လျှောက် အဲဒီစကားသုံးလို့ မရတော့ပါဘူး။ မင်းသားမျက်နှာဖုံး ကွာကျသွားပါပြီ။

နအဖ ဘာလုပ်လုပ် ထောက်ခံမယ်ဆိုတဲ့ အဖွဲ့တွေကတော့ ဘာမှ ဆက်လုပ်စရာ မရှိတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လုပ်နေတဲ့ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး ဆိုတာလည်း နအဖ လုပ်ပုံကြောင့် ဝေးသည်ထက် ပိုဝေးသွားပါပြီ။ ပိတ်ဆို့မှု ရုပ်သိမ်းရေး ကင်ပိန်းတွေ လုပ်ထားသမျှလည်း သဲထဲရေသွန်သလိုပါပဲ။ ဘာမှ အရာမထင်ပါဘူး။ ‘ကူညီထောက်ပံ့တွေ ရပ်ဆိုင်းအောင် လုပ်တဲ့သူမှန်သမျှ ကျနော်တို့ ရန်သူ၊ ပြည်သူတွေ နစ်နာအောင်၊ ဒုက္ခဆင်းရဲ ရောက်အောင် လုပ်သူမှန်သမျှ ပြည်သူ့တရားခံ၊ ကျနော်တို့က ဆန့်ကျင်မယ်’ လို့ သူတို့ပြောခဲ့တဲ့စကား ရှိတယ်လေ။ ဘာဆက်လုပ်ကြမှာလဲ။ ဒါမှမလုပ်ရင် ‘ဓာတ်ဆီဈေး တက်တာ ကြိုဆိုထောက်ခံပွဲ၊ ကုန်ဈေးနှုန်း တက်တာကို ကြိုဆိုထောက်ခံပွဲ၊ ပြည်သူတွေ ငတ်ကုန်တာကို ကြိုဆိုထောက်ခံပွဲတွေ’ လုပ်ကြဖို့ပဲ ရှိပါတယ်။

နအဖ အစိုးရနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံမှုတွေ လုပ်မယ်ဆိုတဲ့ အာဆီယံ နိုင်ငံတွေလည်း ဘာဆက်လုပ်ရမှန်း မသိတော့ပါဘူး။ သူတို့ပါ အရှက်ကွဲတော့ မခံနိုင်တဲ့သူတွေ ပူညံပူညံ လုပ်ကုန်ပြီ။ နောင်ကို အာဆီယံ နိုင်ငံတွေဆီက နအဖအပေါ် ထောက်ခံမှု သိပ်ရတော့မယ် မထင်ဘူး။ အခုတောင် စင်္ကာပူက လီကွမ်ယုက ‘ထုံထိုင်းတဲ့ ငအ မြန်မာစစ်ဗိုလ်ချုပ်တွေကြောင့် အင်မတန် သယံဇာတပေါတဲ့ မြန်မာနိုင်ငံက ကမ္ဘာမှာ အဆင်းရဲဆုံးနိုင်ငံ ဖြစ်ရတယ်။ ပြည်သူတွေ ဒီလောက် ငတ်ပြတ်နေတဲ့အချိန်မှာ တိုင်းပြည်ခေါင်းဆောင်ဆိုတဲ့ ဗိုလ်ချုပ်သန်းရွှေ သမီးက စိန်တွေကိုသီးနေအောင် ဝတ်ပြီး မင်္ဂလာဆောင်ပြတော့ လူထုတွေ မကျေမနပ်ဖြစ်၊ ဆူပူကုန်တာ မဆန်းပါဘူး’ လို့ ပြောသွားပါတယ်။

နအဖ လုပ်ဆောင်မှုတွေဟာ မြန်မာနိုင်ငံရဲ့ ရှေ့လားရာအတွက် မကောင်းဘူးဆိုတာ ကမ္ဘာက သိသွားတဲ့အတွက် မြန်မာနိုင်ငံအရေးမှာ နအဖ ဘက်က ပါဝင်သူအားလုံး မျက်နှာပျက်ကြရပါတယ်။ ပြီးခဲ့တဲ့ ဆန္ဒပြပွဲအတွင်းမှာ လုပ်ခဲ့တဲ့အမှားတွေက နအဖ ဘက်က နှစ်ပေါင်းများစွာ ရှေ့နေလိုက် ပြောထားဆိုထားတာတွေ၊ ဝါဒဖြန့်ချိရေး လုပ်ခဲ့တာတွေအားလုံး အရာမထင် သဲထဲရေသွန်သလိုပါပဲ။ သတ္တုချကြည့်လိုက်တော့ ဒီကိစ္စမှာ နအဖ အစိုးရ အနစ်နာဆုံးပဲ။

သတင်းစာရှင်းလင်းပွဲ ၂/၂ဝဝ၇ မှာ ဗိုလ်ချုပ်ကျော်ဆန်းက သတင်းထောက်တယောက်ရဲ့ ‘အခြေခံဥပဒေ ရေးဆွဲနေတာ ဘယ်နေ့လောက်များ ပြီးနိုင်မလဲ’ လို့ မေးတာကို ‘မေးသူကကော ဘယ်တော့လောက် ပြီးမယ် ထင်ပါသလဲလို့ ပြန်မေးချင်ပါတယ်’ လို့ ခွကျကျ ပြန်ဖြေခဲ့ပါတယ်။ သဘောကတော့ ‘မင်းကော ပြောနိုင်လား’ လို့ ဘုဖြေတာပါ။ နောက်ပြီး အချိန်ကိုလည်း တာဝန်မယူဘဲ ဝေဝေဝါဝါး လုပ်ပြီး ပြန်ဖြေသွားတာ တွေ့ရပါတယ်။ ဒါမျိုးလုပ်ရင် အချိန်ဇယား ရှိကို ရှိရပါမယ်။ ကိုယ့်ပြည်သူကို ဒီလောက် လျှို့ဝှက်ထားစရာမှ မဟုတ်တာ။ ရိုးရိုးသားသားမသိရင် ‘ကျနော်လည်း မသိပါဘူး’ လို့ ပြန်ဖြေလည်း ရပါတယ်။ ပြန်ကြားရေးဝန်ကြီး သတင်းထုတ်ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ တာဝန်ယူထားသူမို့ သတင်းထောက်က မေးတာပါ။ မဆိုင်တဲ့ လူတယောက် လမ်းဘေးမှာ သူ့ဟာသူ အိပ်နေတာကို အတင်းနှိုးပြီး သွားမေးတာ မဟုတ်ပါဘူး။ အစိုးရဝန်ကြီးက သတင်းစာ ရှင်းလင်းပွဲကြီးလုပ်ပြီး သတင်းထောက်ရဲ့ မေးခွန်းကို လမ်းဘေးကလူ ဖြေသလို ‘မင်းကော သိလို့လား’ လို့ ဘုပြန်ဖြေချင်လို့ မရပါဘူး။

ဗိုလ်ချုပ်ကျော်ဆန်းက လည်လှပြီဆိုပြီး ‘အတိုက်အခံ အဖွဲ့အစည်းတွေကို ဆန္ဒခံယူပွဲကျရင် ဆန္ဒမဲပေးခွင့် ပေးမယ်။ ရွေးကောက်ပွဲကျရင် ဝင်အရွေးခံခွင့် ပေးမယ်’ လို့ ခပ်ကြောင်ကြောင် ဖြေပါတယ်။ ဒီအခွင့်အရေးတွေဟာ အတိုက်အခံရော၊ အစိုးရဘက်သားပါ ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်းရဲ့ အခြေခံ အခွင့်အရေးတွေပါ။ အတိုက်အခံဖြစ်လို့ ဆိုပြီး ဒီဆန္ဒမဲပေးပိုင်ခွင့်၊ ရွေးကောက်ခံပိုင်ခွင့် မပေးဘူးလို့ ဘယ်အစိုးရကမှ ငြင်းပယ်လို့ မရဘူးဆိုတာ ဗိုလ်ချုပ်ကျော်ဆန်း သိပုံမရပါဘူး။ အတိုက်အခံက အသိအမှတ်မပြု၊ မဲမပေးအရွေးမခံဘဲ သပိတ်မှောက်မှာတောင် အစိုးရက ကြောက်ရမှာပါ။

ရဲချုပ်ခင်ရီက ‘နန်းဦးကျောင်းထဲက ဆရာတော် ဦးကောဝိဒရဲ့ သေတ္တာထဲက ဖောက်ခွဲရေးပစ္စည်းတွေ မိတယ်’ ဆိုပေမယ့် ရှင်းလင်းပွဲမတိုင်မီ သတင်းစာထဲမှာပါတော့ ‘နန်းဦးကျောင်းက ကပ္ပိယရဲ့ ထွက်ဆိုချက်အရ မုံရွာဘက်က မိလာတာ’ လို့ ဆိုပါတယ်။ အဲဒီလိုမျိုး မဖြစ်သင့်ပါဘူး။

ဒေါ်စုနဲ့ တကယ်ပဲ တွေ့ဆုံနေသူ၊ ပြဿနာကို တာဝန်ယူဖြေရှင်းနေသူ ဗိုလ်ချုပ်အောင်ကြည်ကတော့ ‘ဒေါ်စုနဲ့ ဆွေးနွေးမှုတွေ အပြုသဘော တိုးတက်မှုတွေ ရရှိနေပါတယ် လို့ ဆိုပါတယ်။ ထူးခြားတာက ဗိုလ်ချုပ်ကျော်ဆန်း ပြောတဲ့ ၁/၂ဝဝ၇ ကျေညာချက် (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တောင်းဆိုတဲ့ အချက် ၄ ချက်) အကြောင်းကို လုံးဝ ထည့်ပြော မသွားပါဘူး။ ၁/၂ဝဝ၇ ဟာ ပြီးခဲ့ပြီ၊ ကျန်ခဲ့ပြီ ဆိုတဲ့ သဘောလားတော့ မသိပါ။

ပြည်သူတွေက လူအ’တွေ မဟုတ်ပါဘူး။ စစ်ဗိုလ်ချင်း တူကြပေမယ့် တိုင်းပြည်အပေါ်ထားကြတဲ့ စိတ်စေတနာတွေက မတူကြပါလား၊ သိသိသာသာ ကွဲပြားကြပါလား ဆိုတာကိုတော့ ပြည်သူတွေ မြင်တွေ့သွားကြပါတယ်။ မြန်မာ့ တပ်မတော်ကြီးမှာ သတ္တိရှိတဲ့ မျိုးချစ်စစ်ဗိုလ်တွေက အများစု ရှိကို ရှိကြမှာပါ။

မြန်မာစစ်ဗိုလ်ချုပ်ကြီးများ တိုင်းပြည်ကို အုပ်ချုပ်လာတာလည်း နှစ်တွေကြာလှပါပြီ။ အသက်အရွယ်တွေလည်း မငယ်ကြတော့ပါဘူး။ ဖိုးသုညကြီးများအဆင့်က တက်ကြပါတော့လို့ ကျနော်တို့ (မိဘ)ပြည်သူတွေက စိတ်ညစ်ညစ်နဲ့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်ဗျား။



မိဘပြည်သူတဦး
မဇ္စျိမသတင်းဆောင်းပါးမှကူးယူဖော်ပြသည်။
http://www.mizzimaburmese.com/content/view/396/4/

Posted in Labels: |

0 comments: