Sunday, January 13, 2008

Adobe Photoshop ဘယ်လို သုံးမလဲ?

လွယ်လွယ်လေးပါဗျာ Adobe Photoshop ထဲအရင်ဝင်ပေါ့ ကျတော် ပြောတာ မှားများသွားလား Photoshop ထဲလည်း ရောက်ရော ကျန်တဲ့ software တွေနဲ့ မတူတာက အလုပ်လုပ်မယ့် နေရာ မတွေ့တာပဲ Photoshop ဘာနဲ့ အလားသဏ္ဌာန်တူလဲဆိုတော့ ပန်ချီဆွဲတဲ့အခါ ကျတော်တို့ ဆွဲမယ့် canvas အရွယ်အစားအတိုင်း ဘောင်အရင် ကျပ်ထားရတဲ့ ပုံစံနဲ့ တူတယ်ဗျ ကဲ ကျတော်တို့ canvas အရွယ်အစားယူကြရအောင် ဘယ်ကနေ ယူမလဲ ဆိုတော့ File menu ထဲက New ကို ရွေးပေးပါ
အောက်မှာ ပြထားတဲ့ ပုံအတိုင်း New dialog box ပေါ်လာပါလိမ့်မယ်


Name ဆိုတဲ့နေရာမှာ ကျတော်တို့ ပေးချင်တဲ့ file name ကို ကြိုတင် ပေးထားလို့ရပါတယ်

Preset ဆိုတာကတော့ အသင့်လုပ်ထားပေးတဲ့ အရွယ်အစားနဲ့ resolution တွေ အဆင်သင့်ပါရှိတယ်
Preset တွေနဲ့ ကျတော်တို့ လုပ်မယ့် အရွယ်အစား မကိုက်ညီဘူး ဆိုရင်တော့
Width မှာ ကျတော်တို့ ဒီဇိုင်းလုပ်မယ့် canvas size ရဲ့ ဘယ်ညာ အကျယ်ကို ရိုက်ထည့်ပေးပါ
အဲ.. မေ့တော့မလို့ နောက်က Unit ကို အရင်ပြောင်းပြီးမှ ရိုက်ထည့်ပါ inches လား၊ cm လား၊ pixels လား ဆိုတာ အရင်ရွေးခိုင်းတာပါ press လုပ်မယ့်ပုံတွေ (စက္ကူတို့ vinyl တို့လို ပြင်ပ media တစ်ခုခုမှာ ပုံနှိပ်မယ့် ဒီဇိုင်းမျိုးတွေ) ဆိုရင်တော့ inches, cm, mm တို့နဲ့ တိုင်းတာကြပါမယ် pixels ကတော့ Monitor, TV တို့လိုမျိုးပေါ်မှာ တိုင်းတာဖို့အတွက် သုံးတာပါ ဥပမာ- web site အတွက် သုံးမယ့် ပုံတွေဆိုရင်တော့ pixel unit နဲ့ တိုင်းတာပါတယ်
Height မှာတော့ လိုချင်တဲ့ အထက်အောက် အမြင့်ကို ရိုက်ထည့်ပေးပါ

Resolution
TV, Monitor ပေါ်မှာပဲ ဖော်ပြမယ့် ပုံတွေ အတွက်ကတော့ 72 pixels/inch ထားရင်ရပါပြီ ပုံနှိပ်စက် သုံးပြီ ပုံနှိပ်မယ်၊ ကာလာပရင်တာနဲ့ ထုတ်မယ် ဆိုရင်တော့ 300 pixels/inch ရှိရပါမယ် outdoor vinyl printing လုပ်မယ်ဆိုရင်တော့ 72 pixels/inch ရှိရပါမယ် billboard လိုမျိုး ပုံအရွယ်အစား အရမ်းကြီးလို့ ကျတော်တို့ ကွန်ပျူတာက မနိုင်ဘူးဆိုရင် 30 pixels/inch လောက်အထိ လျော့ချ လို့ရပါတယ် ကျတော့် အတွေ့အကြုံအရ ပြောတာပါ

Color Mode - ကျတော်ကတော့ RGB (Red, Green, Blue) နဲ့ CMYK (Cyan, Magenta, Yellow, blacK) color mode ၂-မျိုးတည်းပဲသုံးပါတယ်
RGB ကိုတော့ Monitor & TV ပေါ်မှာပဲ ဖော်ပြတဲ့ ဒီဇိုင်းတွေမှာ သုံးပြီး CMYK ကိုတော့ အရာဝတ္တုတစ်ခုခုပေါ် ပုံနှိပ် (Press) ဖော်ပြမယ့် ဒီဇိုင်း လုပ်တဲ့အခါ သုံးပါတယ် ဒါပေမယ့် ချွင်းချက် တစ်ခုက ဓာတ်ပုံကူးတဲ့ စက်တွေနဲ့ ထုတ်မယ်ဆိုရင်တော့ RGB နဲ့ ဒီဇိုင်းလုပ်ပေးရပါတယ် မော်နီတာပေါ်မှာ RGB နဲ့ဒီဇိုင်းလုပ်ရင် အရောင်တွေက စိုပြေတောက်ပပြီး ကြည့်လို့ ကောင်းပေမယ့် colour printer နဲ့ထုတ်ရင် (သို့) ပုံနှိပ်စက်နဲ့ ရိုက်နှိပ်တဲ့အခါ အလွန် မွဲခြောက်တဲ့ အရောင်၊ အလွန်မှိုင်းတဲ့ အရောင်တွေ ဖြစ်တတ်တဲ့အတွက် ပုံနှိပ်တဲ့ နေရောမှာ သုံးမယ့် ဒီဇိုင်းလုပ်မယ်ဆိုရင်တော့ လုပ်ကတည်းကိုက CMYK နဲ့ လုပ်တာ အကောင်းဆုံးပါပဲ

Background Contents ကတော့ canvas စရဲ့ အရောင်ပါ
အဖြူရောင် ၊ Background color ၊ Transparent ထဲက တစ်ခုခု ရွေးလို့ရပါတယ် Background color ဆိုတာက toolbox မှာ ရွေးထားတဲ့ background အရောင်ကို ပြောတာပါ အောက်က ပုံမှာ ရှေ့က အဖြူရောင်က foreground color ဖြစ်ပြီး နောက်က အနီရောင်က background color ဖြစ်ပါတယ် ခုဒီအခြေအနေအတိုင်းမှာ Background color ကို ရွေးလိုက်ရင် ကျတော်တို့ အနီရောင်ပိတ်စနဲ့ လုပ်ထားတဲ့ canvas ကိုရမှာ ဖြစ်ပါတယ်

ဒါတွေ လုပ်ပြီးရင်တော့ OK button ကို click လုပ်လိုက်ပါ

ကျတော်တို့အတွက် ဘောင်ကြပ်ထားတဲ့ canvas ရပြီမို့ ဒီဇိုင်း စလုပ်လို့ရပါပြီ


စိတ်ပါတဲ့ အချိန်ကျရင် ဆက်လက်ချီတက်ပါ့မယ်

ခုရေးထားတာလေးက NativeMyanmar က ထုတ်ဝေတဲ့ ဇာတိနွယ် ဂျာနယ်မှာ ပါပြီးသားပါ...


Adobe Photoshop ဘယ်လို သုံးမလဲ ၁ နဲ့  ၂ ကိုပေါင်းစည်းလိုက်ပါတယ်

Adobe Photoshop ဘယ်လို သုံးမလဲ -၁ ကို မေလ (၄)ရက်နေ့က ရေးခဲ့သော်လည်း ဆက်မရေးဖြစ်ခဲ့ပါ... ဖိုတိုရှော့ သုံးတတ်သူများကလည်း လွယ်လွယ်လေးတွေ လာရေးပြနေတယ်... မောင်လှ ပညာပြနေတယ် ဆရာကြီး လုပ်နေသည်ဟု ထင်မှာ စိုးသောကြောင့် ဆက်မရေးဘဲ ရပ်ထားခဲ့သည်... အပျင်းကြီးမှုက အဓိက ဖြစ်ပေသည်... သို့သော်ငြားလည်း Photoshop ကို မည်သည့် အကြောင်းကြောင့် ဖြစ်ဖြစ် သင်တန်းမတက် နိုင်သူများအတွက် ရည်ရွယ်ပြီး ပြန်ရေးပါမည်... အများကြီး မရေးနိုင်ရင်တောင်မှ နည်းနည်းစီ ရေးသွားပေးပါမည်... ကျတော် စာပြန်သင်တဲ့ အချိန်ကျရင်လည်း မှတ်စု သဘောမျိုး ဖြစ်သွားအောင် ပြန်ရေး နေခြင်းလည်း ဖြစ်ပါသည်...

Tool တွေ အကြောင်း မစသေးဘဲ Layer အကြောင်း အရင် သွားရအောင် ခင်ဗျာ... ဘေးမှာပါတဲ့ ပုံက Layer palette ပုံပါ... မတွေ့ခဲ့ရင် Windows menu ထဲက Layers ကနေ ခေါ်ယူလို့ရပါတယ်... Layers ရဲ့ရှေ့မှာ အမှန်ခြစ် ရှိတယ် ဆိုရင်တော့ ခေါ်တင်ထားပြီးသားပါ... အဲဒါဆိုရင်တော့ ဖိုတိုရှော့ window ထဲမှာ တွေ့အောင် ရှာကြည့်ပါ...
Layers palette ရဲ့ အောက်ဆုံးမှာ ပါတဲ့ button လေးတွေအကြောင်း သွားရအောင်...

၁- လို့ညွှန်းထားတာက layer တွေကို ဖျက်ချင်တဲ့ အခါ သုံးပါတယ်...
ဖျက်ချင်တဲ့ လေယာကို select လုပ်ထားပြီး ဒီ button လေးကို နှိပ်လိုက်ရင် သက်ဆိုင်ရာ လေယာတွေ ပျက်သွားပါလိမ့်မယ်...

၂- က layer အသစ်လိုချင်တဲ့ အခါ သုံးပါ...

၃- layer group အသစ် တည်ဆောက်ဖို့အတွက် သုံးပါတယ်... layer တွေ အများကြီး ဖြစ်လာရင် သက်ဆိုင်ရာ လေယာ အစုအဝေးလေးတွေ တည်ဆောက် ချင်တယ်ဆိုရင် သုံးနိုင်ပါတယ်... ဥပမာ- header နဲ့ ပက်သတ်တဲ့ layer တွေဆို layer group တစ်ခုတည်းမှာ ထည့်ထားချင်းအားဖြင့် အလွယ်တကူနဲ့ ရှာနိုင်ပြီး ကြည့်ရတာလည်း ရှင်းပါတယ်...

၎- လေယာနဲ့ ပတ်သက်ပြီး အရောင်ချိန်ညှိတာ အရောင်တွေ ဖြည့်တာအတွက် သုံးနိုင်ပါတယ်...

၅- Layer mask ထည့်တာပါ... လေယာ တစ်ခုတည်းမှာ ရှိတဲ့ မလိုချင်တဲ့ အပိုင်းတွေကို မဖော်ပြစေချင်တဲ့ အခါ သုံးလို့ရပါတယ်... တကယ်ဖျက် လိုက်တာမဟုတ်ဘဲ မမြင်ရအောင် ကွယ်ထားပေးတာပါ... လိုအပ်လို့ ပြန်ဖော်ပြချင်တယ် ဆိုရင်လည်း ပြန်ဖော်ပြနိုင်ပါတယ်...

၆- လေယာတွေကို Layer Style (Effects) ထည့်ချင်တဲ့အခါ သုံးပါတယ်... စာလုံးတွေ ဖောင်းကြွဖြစ်အောင်လုပ်တာ၊ အရိပ်ချတာ စတာတွေ လုပ်လို့ရပါတယ်...

၇- Link Layers ပါ... လေယာတွေ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်တဲ့အခါ သုံးနိုင်ပါတယ်... layer တွေ တစ်ခုနဲ့ တစ်ခု ချိတ်ဆက် ထားခြင်း အားဖြင့် နေရာ ရွှေ့တဲ့အခါ၊ အရွယ်အစား ပြောင်းလဲမှုပြုလုပ်တဲ့အခါတိုင်း link လုပ်ထားတဲ့ လေယာများဟာ အတူတကွ အပြောင်းအလဲ ဖြစ်ပါတယ်...

Layers palette အကြောင်း မပြီးသေးပါဘူး... ဆက်ပါဦးမယ်...

ဤဆောင်းပါးပါ အချက်အလက်များကို စီးပွားရေးဆန်တဲ့ လုပ်ငန်းများမှာ ပြန်လည် အသုံးပြုမည်ဆိုပါက ကြိုတင် ခွင့်တောင်းကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။


http://blog.mghla.com
မှကူးယူဖော်ပြပါသည် ။

Posted in Labels: , |

0 comments: