Sunday, January 27, 2008

လွတ်လပ်ရေး ဆုံးရှုံးရခြင်း

ဗြိတိသျှအင်ပါယာ၏ ကိုလိုနီထမ်းပိုးအောက်မှ လွတ်မြောက်ခဲ့သည်မှာ အနှစ် ၆၀ ပြည့်ခဲ့ပြီဖြစ်သော်လည်း မြန်မာနိုင်ငံသည် ယခုထက်တိုင် စစ်ဗိုလ်ချုပ်ကြီးများ၏ ကျွန်ပြုခံနေရဆဲ ဖြစ်သည်။ စစ်မှန်သော လွတ်လပ်ရေးအတွက် တိုက်ပွဲကား မပြီးဆုံးသေး။

၁၈၂၄ သြဂုတ် ဗြိတိသျှတပ်များ သံလျင်ခံတပ်ကို တိုက်စဉ်

၁၈၈၅ ခုနှစ် နိုဝင်ဘာလတွင် ဗိုလ်ချုပ်ကြီး ဆာ ဟယ်ရီ နော့သ် ဒါရင်မ်ပဲ ပရင်ဒါဂါတ်စ် (Gen. Sir Harry North Dalrymple Prendergast) ဦးစီးသည့် ဗြိတိသျှ စစ်သင်္ဘောများ ဧရာဝတီ မြစ်ကြောင်းအတိုင်း မန္တလေးသို့ဆန်တက် လာသောအခါ သီပေါဘုရင်တွင် သူ၏ မီးကျိုးမောင်းပျက် တပ်မတော်သည်သာ ရှိခဲ့သည်။ ဤတပ်မတော်နှင့်အတူ တိုင်းပြည်ကိုကာကွယ် ရန် အသာထား၊ နန်းတော်ကိုပင် မမျှတသောအားဖြင့် ခုခံခဲ့ရရှာသည်။

အသက် ၂၈ နှစ်အရွယ်သာရှိသေးပြီး ရွှေနန်းတော်၏ မြို့ရိုးပြင်ပသို့ ရောက်ခဲလှရှာသော မြန်မာတို့၏ နောက်ဆုံး ရှင်ဘုရင် မှာ ခဏတွင်းချင်းမှာပင် နန်းသိမ်းနယ်နှင်ခံ လိုက်ရပါတော့သည်။ မကြာသေးသောအတိတ်က အိမ်နီးချင်းနိုင်ငံများ အပေါ် နယ်ပယ်ချဲ့ထွင် အောင်နိုင်ခဲ့သည့် သမိုင်းအစဉ်အလာရှိသော မြန်မာနိုင်ငံအဖို့ ၎င်း၏ ရှင်ဘုရင်ကိုသာမက နိုင်ငံလွတ်လပ် ရေးကိုပါ ဆုံးရှုံးခဲ့ရတော့သည်။

သီပေါဘုရင်နှင့် မိဖုရားတို့ကို ဗြိတိသျှတပ်ဖွဲ့ အစောင့်အကြပ်များဖြင့် သူရိယမီးသဘောင်္ပေါ်သို့ တိတ်တဆိတ်တင်၍ ရန်ကုန်သို့ အပို့ခံခဲ့ရသည်။ ဗြိတိသျှနယ်ချဲ့တို့က မိမိတို့ဘုရင်ကို ဖမ်းပြီး မဒရပ်စ်သို့ ပို့လိုက်ပြီဖြစ်ကြောင်း နောက်မှ သိကြ ရသည့် မြန်မာပြည်သားတို့အဖို့ ထိတ်လန့်တကြား ဖြစ်ခဲ့ကြရသည်။ သီပေါဘုရင်မှာ တိုင်းပြည်သို့ မည် သည့်အခါတွင်မျှ ပြန်မလာနိုင်ခဲ့တော့ပါ။

သီပေါမင်း ပါတော်မူစဉ်

ဗြိတိသျှများနှင့် ဗိုလ်ချုပ်ကြီးပရင်ဒါဂါတ်စ်တို့အတွက် မန္တလေးကို သိမ်းပိုက်ရသည်မှာ အပင်ပုတပင်မှသစ်သီးကို ဆွတ်ခူး ရသကဲ့သို့ပင် လွယ်ကူခဲ့သည်။ သို့သော် ဒေသခံများက ၎င်းတို့ကိုယ်၎င်းတို့ “သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်မှ ကယ်တင် သူ” ဟု ဆိုသောကျူးကျော်သူဗြိတိသျှများကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခုခံခဲ့ကြသည်။

သီပေါမင်းသည် သနားစရာကောင်းလောက်အောင် ပျော့ညံ့သူတဦးဖြစ်ပြီး အမြော်အမြင်ရှိသည့် ခေါင်းဆောင်တဦးလည်း မဟုတ်ခဲ့ပါ။ ဗြိတိသျှကျူးကျော်စစ် မတိုင်ခင်ကာလများတွင် အနောက်နိုင်ငံများ၏ သတင်းစာများက သူ့အပေါ်အမြင်မှာ ဆိုးရွားလှပါသည်။ သွေးဆာနေသူ မိစ္ဆာတဦးသဖွယ် ဖော်ပြခဲ့ကြပြီး ညီအစ်ကိုတော် မင်းညီမင်းသားများကို အစုလိုက်အပြုံ လိုက် သတ်ဖြတ်သူလူသတ်သမား၊ မိန်းမလိုက်စားသူနှင့် ဇိုးသမားအဖြစ် ဖော်ပြခဲ့ကြပါသည်။

ဗြိတိသျှကုန်သည်များ၏ ငွေကြေးအထောက်အပံ့ဖြင့် ပုံနှိပ်ထုတ်ဝေသော ရန်ကုန်ထုတ်သတင်းစာများက အခါအားလျော်စွာ ဗမာပြည်ကို ကျူးကျော်တိုက်ခိုက်ရန် သို့မဟုတ် အထက်ဗမာပြည်ကို သိမ်းပိုက်ရန် တွန်းအားပေးနေခဲ့ကြသည်။ ၎င်းကိစ္စ အတွက် ဗြိတိသျှနယ်ချဲ့တို့က မြန်မာမင်းဆိုးကိုပြောင်းလဲပေးရန် ကြိုးစားခဲ့ကြခြင်းဖြစ်ပြီး သီပေါဘုရင်မှာလည်း နောက်ဆုံး နန်းချခံလိုက်ရတော့သည်။ “ခြေရာပျောက်မြစ်” (The River of Lost Footsteps) စာအုပ်ကို ရေးသား သူ သန့်မြင့်ဦးက “ဗြိတိသျှကုန်သည်များအတွက် မန္တလေးသည် အာရှ၏ အခြားသော ဈေးကွက်များသို့ တံခါးဖွင့်တိုးဝင်နိုင်ရန် လှေခါးတထစ်၊ ခြေတလှမ်းဖြစ်သည်”ဟု ရေးသားခဲ့ပါသည်။

အထက်ပါ မြန်မာ့သမိုင်းပညာရှင်က “ဗမာနိုင်ငံကို လုပ်ကြံရန် ဗြိတိသျှတို့ နိုင်ငံရေးခင်းကျင်းနေစဉ် နှစ်များအတွင်း အဝေး ရောက် အတိုက်အခံများ ပေါ်ပေါက်လာအောင် ဖန်တီးခဲ့သည်။ ဗမာနိုင်ငံ နယ်နိမိတ်ပြင်ပမှနေ၍ သီပေါမင်း၏ နောင်တော် ညီတော်များက သီပေါမင်းအား နန်းချရန် ကြိုးပမ်းမှုများ ဖြစ်ပေါ်ခဲ့သည်။ မြန်မာနိုင်ငံသည် သယံဇာတ ပေါကြွယ်ဝ၍ စီးပွား ရေးအရ အလားအလာကောင်းသော နိုင်ငံအဖြစ် အားလုံးက သံသယကင်းကင်းဖြင့်လက်ခံကြသည်။

အထူးသဖြင့် ရန်ကုန်တွင် ရောက်ရှိနေကြသော စကော့လူမျိုး ကုန်သည်များက ဗမာနိုင်ငံအတွင်းမှ မတို့မထိရသေးသော ကျွန်းတောများ၊ ရေနံတွင်းများနှင့် ပတ္တမြားတွင်းများကို သွားရေယို မျက်စိကျနေခဲ့ကြပါသည်။ ပို၍မက်စရာကောင်းသည် မှာ မြန်မာနိုင်ငံသည် အကန့်အသတ်မရှိ ကြီးမားကျယ်ပြန့်လှသော တရုတ်ဈေးကွက်၏ နောက်ဖေးပေါက် ဖြစ်လာနိုင်သည် ဆိုသည့် အချက်ပင် ဖြစ်သည်”ဟု ရေးခဲ့ပါသည်။

၁၈၈၆ သိမ်းပိုက်ပြီးစ မန္တလေးနေပြည်တော်တွင်း ပစ္စည်များကို ဗြိတိသျှတို့ လေလံတင် ရောင်းချစဉ်

မန္တလေးကို ကျူးကျော်တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းက ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ဖြစ်ပေါ်မလာစေသည့်ပြင် ကျေးလက် ဒေသများအတွင်း ဆူပူပုန်ကန်မှုများ ဖြစ်ပေါ်ကြီးထွားလာသည်။ ဆန့်ကျင်ကြသည့် လက္ခဏာများသိမ်မွေ့စွာ စတင် ပေါ်ပေါက်လာခဲ့ပြီး မန္တလေးနန်းတွင်းတွင် အလုပ်လုပ်နေကြသောအရာရှိများက သူတို့၏ အလုပ်ရှင် ဗြိတိသျှများနှင့် ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်ခြင်း မပြုခဲ့ကြပါ။

တော်လှန်ပုန်ကန်မှုများ ဖြစ်ပေါ်လာသည့် နောက်ပိုင်းတွင် ဗြိတိသျှတို့က ရက်စက်ကြမ်းတမ်းစွာ ချေမှုန်းနှိမ်နင်းခဲ့ပါသည်။ အကျဉ်းရုံး ကွပ်မျက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့သည်။ ရံဖန်ရံခါ ရာဇ၀တ်သားများနှင့် ဓားပြများကို စီရင် သည့်အတိုင်း လူထုရှေ့မှောက်တွင် ခေါင်းဖြတ်သတ်ခြင်းမျိုးကိုလည်း ကျူးလွန်ခဲ့ကြပါသည်။ သို့သော် မငြိမ်မသက်ဖြစ် နေမှုကို ဗြိတိသျှတို့က မည်သို့မျှ မထိန်းသိမ်းနိုင်ခဲ့ပါ။ ဗမာတို့က မိမိတို့၏ ဘုရင်၊ ထီးနန်းကို ပြန်လိုချင်၍ လွတ်လပ်သော နိုင်ငံတော်တခုကို ပြန်လည်တည်ဆောက်လိုစိတ် ပြင်းပြထက်သန်နေခဲ့ကြပါသည်။

မိမိကိုယ်မိမိ ဗမာဘုရင်အဖြစ် (သုပဏ္ဏက ဂဠုနရာဇာဘွဲ့) ခံခဲ့သော ဆရာစံသည် ၁၉၃၀ ပြည့်နှစ်တွင် ဗြိတိသျှတို့ကို တွန်းလှန် ဆန့်ကျင်သော လယ်သမားသူပုန်တရပ်ကို ဦးဆောင်ခဲ့သည်။ တနှစ်ကြာ ထိုလယ်သမားတော်လှန်ရေးကို နှိမ်နင်းရန်အတွက် ဗြိတိသျှအစိုးရက စစ်တပ်အင်အား ၈,၀၀၀ ကို ထပ်မံ အားဖြည့်ခဲ့ရပြီး စက်သေနတ်များကိုလည်း တပ်ဆင် အသုံးချခဲ့ရသည်။

မြန်မာပြည်အထက်ပိုင်း ရွှေဘိုခရိုင်ရှိ တော်လှန်ရေးတပ်သားတစ်ဦးကို ဗြိတိသျှတပ်များက သုတ်သင်စဉ်

ဘုန်းတော်ကြီးများ၊ လယ်သမားများ၊ ကျောင်းသားများ၊ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ရေနံမြေများမှ အလုပ်သမားများနှင့် နိုင်ငံရေးသမားများအားလုံး လွတ်လပ်ရေးတိုက်ပွဲတွင် စုစည်းညီညွတ်စွာဖြင့် ပေါင်းစည်းနိုင်ခဲ့ကြသည်။

အောက်ခြေလူထုအတွင်း လှုပ်ရှားမှုတရပ် ဖြစ်သော သခင်လှုပ်ရှားမှုလည်း ပေါ်ပေါက်ခဲ့သည်။ အရှင်သခင်ဟု အဓိပ္ပာယ် ရသော “သခင်” ဟူသည့်ဝေါဟာရကို ဗြိတိသျှကိုလိုနီ နယ်ချဲ့တို့က ၎င်းတို့ကိုယ်ကို၎င်းတို့ ဂုဏ်တင်အခေါ်ခံ သုံးစွဲခဲ့ကြရာ ထိုဝေါဟာကိုပင် ဗမာမျိုးချစ်လူငယ်များကလည်း မိမိတို့ကိုယ်ကို ရည်ညွှန်းရန်အတွက် သုံးစွဲခဲ့ကြခြင်း ဖြစ်သည်။

အားလုံးသော လူမှုရေးအသင်းအဖွဲ့များနှင့် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီး (၀ိုင်အမ်ဘီအေ) တို့က လွတ်လပ်ရေး တိုက်ပွဲတွင် အတူလက်တွဲ တိုက်ပွဲဝင်ခဲ့ကြပါသည်။ ယခုကာလ ကျောင်းသားများဦးဆောင်သည့် စစ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများဖြစ်သော အဖြူရောင်လှုပ်ရှားမှု၊ ဆန္ဒဖော်ထုတ်ရေးလှုပ်ရှားမှု၊ လက်မှတ်ရေးထိုး တောင်းဆိုရေး လှုပ်ရှားမှု တို့ကဲ့သို့သော လှုပ်ရှားမှုများဖြစ်၍ အရပ်သား ပြည်သူအများ၏ လှုပ်ရှားမှုများသည် လွတ်လပ်ရေး ကြိုးပမ်းစဉ် ကာလက မြန်မာမျိုးချစ်များ တိုက်ပွဲဝင်ခဲ့ကြသော တိုက်ပွဲပုံသဏ္ဌာန်များနှင့် ဆင်ဆင်တူနေသည်ကို နှိုင်းယှဉ်မြင်တွေ့နိုင်ပါသည်။

သို့သော် နောက်ဆုံးတွင် ဗြိတိသျှအုပ်စိုးမှုကို အဆုံးသတ်သွားစေခဲ့သည်မှာ ကမ္ဘာ၏ ရပ်ဝေး အခြားတနေရာတွင် ဖြစ်ပျက် ခဲ့သော အဖြစ်အပျက်များ၏ ဆင့်ပွားအကျိုးသက်ရောက်မှုကြောင့်ဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ဖြစ်ပွားလာခြင်းက ဗြိတိသျှ ကိုလိုနီအုပ်စိုးမှုကိုအဆုံးသတ်သွားစေခဲ့သည်။ မြန်မာတို့၏ရွှေမြေသည် စစ်တလင်းဖြစ်ခဲ့ရသည်။ ဂျပန်တို့က ကိုအောင်ဆန်း အပါအ၀င် မြန်မာလူငယ်အုပ်စုတစုကို ခေါ်ယူလေ့ကျင့် သင်တန်းပေးခဲ့ပြီး၊ ၎င်းတို့၏ အကူအညီဖြင့် ၁၉၄၂ ခုနှစ်တွင် ဗြိတိသျှတို့လက်မှဂျပန်တို့က သိမ်းယူခဲ့ကြပြန်သည်။ နောင်တွင် ထိုလူငယ်အုပ်စုကို “ရဲဘော်သုံးကျိပ်” ဟု လူသိများ ထင်ရှားလာပါသည်။

၁၉ ရာစုနှောင်းပိုင်း ဖောက်လုပ်သည့် ရန်ကုန်နှင့် ဧရာဝတီတိုင်း မီးရထားလမ်းဖွင့်ပွဲအခမ်းအနား

“ဟာရီ ပရင်ဒါဂါတ်စ်က မြန်မာဘုရင် သီပေါမင်းကို နန်းချခဲ့ပြီး နောက် ၆၅ နှစ်ကြာသောအခါ မြန်မာနိုင်ငံရှိ ဗြိတိသျှ အုပ်စိုးမှု သည် အခြေမခိုင်သည့် ဖဲချပ်အိမ်ကလေးကဲ့သို့ လဲပြိုကျသွားပါ တော့သည်။ သူ၏စစ်သားများနှင့် အရာရှိများသည်လည်း ထိတ်လန့်ချောက်ချားနေသည့် ထောင်ပေါင်းများစွာသော စစ်ပြေး ဒုက္ခသည်များနှင့်အတူ ထွက်ပြေးခဲ့ကြရသည်။ သူတို့ကို ခန့်ညား လှသော နှုတ်ခမ်းမွေးကြီးနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရှိုဂျီရို အီဒါ (Gen. Shojiro Iida) နှင့် သူ၏အမှတ် ၁၅ ဂျပန် ဘုရင့်ကြည်း တပ်မတော်တို့က မောင်းထုတ်ခဲ့ကြသည်။ ထိုစစ်ပွဲတွင် မြန်မာများ အနေဖြင့် ဘာမှဝင်လုပ်စရာ မလိုခဲ့ပါ။ သို့ သော်လည်း ထိုစစ်ပွဲက မြန်မာနိုင်ငံကို ဖျက်ဆီးခဲ့သည်” ဟု သန့်မြင့်ဦးက ရေးသားခဲ့ ပါသည်။

ဗြိတိသျှများ ဆုတ်ခွာသွားပြီးနောက် များစွာမကြာလိုက်ပါ။ ဂျပန်တို့ပေးသော လွတ်လပ်ရေးမှာ ရွှေရည်စိမ်လွတ်လပ်ရေး သာဖြစ်ကြောင်း မြန်မာများနားလည်သဘောပေါက်လာကြပါသည်။ ကိုအောင်ဆန်းကိုကြည့်လျှင် အင်္ဂလိပ်တို့ ခေါင်းဖြတ် သတ်ခဲ့သော နယ်ချဲ့တော်လှန်ရေးသမား အဖိုးဖြစ်သူ ဗိုလ်မင်းရောင်၏ ပြုစုပျိုးထောင်မှုဖြင့် ကြီးပြင်းခဲ့သူ၊ လူထူးလူဆန်း၊ စိတ်တိုတတ်သော ဥပဒေကျောင်းသားတဦးဖြစ်သည်ကို တွေ့ကြရပါမည်။

သူ၏ တစူးစားနိုင်မှု၊ ရိုးသားမှုနှင့် တဲ့တိုးပြောဆိုတတ်မှုတို့ကြောင့် သူ့အတွက် မိတ်ဆွေရော ရန်သူပါ တိုးပွားစေခဲ့သည်။ ဗမာပြည်သူတို့ လိုချင်နေကြသည့် လွတ်လပ်ရေး အလိုဆန္ဒကို ဖြည့်စွမ်းနိုင်ရန်အတွက် လက်နက်ကိုင်တိုက်ပွဲမှတပါး အခြား မရှိပြီဟု သူနားလည်ခဲ့သည်။

ရဲဘော်သုံးကျိပ်သည် ကိုအောင်ဆန်း ဦးဆောင်မှုဖြင့် ဂျပန်တို့သင်ပေးလိုက်သော စစ်နည်းပရိယာယ်အတတ်ကိုသုံးကာ အင်္ဂလိပ်တို့ကို မောင်းထုတ်ခဲ့ကြသည်။ ခုတ်ရာတခြား ရှရာတလွဲဖြစ်တတ်သည့် သဘာဝအတိုင်း နှစ်အနည်းငယ်ကြာသော အခါ ဂျပန်ဖက်ဆစ်တို့ကို တော်လှန်တိုက်ထုတ်သည့် ပြင်းထန်ကြမ်းတမ်းလှသော စစ်ပွဲများတွင် ဗြိတိသျှတပ်ရင်း တပ်ဖွဲ့များ နှင့် ပေါင်းမိနေပြီးသားဖြစ်နေသည်ကို သူ့ကိုယ်သူ တွေ့လာခဲ့ရပြန်ပါသည်။

အသက် ၃၂ နှစ်အရွယ်သို့ရောက်လာသောအခါ ကိုအောင်ဆန်း၌ နိုင်ငံ့ခေါင်းဆောင်တယောက်တွင် ရှိအပ်သော အရည် အချင်းများဖြင့် တည်ဆောက်ပြင်ဆင်ထားနိုင်ခဲ့ပြီး သူ့နိုင်ငံကို ဦးဆောင်သွားရန် အဆင်သင့်ဖြစ်နေခဲ့ပါသည်။ သို့သော် ယခုတကြိမ် လွတ်လပ်ရေးတိုက်ပွဲကား အပေးအယူ စေ့စပ်ဆွေးနွေးရေး စားပွဲဝိုင်းပေါ်တွင် ဖြစ်ပွားတော့မည် ဖြစ်သည်။

ဗြိတိသျှဝန်ကြီးချုပ် အက်တလီနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့
ဒေါင်းနင်းလမ်း အမှတ် ၁၀ တွင် တွေ့ဆုံစဉ်

၁၉၄၇ ခုနှစ် ဇန်န၀ါရီလတွင် နန်းရင်းဝန် ကလီးမင့် အက်တလီ (Clement Attlee) နှင့် တွေ့ဆုံဆွေးနွေးရန် လန်ဒန်သို့ အသွား အိန္ဒိယတွင် ခရီးတထောက် ရပ်နားစဉ် အလွန်ရှင်းလင်းတိကျသော အင်္ဂလိပ်ဘာသာစကားဖြင့် ဗိုလ်ချုပ် အောင်ဆန်းက မိန့်ခွန်းတရပ် ပြောကြားခဲ့သည်။ ထိုမိန့်ခွန်းတွင် ဗိုလ်ချုပ်အောင်ဆန်းက “မြန်မာတို့၏ တောင်းဆိုချက်သည် လုံးဝ လွတ်လပ်ရေးဖြစ်ပြီး မည်သည့်ဒိုမီနီယံအဆင့် အုပ်ချုပ်ရေးမျိုးကိုမျှ လက်ခံမည်မဟုတ်” ဟုထုတ်ပြန်ကြေညာခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင်လည်း ဗိုလ်ချုပ်အောင်ဆန်းက “အကယ်၍သာ ဤတောင်းဆိုချက်များအပေါ် ကျေနပ်လောက် အောင် လိုက်လျောမှုမရှိပါက မြန်မာနိုင်ငံလူထုအနေဖြင့် ကောင်းသည်ဆိုးသည်ကို စဉ်းစားတော့မည်မဟုတ်ဘဲ အကြမ်း ဖက်တော်လှန်ရေး သို့မဟုတ် အကြမ်းမဖက် ဆန့်ကျင်ရေး သို့မဟုတ် နည်းလမ်းနှစ်မျိုးစလုံးကို အသုံးပြုတိုက်ပွဲဝင်သွား မည်” ဖြစ်ကြောင်း သတင်းထောက်များကို ရှင်းလင်းပြောကြားခဲ့သည်။

သို့သော် ၁၉၄၇ ခုနှစ် ဇူလိုင်လတွင် ဗိုလ်ချုပ်အောင်ဆန်းသည် သူ၏၀န်ကြီးအဖွဲ့နှင့်အတူ ပြိုင်ဘက်များ၏ လုပ်ကြံသတ် ဖြတ်ခြင်းကို ခံလိုက်ရပါတော့သည်။ သူ့ဝန်ကြီးအဖွဲ့တွင် အသစ်ဖြစ်ထွန်းလာမည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို အမှန်တကယ် ဦးဆောင်မှု ပေးနိုင်သော ဗမာနှင့် လူမျိုးစုခေါင်းဆောင်များ ပါဝင်သည်။ ၁၉၄၀-၄၂ ခုနှစ်တွင် ၀န်ကြီးချုပ် ဖြစ်ခဲ့ဖူးသော ဦးစောက ၎င်းလုပ်ကြံမှုကို အမိန့်ပေးစေခိုင်းခဲ့ခြင်းဖြစ်ပြီး ခေါင်းဆောင်များ မရှိတော့လျှင် သူသာဆက်ခံရ မည်ဟု ရိုးရိုးလေးတွက်ထားပုံရပါသည်။

ယနေ့အချိန်အထိ မြန်မာနိုင်ငံပြည်တွင်းနှင့် ပြည်ပနိုင်ငံများတွင် သက်ရှိထင်ရှား နေထိုင်လျှက် ရှိနေကြသေးသော ဗိုလ်ချုပ် အောင်ဆန်း၏ လုပ်ဖော်ကိုင်ဖက်များက ၎င်းလုပ်ကြံမှုတွင် ဗြိတိသျှတို့သည်လည်း ဦးစောနှင့်အတူ ပူးပေါင်း ကြံစည်ခဲ့ သည်ဟု ယုံကြည်နေကြဆဲ ဖြစ်သည်။

၁၉၄၈ ဇန်န၀ါရီ ၄ ရက် လွပ်လပ်ရေးအခမ်းအနားတွင် မြန်မာ့အလံလွှင့်ထူစဉ်

၁၉၄၈ ခုနှစ် ဇန်န၀ါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း ပေးခဲ့သော “တနှစ်အတွင်းလွတ်လပ်ရေး ရစေရမည်” ဟူသည့် ကတိ က၀တ်က သူမရှိတော့သော်လည်း ပြီးပြည့်စုံခဲ့သည်။

မြန်မာ့လွတ်လပ်ရေးကို ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းစာများက ချီးမွမ်းရေးသားခဲ့ကြပါသည်။ ပေါများကြွယ်ဝ သာယာ လှပသည့် ပြည်ထောင်စုနိုင်ငံတော်၏ အနာဂတ်ကိုလည်း နယူးယောက်တိုင်းမ်၊ လာမွန်ဒေး၊ ဒေလီးတယ်လီ ဂရပ်ဖ်နှင့် လန်ဒန်တိုင်မ်း သတင်းစာများအပါအ၀င် ကမ္ဘာ့သတင်းစာများက ဝေေ၀ဆာဆာ ဖော်ကျူးရေးသားခဲ့ကြပါသည်။

လန်ဒန်ဒေးလီးတယ်လီဂရပ်သတင်းစာကြီးက “မြန်မာနိုင်ငံသည် ဗြိတိသျှဓနသဟာယအဖွဲ့မှ ပထမဦးဆုံး ထွက်သွားသော နိုင်ငံဖြစ်သော်လည်း အဖွဲ့ကြီးအနေဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်ကို စာနာထောက်ထားမှု အပြည့်ဖြင့် ကူညီပံ့ပိုး စောင်မ ကြည့်ရှုသွားမည်” ဟုရေးသားခဲ့ပါသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်နေ၀င်း၏ နိုင်ငံရေးကြိုးပမ်းချက်များ

နယူးယောက်တိုင်းမ် သတင်းစာကြီးကလည်း “ ဗြိတိသျှအင်ပါယာအတွင်းသို့ အတင်းအကျပ် သွပ်သွင်းခံခဲ့ရသည့် အာရှ တိုက်၏ နောက်ဆုံး နိုင်ငံတနိုင်ငံက ဗြိတိသျှ ဓနသဟာယအဖွဲ့မှ အရင်ဦးဆုံး ငြိမ်းချမ်းစွာဖြင့် ထွက်ခွာသွားပြီ” ဟူ၍ နိုင်ငံတော်သစ်ကို အကြီးအကျယ် ချီးမွမ်းရေးသားခဲ့ပါသည်။

သို့သော်လည်း ပြဿနာများက ရှေ့တွင်စောင့်ကြိုနေခဲ့ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီး ဗြိတိသျှတို့ ထွက်ခွာသွားပြီးနောက် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက် လွတ်လပ်ရေးနေ့ တွင် အသစ်ခန့်အပ်လိုက်သည့် မြန်မာနိုင်ငံတော်၏ ၀န်ကြီးချုပ်ဦးနုက မေတ္တာရပ်ခံစကား ဆိုခဲ့သော်ငြားလည်း မငြိမ်မသက် မှုများ ဖြစ်ပွားလာပြီး ပြည်တွင်းစစ် စတင်ပါတော့သည်။ ဦးနုက “ဒီလိုခမ်းနားကြီးကျယ်လှတဲ့ နေ့မျိုးမှာ လူမျိုးရေး၊ အဖွဲ့ အစည်း၊ နိုင်ငံရေးနဲ့ ပုဂ္ဂိုလ်ရေး စတာတွေကို အကြောင်းပြုပြီး မညီညွတ်မှု သို့မဟုတ် သဘောကွဲလွဲမှုတွေအတွက် နေရာ မရှိပါဘူးလို့ ကျနော်ပြောချင်ပါတယ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသား အားလုံးကို ကျနော်တို့ မှီတင်းနေထိုင်ကြတဲ့ ပြည်ထောင်စုကြီး အကျိုးအတွက် ကိုယ်ကျိုးကို မငဲ့ကွက်ဘဲ စည်းလုံးညီညွတ်ကြဖို့နဲ့ အလုပ်အကျွေး ပြုကြဖို့ ဒီနေရာကနေ ကျနော်တောင်းဆိုပါတယ်” ဟု မေတ္တာရပ်ခံစကား ဆိုခဲ့ပါသည်။

ဦးနု၏ တင်ပြချက်ကို ကောင်းကောင်း နားဝင်ခဲ့ကြပုံ မပေါ်ပါ။ လူမျိုးစုပေါင်းစုံ ပုန်ကန်ထကြွမှု မီးတောက်ကြီး စတင်ဖြစ်ပွား လာပါတော့သည်။

လေပြေနှင့် စကားပြောတတ်သောဦးနုနှင့် သူ၏အစိုးရ၀န်ကြီးအဖွဲ့တို့သည်လည်း နိုင်ငံတာဝန်ကို အကြာကြီး မထမ်းဆောင် လိုက်ရပါ။ သို့သော် ဦးနုခေတ်ကို သိမီလိုက်ကြသော မြန်မာအများအပြားက ထိုခေတ်က စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အရှေ့တောင်အာရှ၏ ကျားတကောင်ဖြစ်လာနိုင်ခြေရှိမှုတို့နှင့် ပတ်သက်ပြီး တတမ်းတတ ပြောဆိုလေ့ရှိကြပါသည်။

၁၉၆၂ ခုနှစ် မတ်လတွင် နောက်ထပ် ရဲဘော်သုံးကျိပ်ဝင်တဦးဖြစ်သော ဗိုလ်ချုပ်ကြီးနေ၀င်းက ချောက်ထဲကျတော့မည့် တိုင်းပြည်ကို ကယ်တယ်ရန်ဟု ကြွေးကြော်ဝင်ရောက်လာပြီး နိုင်ငံအာဏာကို သိမ်းပိုက်လိုက်ပါတော့သည်။ သြဇာကြီး သည့် ခေါင်းဆောင်ကြီး၏ အာဏာသိမ်းမှုကို လမ်းမပေါ်ထွက် ဆန္ဒပြမှုအနည်းအပါးမှလွဲ၍ ကျယ်ကျယ်ပြန့်ပြန့် လက်သင့် ခံခဲ့ကြပါသည်။ ထိုနေ့ထုတ်သတင်းစာများတွင်လည်း အနည်းအကျဉ်းမျှသာ ဝေဖန်ရေးသားခဲ့ကြပါသည်။

သို့သော်လည်း အရှည်မျှော်မြင်ကြသည့် ရန်ကုန်တက္ကသိုလ် ကျောင်းသူ ကျောင်းသားများက ဘေးဒုက္ခဆိုးများကို တင်ကြို မြင်ခဲ့ကြပြီး အကျယ်လောင်ဆုံး ဆန့်ကျင်ကန့်ကွက်သူများ ဖြစ်လာကြပါသည်။ ဗိုလ်ချုပ်နေ၀င်းက ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဖြိုချလိုက်ပြီး ကျောင်းသားများစွာကို ပစ်သတ်ပြခြင်းအားဖြင့် သူ၏ရက်စက်ကြမ်းကြုတ်မှုကို ကနဦး မှာပင် ထုတ်ဖော်ပြသခဲ့သည်။

လက်တွင်သွေးစွန်းခဲ့ပြီဖြစ်သော ဗိုလ်ချုပ်နေ၀င်းမှာ ရှိတ်စပီးယား၏ လေဒီမက္ကဘက်ပြဇာတ်မှာကဲ့သို့ သူ၏ပလ္လင်ကို မည်မျှ တန်ကြေး ပေးရပေးရ ကာကွယ်ထိန်းသိမ်းရမည့် ဘ၀သို့ ရောက်သွားပါတော့သည်။

၁၉၈၈ ဒီမိုကရေစီရေး ဆန္ဒပြသူများအား နှိမ်နင်းနေသော မြန်မာစစ်တပ်

အသက် ၉၂ နှစ်အရွယ်တွင် ဦးနေ၀င်း သေဆုံးသွားခဲ့ပါသည်။ သူ အုပ်ချုပ်ခဲ့သည့် တိုင်းပြည်ကြီးသည် ၂၆ နှစ်အကြာတွင် အာရှတိုက်စပါးကျီအဖြစ်မှ အမှားပြယုဂ်တခုအဖြစ် ယိုယွင်းကျဆင်းသွားခဲ့ပုံကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်လောက် အောင် သူအသက်ရှည်ခဲ့ပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ဖွံ့ဖြိုးမှု အနိမ့်ဆုံး နိုင်ငံတနိုင်ငံ ဖြစ်သွားခဲ့ပါပြီ။ အမှန်စင်စစ် မြန်မာနိုင်ငံသည် အကယ်တင်ခံလိုက်ရခြင်း မဟုတ်မူဘဲ အဖျက်ဆီးခံလိုက်ရခြင်းသာဖြစ်ပြီး အပြိုအပျက်များဖြင့် ချိနဲ့ စွာသာ ကျန်ရစ်ခဲ့ရပါတော့သည်။

၁၉၈၈ ခုနှစ်တွင် သူဦးဆောင်သည့် ဆိုရှယ်လစ်အစိုးရကို ပြည်သူလူထုက တိုင်းပြည်အနှံ့ ဆန့်ကျင်အုံကြွ ဆန္ဒပြခဲ့ကြပြီး နောက် ဦးနေ၀င်းသည်လည်း ဂုဏ်သိက္ခာမဲ့စွာဖြင့် နုတ်ထွက်သွားခဲ့ရပါသည်။ ပလ္လင်ထက်မှ မစွန့်ခွာခင် ယခုလူသိများ လှသော နာမည်ကျော် နန်းစွန့် မိန့်ခွန်းကို မြွက်ကြားခဲ့ပါသေးသည်။ သူက “တပ်မတော်ဆိုတာ ပစ်မယ်ဆိုရင် မိုးပေါ် ထောင် မပစ်ဘူး၊ တည့်တည့်ပဲ ပစ်တယ်” ဟု နောက်ဆုံးစကားမိန့်မှာ ခြိမ်းခြောက်သွားခဲ့သည်။ ယင်းသည် လူထုဆန္ဒပြပွဲများကို အကြမ်းဖက်ဖြိုခွင်းရန် မီးစိမ်းပြလိုက်ခြင်းပင် ဖြစ်ပါသည်။ လမ်းမများပေါ်မှ ဆန္ဒပြပြည်သူ ၃,၀၀၀ ကျော် ပစ်သတ် ခံခဲ့ကြရပါသည်။ မြန်မာပြည်ကား နောက်ထပ်တကြိမ် လူသတ်ကွင်း ဖြစ်ခဲ့ရပြန်ပါသည်။

တချိန်တည်းတွင်ပင် ကျန်းမာရေးဆိုးရွားလာသော မိခင်ဖြစ်သူကို ပြုစုစောင့်ရှောက်ရန်အတွက် လန်ဒန်မှ ပြန်လာသည့် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကလည်း မမေ့နိုင်သော မိန့်ခွန်းတစ်ရပ် မြွက်ကြားခဲ့ပါသည်။ သူမက “ဒီအမျိုးသားရေး အကျပ်အတည်းဟာ အမှန်တော့ အမျိုးသားလွတ်မြောက်ရေး ဒုတိယတိုက်ပွဲလို့ ပြောရင် ရနိုင် ပါတယ်” ဟု ပြောခဲ့ပါသည်။

ဗိုလ်ချုပ်နေ၀င်း၏ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ကို ဖယ်ရှားနိုင်လိုက်ကြပြီ ဖြစ်သော်လည်း သူ၏နောက်လိုက် စစ်ဗိုလ်မျိုးဆက်များနှင့် စစ်အာဏာရှင်စနစ်မှာမူ ဆက်လက်ရှင်သန်နေဆဲ ဖြစ်ပါသည်။ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ အားလုံးသည် တိုင်းပြည်၏ ကယ်တင်ရှင်များအဖြစ် ပေါ်ထွက်လာခဲ့ကြ ခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံ၏လွတ်လပ်ရေးကို ခိုးယူသွားခဲ့သော ဗြိတိသျှဗိုလ်ချုပ်ကြီး ပရင်ဒါဂါတ်စ်၏ သရဲတစ္ဆေများအဖြစ် ပေါ်ထွက်လာကြခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ယခုအခါ စစ်တပ်အုပ်စု၏ ကိုလိုနီကျွန်ပြုခြင်းကို ခံနေရပြီ ဖြစ်ပါသည်။ ယခုတကြိမ် မိမိတို့နိုင်ငံကို ကျူးကျော်ကျွန်ပြုကြသူမှာ နိုင်ငံရပ်ခြား တိုင်းတပါးမှမဟုတ်ဘဲ၊ တိုင်းပြည်အနှံ့ အပြား နေရာ လပ်မကျန် ထိုးဖောက်ဝင်ရောက်နေသော ပြည်တွင်းမှပင် ပေါက်ဖွားလာသည့် စစ်အာဏာရှင်များ ဖြစ်နေပါသည်။

အကယ်၍ ဗိုလ်ချုပ်အောင်ဆန်းသာ ယခုအထိအသက်ရှင်နေဦးမည်ဆိုပါက ကမ္ဘာ့အလယ်တွင် ရောက်ရှိနေသော သူ့ တိုင်းပြည်၏ အနေအထားအဆင့်အတန်းကိုကြည့်ပြီး ထိတ်လန့်တကြား ဖြစ်သွားပါလိမ့်မည်။ မြန်မာနိုင်ငံနည်းတူ ဗြိတိသျှ တို့၏ ကိုလိုနီ ပြုခြင်းခံခဲ့ရသော အိန္ဒိယ၊ စင်္ကာပူ၊ မလေးရှားနိုင်ငံတို့ကို မနာလိုစိတ်နှင့်ပင် ကြည့်မိကောင်းကြည့်မိနိုင်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၁၀ နှစ်အကြာ ၁၉၅၇ ခုနှစ်တွင် ထိုစဉ်က မလေးယားဟုခေါ်သော မလေးရှားနိုင်ငံက လွတ်လပ်ရေး ကြေညာခဲ့ပါသည်။

၁၉၆၅ ခုနှစ်တွင် စင်္ကာပူနိုင်ငံကလည်း သီးခြားလွတ်လပ်ရေး ကြေညာခဲ့သည်။ ယခုမူ ထိုနှစ်နိုင်ငံစလုံးသည် အရှေ့တောင် အာရှ၏ စီးပွားရေးအတောင့်တင်းဆုံးနိုင်ငံများ ဖြစ်နေကြသည့်အပြင် တောက်ပသော အနာဂတ်ကိုလည်း ပိုင်ဆိုင်နေကြပြီ ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံသည်လည်း ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ ဖြစ်နေသည့်အပြင် မဟာအင်အားကြီးနိုင်ငံအဖြစ်သို့ တက်လှမ်းလာနေပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံမှာမူ ဒီမိုကရေစီလည်း ဆိတ်သုဉ်း၊ စီးပွားရေးလည်း ချွတ်ခြုံကျနေသည့် အပြင် တည်ငြိမ်မှုလည်း ပျက်ပြားခဲ့ပြီ ဖြစ်ပါသည်။

နေပြည်တော် တပ်မတော်နေ့ အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တွေ့ရစဉ်

ယနေ့တွင် မြန်မာပြည်သူများသည် ကိုယ့်ကိုယ်ကို မြန်မာနိုင်ငံသားဟု ဂုဏ်မယူလို ကြတော့ပါ။ မြန်မာနိုင်ငံတွင် ဆင်းရဲ မွဲတေမှု၊ နိုင်ငံရေးပဋိပက္ခများနှင့် စစ်အာဏာရှင်စနစ်တို့သာ လွှမ်းမိုးနေရာ ဤသို့ မခံယူလိုကြသည်ကိုလည်း နားလည် စာနာဖွယ် ရှိပါသည်။ မြန်မာနိုင်ငံသားတို့ စစ်အစိုးအရကို ဖြုတ်ချရန် ကြိုးပမ်းနေကြချိန်တွင် တချို့ နိုင်ငံကိုစွန့်ခွာ ထွက် သွားကြရပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် အပယ်ခံ နိုင်ငံဖြစ်ရုံမျှမက ဒုက္ခအပေးဆုံး ကလေးဆိုးနိုင်ငံတခု အဖြစ်လည်း ကမ္ဘာက မြင်နေကြပြီ ဖြစ်ပါသည်။

သူ့စစ်သင်္ဘောများနှင့်အတူ ဗိုလ်ချုပ်ကြီးပရင်ဒါဂါတ်စ် မန္တလေးသို့ရောက်လာကတည်းက မြန်မာနိုင်ငံ၏ လွတ်လပ်ရေး၊ ကြွယ်ဝမှုနှင့် အမှီအခိုကင်းမှုတို့ ငြင်းပယ်ခံခဲ့ရပြီး မြန်မာပြည်သူများ ဆုံးရှုံးနစ်နာခဲ့ရပါသည်။ ပထမတွင် နိုင်ငံခြားသား ကျူးကျော်သူများကြောင့်ဖြစ်ပြီး နောက်ပိုင်းတွင် ပြည်တွင်းမှ စစ်အာဏာရှင်အဆက်ဆက်တို့ကြောင့် ထိုသို့ ဖြစ်ခဲ့ရသည်။

အနှစ် ၆၀ လွန်မြောက်ခဲ့ပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင်းမှ အစစ်အမှန် လွတ်လပ်ရေးအတွက် တိုက်ပွဲကား မပြီးဆုံး သေးပါ။ စက်တင်ဘာအရေးအခင်းသည် မြန်မာနိုင်ငံ၏ ရှည်ကြာလှသော လွတ်လပ်ရေးတိုက်ပွဲကို ကြေညာမောင်းခတ် လိုက်ခြင်းဖြစ်သည့်အပြင် ကမ္ဘာ့အသိုင်းအ၀န်းကိုလည်း သူတို့ဆက်လက်တိုက်ပွဲဝင်သွားကြမည်ဖြစ်ကြောင်း နှိုးဆော်သတိ ပေးနေခြင်းလည်း ဖြစ်ပါသည်။ [Top]
၂၀၀၇ ခုနှစ် ဇန်နဝါရီလထုတ် ဧရာဝတီမဂ္ဂဇင်းမှ အောင်ဇော် ရေးသားသည့် Independence Lost ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

http://www.irrawaddy.org/bur/Articles2008/January/11.html

Posted in Labels: |

0 comments: